Let kindness enter our mind once in a while ! | Myanmar

Words
262
Reading
2 min
Listen
Play
8y

ဒေါ်ကပ်စေးဟာ နာမည်နဲ့အတော်လိုက်တဲ့သူပါ ... တစ်ပြားကို နှစ်ပြားခွာပြီး သုံးသလို ဘာပဲဝယ်ဝယ် ဈေးဆစ်လိုက်ရမှ ... သူ့ပစ္စည်းဆိုရင် အပ်တိုတစ်ချောင်းတောင်မှ အဆုံးရှုံးမခံပါဘူး ... ခြံထဲက သရက်ပင် မာလကာပင်တွေကိုလည်း အသီးဘယ်လောက်သီးသီး ဘယ်သူမှ ဝင်ခူးခွင့်မပေးပါဘူး ... တစ်ကိုယ်တည်းသမား သူ့အတွက် လိုတာထက် ပိုလျှံနေတာကြောင့် ကျီးထိုး ငှက်ထိုးဖြစ်ပြီး ပျက်စီးတာက ပိုများပါတယ် ... သူက ငှက်တွေကို ကပ်စေးနဲလို့ မရတာကြောင့်သာ ကြည့်နေတာ ... ကပ်စေးနဲလို့ ရရင် နည်းဦးမှာ ...

တစ်နေ့ ဒေါ်ကပ်စေး အိပ်ရာထဲ လဲပါတော့တယ် ... ဟင်းခုတ်ရင်း လက်ဓားရှရာကနေ အနာရင်းပြီး အဖျားဝင်တာပါ ... ဒေါ်ကပ်စေးတို့ရိုးရာအတိုင်း မန်းဆေးလေးသောက်လိုက် ချွေးလေး ထုတ်လိုက် လုပ်ပေမယ့် မသက်သာပါဘူး ... ဆရာဝန်ပြရင် ပျောက်မှာ ဖြစ်ပေမယ့် တစ်နေ့တစ်ရက်မဟုတ်ဘဲ ထပ်ထပ်ပြနေရမှာ စိုးရိမ်စိတ်နဲ့ ပေတေနေပါတယ် ... ဖျားနေတဲ့အပြင် အနေအထိုင်ကလည်း မဆင်ခြင်တော့ တော်ရုံမပျောက်တော့ပါဘူး ... နောက်ဆုံး ကိုယ့်ကိုယ်ကို ဘယ်လိုမှ မဟန်နိုင်တော့ဘဲ ဘုန်းဘုန်းလဲတာပါ ...


source


ဖိုးစူတို့ သူငယ်ချင်းတစ်သိုက်က ဒေါ်ကပ်စေးရဲ့ခြံထဲက သရက်သီးတွေကို မျက်စိကျနေတာ ကြာပါပြီ ... ဒေါ်ကပ်စေးလစ်တဲ့အခါ သရက်သီးအကြွေတွေ ဝင်ကောက်မြဲပါ ... ဒေါ်ကပ်စေးက အသက်ကြီးနေတာကြောင့် သရက်သီးတွေ မခူးနိုင်ဘဲ ကြွေတာကိုပဲ စားပါတယ် ... ဒါပေမဲ့ တစ်ယောက်တည်းသမားဆိုတော့ အကုန်မစားနိုင်ပါဘူး ... သူ မစားချင်တာတွေကို ဒီအတိုင်း ပုံပြီးထားတာကြောင့် ကလေးတွေက ဒေါ်ကပ်စီးကို ကြောက်ပေမယ့် အလစ်ချောင်းပြီး ဝင်ကောက်လေ့ရှိပါတယ် ...

ဒီနေ့လည်း ဖိုးစူနဲ့ ချက်ကြီးတို့နှစ်ယောက် ဒေါ်ကပ်စေးရဲ့ခြံထဲကို ခိုးဝင်လာပါတယ် ... ဒေါ်ကပ်စေး ရှိ မရှိ အကဲခတ်ရအောင် သူ့ရဲ့တဲနံဘေးကပ်ပြီး ထရံပေါက်ကနေ ခြောင်းကြည့်ပါတယ်။ ဒီတစ်ခါတော့ မျက်နှာရှစ်ခေါက်ချိုးနဲ့ ဒေါ်ကပ်စေးကို မတွေ့တော့ဘဲ ကယောင်ကတန်းနဲ့ ငြီးတွားနေတဲ့ သနားစရာ အမယ်ကြီးကိုသာ တွေ့ပါတော့တယ်။

"ဖိုးစူ ... အခြေအနေတော့ ကောင်းနေပြီ ... အဖွားကြီး မထနိုင်အောင် ဖျားနေတာ ... ငါတို့ အေးဆေး သရက်သီးကောက်လို့ရတယ်"

ချက်ကြီးက ဝမ်းသာအားရပြောပြီး သရက်ပင်အောက် ပြေးသွားပါတယ်

"နေဦး ... ချက်ကြီး ... သူ ဖြစ်နေပုံက ဟိုတစ်ခါ ငါ့အဖွားဖြစ်ပုံနဲ့အတူတူပဲ ... ငါ့အဖွားတုန်းက ဆရာဝန်အမြန်ပင့်လိုက်ရတာ ... ဆရာဝန်ကပြောတယ် ... ဆေးဦးလို့ သူ အသက်ရှင်တာတဲ့ သူ့ကို ခေါ်တာ နောက်ကျရင် ကယ်နိုင်မှာ မဟုတ်ဘူးတဲ့ ... သရက်သီးက နောက်မှ ပြန်လာကောက်လို့ ရတာပဲ ... လူကြီးတွေကို ပြေးပြောလိုက်ရအောင်"

"ဟာကွာ ... တခြားလူတွေပါ ရောက်လာရင် ငါတို့ သရက်သီးအများကြီးရမှာ မဟုတ်တော့ဘူး"

"ချက်ကြီးကလည်းကွာ ... သရက်သီးကို မင်း ဘယ်လောက်စားနိုင်လို့လဲ ... ငါတို့ဗိုက်အဝစားဖို့တော့ ကျန်မှာပါ"

နောက်ဆုံးတော့ ချက်ကြီးလည်း သဘောတူလိုက်ပြီး နှစ်ယောက်သား ရပ်ကွက်လူကြီးကို ပြေးအကြောင်းကြားပါတယ်။

ဆရာဝန်ကိုပင့်ပြီး ဆေးကုသပေးတာကြောင့် မကြာခင်မှာပဲ ဒေါ်ကပ်စေး သက်သာသွားပါတယ်။


source


သေမင်းနဲ့စစ်ခင်းပြီးတဲ့နောက်မှာတော့ ဒေါ်ကပ်စေးလည်း အသိတရားတစ်ခုရလာပါတယ်။

သူသေသွားရင် သူပိုင်ဆိုင်သမျှတွေကို ထားခဲ့ရမယ်။ မသေခင် မစားရက် မသောက်ရက် ကပ်စေးနဲနေတာက မှားယွင်းနေတယ်။ ပြီးတေ့ သူ အခု အသက်ပြန်ရှင်လာတာက သူအမြင်ကပ်နေတဲ့ ကလေးတွေကြောင့်ပါ။

အခုတော့ ဒေါ်ကပ်စေးရဲ့ခြံကျယ်ကြီးဟာ ကလေးတွေရဲ့ ကစားကွင်းဖြစ်လာပါပြီ။ အသီးအနှံတွေကိုလည်း စိတ်ကြိုက်ခူးဆွတ်စားသုံးနိုင်ပါတယ်။ နဂိုတုန်းက မလှဲကျင်းနိုင်တဲ့ အသီးကြွေတွေ အသီးပုပ်တွေ သစ်ရွက်ခြောက်တွေဟာလည်း ကလေးတွေရဲ့ စုပေါင်းလုပ်အားကြောင့် ရှင်းလင်းသွားပါပြီ။ အဖွားဒေါ်ကပ်စေးရဲ့မျက်နှာကလည်း ကြည်လင်အေးချမ်းနေပါပြီ။

အခု ချက်ကြီးဟာ စိတ်ကောင်းထားခြင်းအကျိုးကို နားလည်သွားပါပြီ။ စိတ်စေတနာကောင်းကို မွေးမြူပြီး မိမိတတ်နိုင်သမျှ ကူညီပေးတတ်သွားပါပြီ။


သင်ခန်းစာ

ဆုပ်ကိုင်ထားတာတွေဟာ ပြည့်လျှံလာတဲ့အခါ ပင်ပန်းလာပါတယ်။ လွှတ်သာချလိုက်ပါ။ လက်ဗလာရှိမှသာ နောက်ထပ်ဆုပ်ကိုင်နိုင်မှာပါ ...


sawlwin@sawlwin

MSC 176

Let kindness enter our mind once in a while ! | Myanmar | Ecency