အပြင်မှ တပေါက်ပေါက် အသံများကြောင့် ဖြူ အိပ်ယာမှ နိုးလာခဲ့သည်။ ခေါင်းရင်းမှ ပြတင်းတံခါးကို ဖွင့်လိုက် ၏။ ၀ိုး အပြင်မှာ မိုးရွာနေသည်ပဲ။ ကောင်းကင်မှ တစ်စက်ချင်းကျနေသော မိုးစက်မိုးမှုန်များက အခန်းနံရံတွင် တွယ်ကပ်နေသော တိုက်ကပ်ပန်းနွယ်ပေါ် ယီးလေးခိုနေကြသည်။ ပြတင်းဝတွင် လာထိနေသော ပန်းနွယ်များပေါ်မှ မိုးမှုန်များက တစ်စက်ချင်း ကျကာ အခန်းမှန်ပေါ် စီးကျနေသည်။ မိုးစက်များက ကဗျာဆန်စွာ ဖွဲဖွဲလေးကျနေခြင်းပင်။ ဝေ့ကနဲ တိုက်လာသော မိုးသက်လေကြောင့် ချမ်းစိမ့်စိမ့်ဖြစ်သွား၏။ အပေါ်မှ အနွေးထည် အပါးလေးကို ဆွဲ စေ့လိုက်ကာ ပြတင်းရှေ့ မှ ထွက်လာလိုက်သည်။
သမီးရေ မိုးရွာနေတယ် ဘယ်သွားမလို့ လဲ အမေဖြစ်သူ ဒေါ် အေးဖြူ၏စကားကြောင့် ဖြူမျက်နှာလေး ပြုံးလာကာ အဖြေ ပြန်ပေးလိုက်သည်။ ထုံးစံအတိုင်းလေမေမေ Rose Garden ကို ကော်ဖီသွားသောက်မလို့ ။
အမလေး သမီးရယ် ။ ကော်ဖီများ ဒီနေ့ မသောက်ရရင် နောက်နေ့ သောက်လို့ ရတာပဲ။ မိုးရွာနေတာပဲ သမီးရယ် ။မနက်ဖြန်မှ သွားပါလား ။ သမီးဖေဖေနိုးရင် မေမေ့ကို အဆူခံနေရမယ်။ မေမေကလည်း သမီးက တစ်နေ့ တစ်နေ့ ကော်ဖီမသောက်ဘဲ မနေနိုင်တာ သိသားနဲ့ ။ ဖေဖေမနိုးခင် ပြန်လာခဲ့မယ် နော်
သမီးဖြစ်သူ၏ စကားကြောင့် ဒေါ် အေးဖြူ သက်ပျင်းချကာ ခေါင်းငြိမ့်လိုက်မိသည်။ ဒါဆိုလည်းသွားသွား ။ မြန်မြန်တော့ပြန်လာခဲ့နော်။ ဟုတ်ဟုတ်မေမေ။ ထီးဆောင်းကာ မိုးရွာထဲ ထွက်သွားသော သမီးလုပ်သူ၏ ကျောပြင်ကို ချစ်ခင်စွာကြည့်ရင်း ဒေါ်အေးဖြူ မီးဖိုခန်းထဲဝင်လာခဲ့သည်။
Rose Garden က ဒေါ်အေးဖြူတို့ လမ်းထိပ်တွင် ရှိသောကြောင့် အိမ်နှင့်လည်းနီးသောကြောင့် ဖြူလေးကို လွှတ်လိုက်ခြင်းပင်။ ဒေါ်အေးဖြူကော သူ့ အဖေ ဦး အောင်ခန့် ကောက သမီးလေးကို အတော်ချစ်ရှာသည်။ တစ်ဦးတည်းမွေးထားသောကြောင့်လည်း ပို၍ အချစ်ပိုရသည်။ သမီးကို ငယ်ငယ်ကတည်းက ခုကျောင်းပြီးသွားသည်ထိ ဘာအလုပ်မှ မခိုင်း။ လိုရာမှန်သမျှ ဖြည့်ဆည်းပေးခဲ့သည်။ ကျောင်းသွားကျောင်းပြန်ကအစ အပို့ အကြိုလုပ်ကာ သမီးကို အစစအရာရာ ဂရုစိုက်ခဲ့သည်။ သမီးလေး ဖြူ့ ဘ၀က လိုတရ ဘ၀ပင်။ ဘ၀က ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေသော်လည်း ဖြောင့်သောလမ်းမရှိ ဆိုသည့်အတိုင်း ၀မ်းနည်းစရာ တစ်ခုတော့ရှိသည်။ ဖြူ့ တွင် နှလုံးရောဂါ ရှိနေခြင်းပင်။ ငယ်ငယ်ကတည်းက ဆေးများဖြင့် ဖြတ်သန်းလာခဲ့ရသည်။ နောက်နှစ်ထဲတော့ နိုင်ငံခြားသွားကုဖို့ ကိုအောင်ခန့် နှင့် တိုင်ပင်ထားသည်လေ။ ဒေါ်အေးဖြူ အဆင်ပြေချင်မိသည်။ သမီးလေးကို သနားလှပြီ။ သမီးမှာ ငယ်ငယ်ကတည်းက ခုချိန်ထိ အပေါင်းအသင်းပင်မရှိ။ ရောဂါသည်လေးမို့  ကျောင်းထဲထိ လိုက်ပို့ ကာ ဂရုစိုက်ရင်း သမီးက အိမ်မှ လူများနှင့်သာ အပေါင်းအသင်းများပြီး အပြင်လူ များနှင့် တဖြည်းဖြည်း ကင်းကွာသွားခြင်းပင်။ သမီးကလည်း တစ်ဦးတစ်ယောက်တည်း နေရတာကို ပိုနှစ်သက်လာသည်။ ဒေါ်အေးဖြူ တစ်ယောက် အတွေးနယ် ချဲ့ ရင်း ဟင်းအိုးကို ကောက် မွှေလိုက်လေသည်။
ဖိနပ် အောက်ခြေတွင် ကပ်နေသော သဲများကို ကောင်းကင် ခါထုတ်ပစ်လိုက်သည်။ မိုးရွာရွာတွင် အပြင်ထွက်ရသည်ကို ကောင်းကင်စိတ်ပျက်လှသည်။ မိုးကောင်းကင်ဆိုတာက အတော်ကို အသန့် အပြန့် ကြိုက်လှသည်လေ။ဖိနပ်တွင် သဲကပ်တာက အစ မကြိုက်။ အသန့် အပြန့် ကြိုက်သလောက် ရုပ်ချောသည်ဟုလည်း ကောင်းကင်ကိုယ့်ကို ကိုယ် ယုံကြည်သည်။ ကောင်းကင် ကျောင်းတက်တုန်းကဆို ကောင်းကင်ဘေးမှာ ကောင်မလေးတွေ ၀ိုင်းနေခဲ့သည်ပဲ။ မိန်းကလေးအများစု သဘောကျကြသောကြောင့် ကောင်းကင် ရည်းစားများခဲ့လားဆိုတော့ မဟုတ်။ကျောင်းသာ ပြီးသွားခဲ့သည်။ ရည်းစားတစ်ယောက်မှ မထားလိုက်ရ။ ကောင်းကင်အကြိုက်ကို မတွေ့ တာလည်းပါသည်။ ကိုယ့်ကိုကိုယ် ဘယ်ပုံစံကို ကြိုက်မှန်းမသိပေမယ့် သေချာခဲ့သည်။ ကောင်းကင်ဘေးက မိန်းမလှလေးတွေကို ရင်မခုန်ခဲ့မိ။ ရည်းစား မထားခဲ့သော်လည်း သူငယ်ချင်းမက ရည်းစားမကျများကတော့ များခဲ့သည်လေ။ ဒါကလည်း သူအလိုလို အဲလိုဖြစ်သွားခြင်းပင်။ ကောင်းကင်က စိတ်ထားကောင်း အပြောကောင်းလေ။ မိန်းကလေး သူငယ်ချင်းကလည်း များလှသည်။
Rose Garden
ရှေ့ တွင်ချိတ်ထားသော ဆိုင်းဘုတ်ကို ကြည့်ပီး ကောင်းကင် အလိုမကျစွာ မျက်မှောင် ကုပ်ပစ်လိုက်သည်။ သူငယ်ချင်းကျော်စွာ ချိန်းထားသော နေရာပင်။ ကျော်စွာခရီးသွားစရာရှိ၍ ကျော်စွာ လုပ်လက်စ စာရင်းများကို ကောင်းကင် လာယူခြင်းပင်။ ကောင်းကင်တို့ ရုံးက ရုံးခွဲမို့ လူနည်းလှသည်။ တစ်ယောက်ရုံးပျက်လျှင် တခြားတစ်ယောက်က သူ့ အလုပ်ကို တာဝန်ယူရသည်လေ။ ကျော်စွာကလည်း ဘာလို့ ကော်ဖီဆိုင်မှာ ချိန်းမှန်းမသိ။ တစ်ကယ်ဆို ကောင်းကင် ကော်ဖီမကြိုက်တာ သိသားနဲ့ ။ ပြီးတော့ ကော်ဖီဆိုင်မျိုးဆိုလျှင် ကောင်းကင်သိပ်မထိုင်ချင်။ ကိုယ်က ကော်ဖီမကြိုက်တာလည်းပါသည်။ ပြီးတော့ ကော်ဖီလေးတစ်ခွက်နှစ်ခွက်မှာပြီး ဆိုင်က ဖွင့်သော သီချင်းကို နားထောင်ကာ အေးစက်စက်ကြီး နေရသည်ကိုလည်း မနှစ်သက်လှ။ ကောင်းကင်က လူငယ်စိတ်မို့ ဆူဆူညံညံနေရာများ နေရသည်ကို ပိုခုံမင်လှသည်။
ကော်ဖီဆိုင်ထဲသို့ လှမ်းဝင်လိုက်ကာ မျက်လုံးဝေ့ပြီး ခုံရှာလိုက်သည်။ဆိုင်ထောင့် ခပ်ကျကျ နေရာတွင် ၀ိုင်းလွတ်တစ်လုံး။ ကောင်းကင်ထိုဝိုင်းဆီသို့ လျှောက်လာလိုက်သည်။ ထိုင်ခုံကို ၀င်ထိုင်လိုက်ပြီး black coffee တစ်ခွက်မှာကာ နာရီကြည့်လိုက်၏။ ဟိုကောင် ကျော်စွာ ခုထိ မလာသေး။ချပေးလာသော ကော်ဖီကို မနှစ်မြို့ စွာ တစ်ချက်ကြည့်ရင်း ကောင်းကင် ဟိုဟိုသည်သည် ကြည့်လိုက်မိသည်။
ကောင်းကင်ညာဘက်ခြမ်းတွင် အသက်၄၀အရွယ် လူကြီး ၃ဦး စီးပွားရေး အကြောင်းများ ဆွေးနွေးနေကြသည်။ ဘယ်ဘက်တွင်တော့ အန်တီ၀၀ကြီး ၂ယောက်။ မဂ္ဂဇင်း တစ်အုပ်ကို လှန်ကာ အသဲအသန် ငြင်းခုန်နေကြသည်။ ကောင်းကင်ရှေ့ တည့်တည့် ၀ိုင်းတွင်တော့ မိန်းကလေးတစ်ဦး။ ယောက်ကျာ်းလေးဖြစ်နေသည်က တစ်ကြောင်း လောလောဆယ် အားနေသည်ကတစ်ကြောင်းမို့ ကောင်းကင်အကြည့်များကို ထိုမိန်းကလေးဆီတွင် ရပ်တန့် လိုက်သည်။
ထိုမိန်းကလေးက အပေါ်တွင် တီရှပ် အဖြူဝတ်ထားပြီး အောက်က အိမ်နေရင်း ဘောင်းဘီရှည် အနက်စင်း ပွပွကို ၀တ်ထားသည်။ အသားတော်တော်လေးဖြူသည်။ မျက်နှာဝိုင်းပြီး ဆံပင်ပခုံးကျော်ရုံလေးကို ဆေးအညိုရောင် ဆိုးထားပုံပေါ်သည်။ နှာတံပေါ်ကာ မျက်ခုံးပါးပါး မျက်လုံးတောက်တောက်လေးများ ဖြင့် ပါးလျလျ နှုတ်ခမ်းများက သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး လိုက်ငြီးနေသည်။
"မနက်ခင်းလေးရဲ့ အလင်းလိုကွယ်
နွေးထွေးခြင်းတွေ ပေးတယ်
အတူတူ မျက်နှာချင်းလေးဆိုင် ဒို့ ထိုင်ရင်း
ပျော်ရွှင်ကြည်နူးကြတာ မှတ်မိလား
ကော်ဖီဟာလေ ပိုပြီးတော့ချို
အခုတော့ ဒို့ တစ်ယောက်တည်းးးးးး"
သူလိုက်ဆိုနေသည်က ဆိုင်မှ ဖွင့်ထားသော ရတနာဦး၏ ကော်ဖီသောက်တိုင်း လွမ်းတယ် သီချင်းပင်။ ထိုသီချင်းကို ကောင်းကင်လည်း ကြိုက်သည်။ သို့ သော် ကောင်းကင်တစ်ချက်ပြုံးလိုက် ၏။ ထိုသီချင်းထဲက ကောင်လေးက ကော်ဖီကြိုက်သည်တဲ့လေ။ ကောင်းကင်က ကော်ဖီမကြိုက်။ ကော်ဖီကို မနှစ်သက်သော်လည်း သီချင်းကိုတော့ ခံစားလို့ ရသည်ပဲလေ။ တစ်ကန့် စီကို။
အရှေ့ မှမိန်းကလေးကို ကြည့်နေရင်း လှလှ လာသည်ဟု ထင်မိသည်။ စကြည့်ကာစက မလှ။ ချစ်စရာလေးဟုတော့ အတွေးဝင်မိသည်။ ခုကြည့်ရင်းကြည့်ရင်း သူမပုံစံက အေးချမ်းလှသည်။ မျက်လုံးများကို မှိတ်ကာ သီချင်းကို လိုက်ငြီးနေသော သူမကို ကြည့်ရင်း ကောင်းကင် စိတ်လှုပ်ရှားလာမိသည်။ ဘလိုဖြစ်တာပါလိမ့်။ ဒိထက်လှတာတွေ တွေ့ ဖူးသားပဲ။ ခုကြမှ ရင်ခုန်လာသလိုလို။ သူမက မျက်လုံးဖွင့်ကာ ကော်ဖီတစ်ဂျိုက် မော့သောက်လိုက်သည်။ သူမပုံစံကြည့်ရတာ ကော်ဖီကို အတော်ကြိုက်ပုံရသည်။ တဖြည်းဖြည်း အရသာ ခံပီး သောက်နေခြင်းပင်။
ခွက်ထဲမှလက်ကျန်ကော်ဖီကို မော့ချကာ သူမထိုင်ခုံမှ ထလိုက်သည်။
"ကော်ဖီကြိုက်တဲ့ အချစ်ရေခုတော့ မင်းဘယ်မလဲ"
ပျံ့ လွင့်နေသော သီချင်းသံနှင့်အတူ ဆိုင်ထဲမှ ထွက်ခွါသွားသော သူမ ကျောပြင်ကို ကြည့်ကာ ကောင်းကင် ရင်ထဲမှ တစ်စုံတစ်ခု ကျပျောက်သွားသလို ခံစားလိုက်ရသည်။ သူမထွက်သွားပြီး ခဏနေတော့ ကျော်စွာ ရောက်လာလေသည်။ ရှင်းစရာ စာရင်းများရှင်းပြီး နှစ်ယောက်သား ကော်ဖီဆိုင်ထဲမှ ထွက်ကာ လမ်းခွဲလိုက်ကြသည်။ ကောင်းကင် မသောက်ဖြစ်လိုက်သော ကော်ဖီခွက်ကလေးက လက်ရာ မပျက် ကျန်နေခဲ့လေ၏။
ဇာတ်သိမ်းပိုင်းမျှော်
MSC-172
Photos credit- google image
Author-Soe Tha Khin