သမီးလေးအတွက် မေမေ့ရဲ့ ကြိုးစားအားထုတ်မှုလေးများ

Words
401
Reading
2 min
Listen
Play
9y

Steemit မှ အစ်ကို အစ်မများအားလုံး မင်္ဂလာပါလို့ ကျမစန္ဒီမှ ဦးစွာနှုတ်ဆက်ပါတယ်ရှင့်။အစ်ကို အစ်မတွေ သိကြတဲ့အတိုင်း စန္ဒီ့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို ထိန်းကျောင်းရင်းနဲ့ဘဲ အားလပ်ချိန်လေးတွေမှာ ကြိုးစားပြီး ဆောင်းပါးလေးတွေကို ရေးသားလာခဲ့တာ အခုဆိုရင် ရက်သတ္တပါတ်တွေ တော်တော်များများကိုလည်း ကျော်ဖြတ်ရေးသားခဲ့ပြီးပါပြီ။သမီးလေးရဲ့မေမေတစ်ယောက်ဖြစ်တဲ့အလျောက် ဆောင်းပါးတော်တော်များများမှာလည်း ပညာရေး ကျန်းမာရေးနဲ့ ပါတ်သက်တဲ့ အကြောင်းအရာလေးတွေကိုသာ ဦးစားပေး ရေးသားဖြစ်ခဲ့တာလည်း အစ်ကိုအစ်မတွေအားလုံး သတိထားမိကြမယ် ထင်ပါတယ်။ရှေ့လာမယ့် ၁၈ရက်နေ့ဆိုရင် စန္ဒီတို့ရဲ့သမီးလေးဟာ ၆လပြည့်တော့မှာလည်း ဖြစ်ပါတယ်။ဒါ့ကြောင့် ဒီအပါတ်စဉ်ဆောင်းပါးလေးမှာတော့ စန္ဒီက အစ်ကိုအစ်မတွေအားလုံးကို သမီးလေးခြောက်လပြည့်ချိန်မှာ ကျွေးရမယ့် ဖြည့်စွက်စာလေးတွေအတွက် လေ့လာပြင်ဆင်ထားပုံလေးတွေ,၆လပြည့်ချိန်မှာ သမီးလေး အဆင်ပြေစွာ ဖြည့်စွက်စာကို စားတတ်စေဖို့ သမီးလေးအသက် ၄လနဲ့၆လကြားမှာ အလျဉ်းသင့်ရင်သင့်သလို သမီးလေးအရွယ်နဲ့ ညီမျှတဲ့,သမီးလေး စားဝင်နိုင်စေမယ့် အစားအစာလေးတွေကို ပြင်ဆင်ချက်ပြုတ်ပြီး ကျွေးမွေးခဲ့ပုံလေးတွေကို ပုံလေးတွေနဲ့တကွ နောင်တစ်ချိန်မှာ မလွဲမသွေ မိဘနေရာ ရောက်လာကြမယ့် အစ်ကိုအစ်မတွေအတွက် တစ်ထောင့်တစ်နေရာမှ အကူအညီရစေနိုင်ရန် ရည်ရွယ်ချက်လေးနဲ့ ပြန်ပြီး sharing လုပ်ခြင်ပါတယ်။

ဖြည့်စွက်စာလို့မပြောခင်မှာ ဖြည့်စွက်စာရဲ့အဓိပ္ပါယ်လေးကို ဦးစွာ ရှင်းပြပါရစေ။ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က လူကြီးတွေတော်တော်များများက မွေးကာစ ကလေးငယ်လေးတွေကိုတောင် ထမင်းတွေအတင်းခွံ့ပြီး နို့တိုက်ရသက်သာစေဖို့,မြန်မြန်သန်မာဖို့,ဖွံ့ဖွံ့ထွားထွားကြီးဖြစ်စေခြင်လို့ အစရှိတဲ့ ရည်ရွယ်ချက်ပေါင်း သောင်းခြောက်ထောင်နဲ့ ရှေးရိုးစွဲ လုပ်ဆောင်ချက်တွေအတိုင်း အခုအချိန်ထိ ပြုမူနေကြတာကို တွေ့မြင်နေရလို့ပါ။လုံးဝ မှားယွင်းပါတယ်။ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကသာ ကလေးကို အဟာရဓါတ် လုံလုံလောက်လောက် ပေးနိုင်တာပါ။ရေဓါတ်ဆိုတာလည်း မိခင်နို့ကသာ အပြည့်အဝပေးစွမ်းနိုင်တာပါ။မိခင်သာ အဟာရပြည့်ဝအောင် မီးတွင်းထဲမှာတည်းက ကလေးကြီးတဲ့အထိ အသား ငါး အသီးအရွက် ပဲ နို့ အသီးအနှံ အစရှိတဲ့အစားအစာတွေသာ ဂရုတစိုက်စားသောက်ပေးဖို့သာ လိုအပ်ပါတယ်။ကလေး အီးအီးပါမှာ,လေအောင့်မှာတွေ,သူငယ်နာဖြစ်မှာတွေကို တလွဲစိုးရိမ်ပြီး ရှေးတုန်းကလို အစားတွေရှောင်ပြီး ငါးခြောက်ဖုတ်နဲ့ ဟင်းချို ,ကြက်သားကြော်နဲ့ ဟင်းချိုသာ စားနေမယ်ဆိုရင်တော့ ကလေးလည်း တရှောင်ရှောင်ဖြစ်နေမယ့်အပြင် အဟာရဓါတ်တွေ B1ဓါတ်တွေ ချို့တဲ့ပြီး အစားရှောင်နေကြတဲ့ အဲ့ဒီ့လူကြီးတွေစိုးရိမ်နေကြတဲ့ Beri Beriရောဂါ ခေါ် သူငယ်နာဆိုတာ ဖြစ်လာတော့မှာပါ။

ဒါ့ကြောင့် ဖြည့်စွက်စာအကြောင်းမပြောခင်မှာ နို့တိုက်မိခင်တွေ ပုံစံခွက်ထဲမှာဘဲနေကြပြီး ခလေးမွေးပြီးတာနဲ့ ဟိုဟာရှောင် ဒီဟာရှောင်လုပ်မနေကြဖို့ကို အရင် တိုက်တွန်းခြင်ပါတယ်။အကုန်စားရမယ်ဆိုတာကလည်း အဟာရတန်ဖိုးရှိတဲ့ အစားအစာတွေကိုဘဲ ဆိုလိုခြင်တာပါ။ရေခဲချောင်းတွေ ဆီးထုတ်တွေကို မဆိုလိုပါဘူး။ကိုယ်ဝန်စရှိတည်းက ကလေးအရွယ်ရောက်တဲ့အထိ ကလေးရော အမေပါအဟာရဖြစ်စေမယ့် အစားအစာလေးတွေ စားသောက်ပေးသင့်ပါတယ်။ချဉ်ခြင်းတက်တယ်ဆိုပြီး အငန်အစပ်တွေကို အလွန်အကျူးမစားသင့်ပါဘူး။ဒီကမေမေတွေ တော်တော်များများက ပေါက်ကရအစားအစာတွေ ချဉ်ခြင်းတက်တာကိုလည်း ဂုဏ်ယူတတ်ကြပါတယ်။ဒါကတော့ ရှိတတ်ပါတယ်။အပြစ်ပြောလို့တော့ မရပါဘူး။စန္ဒီ့တုန်းကတော့ ရှင်းတယ်။ကိုယ်ကိုယ်တိုင်လည်း အကောင်းကြိုက် သမီးလေးကလည်းအကောင်းကြိုက်မယ့်သဘောလားတော့ မသိဘူး ကောင်းပေ့ညွန့်ပေ့အစားအစာ တွေကိုဘဲချဉ်ခြင်းတက်တယ်။ဇီးထုတ်တွေ ငံပြာရည်တွေဆို အနံ့ခံလို့တောင်မရဘူး။ဒါက ကြုံတုန်းပြောပြတာပါ။နောက်မှ ကိုယ်ဝန်ဆောင်တုန်းက ပြင်ဆင်နေထိုင်ပုံလေးတွေကို ထပ်ပြီး sharingလုပ်ပေးပါ့မယ်။ပြောခြင်တာကလေ စန္ဒီကိုယ်တိုင်လည်း မေမေဖြစ်တော့မယ်ဆိုတည်းက လက်လှမ်းမီသမျှ ကျန်းမာရေးစာအုပ်တွေ ဆောင်းပါးတွေကို ဖတ်ခဲ့တဲ့အတွက် ကလေးမွေးပြီးတဲ့အချိန်မှာလည်း ကလေးအတွက်ရော ကိုယ့်အတွက်ပါ အဟာရရှိအောင် စားသောက်နေထိုင်ခဲ့လို့ မနက်ဖြန် သဘက်ခါ ခြောက်လပြည့်တော့မယ့် အခုအချိန်ထိ သမီးလေးဖျားနာလို့ဆိုပြီး ဆေးတစ်လုံးတောင် မတိုက်ခဲ့ရဖူးပါဘူး။ရပ်ကွက်ထဲက ကလေးငါးယောက်မွေးဖူးတဲ့ တစ်ကြံတစ်ကျပ်တွေရဲ့ စကားတွေကိုဘဲအားကိုးပြီး စကားမပြောတတ်,မငြင်းဆန်တတ်သေးတဲ့ ကလေးတွေအပေါ်မှာ မှားယွင်းတဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးမိစေဖို့လည်း တိုက်တွန်းခြင်ပါတယ်။

၂၀၀၄ခုနှစ်တုန်းက WHOရဲ့အတည်ပြုချက်အရ ကလေးအသက် ၄လနဲ့၆လကြားမှာ ကလေးကဖြည့်စွက်စာစားဖို့ အဆင်သင့်ဖြစ်တဲ့ လက္ခဏာတွေပြရင် အစာမျိုချဖို့ ခေါင်းမတ်နိုင်ပြီဆိုင် ဖြည့်စွက်စာကို စမ်းကျွေးကြည့်ကြဖို့ အကြံပေးတာထားကို လေ့လာဖူးပါတယ်။သို့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကလေးတစ်ယောက်နဲ့တစ်ယောက်မတူနိုင်တာမို့ ကလေးအားလုံး အစာမျိုချဖို့အဆင်ပြေနိုင်စေမယ့် ၆လအရွယ်မှသာ ကျွေးကြဖို့ အတည်ပြုခဲ့ကြပါတယ်။ဖြည့်စွက်စာ ကျွေးတယ်ဆိုတာကလည်း ကလေးတစ်နှစ်ကျော် အရွယ်ရောက်တဲ့အခါ အိမ်သားတွေစားသလို စားနိုင်တဲ့ အကျင့်လေးရအောင်,မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့လို့ ဖြည့်စွက်အဟာရရအောင်သာ ကျွေးရတာဖြစ်လို့ ကလေးတွေကို ဖြည့်စွက်စာကျွေးတယ်ဆိုပြီး နို့ဆက်မတိုက်တော့တာမျိုးလည်း မလုပ်သင့်ပါဘူး။ကလေးလိုအပ်တဲ့ အဟာရဓါတ်နဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုတွေဟာ မိခင်နို့ကသာ အဓိကရတာမို့ ကလေးဆာတိုင်း တိုက်ကျွေးသင့်ပါတယ်။

၎လနဲ့၆လကြားမှာ စမ်းကျွေးမယ်ဆိုရင်တော့ ကလေးကငယ်သေးတဲ့အတွက် ထမင်းဆိုရင်အစာမကြေနိုင်သေးတာမို့ အသီးအနှံလေးတွေကို ကြိတ်ချေပြီး pureeသဘောမျိုးလုပ်ကျွေးသင့်ပါတယ်။"ဖြည့်စွက်စာအစ pureeက"ဆိုသလို ကလေး ၄လနဲ့၆လကြားမှာ ကျွေးဖို့သင့်တဲ့အသီးအနှံလေးတွေဖြစ်တဲ့ ပန်းသီး ငှက်ပြောသီး ထောပတ်သီး ရွှေဖရုံသီး စတာတွေကို နူးအိသွားအောင်ပေါင်းပြီး blenderလေးနဲ့ ပြန်ကျိတ်ပြီး စစခြင်းကျွေးခါစမှာ မိခင်နို့သာသာ ကျဲကျဲလေးကျွေးသင့်ပါတယ်။ဒီမှာတစ်ခုဖြတ်ပြောခြင်တာကတော့ ဘယ်လိုအခြေအနေဘဲဖြစ်နေပါစေ ကလေးကိုဘယ်တော့မှဝါးမကျွေးဖို့တောင်းဆိုခြင်ပါတယ်။အခုခေတ်မှာ အစာအစာလေးတွေပျော့ပြဲသွားအောင်ကူညီပေးမယ့် ပစ္စည်းလေးတွေလည်း ပေါ်ပေါက်လာပါပြီ။ကြွေပေါင်းအိုးတွေ blenderတွေဝ
ကြွေပေါင်းအိုးတွေ blenderတွေဝယ်ဖို့အတွက် ခက်ခဲနေမယ်ဆိုရင် တခြားနည်းလမ်းလေးတွေအများကြီးရှိပါသေးတယ်။ကြွေပေါင်းအိုးအစား ဒန်အိုးလေးထဲကိုရေဖြည့်ပြီး ကိုယ်ပေါင်းမယ့် အသီးအနှံ အသားငါးလေးတွေကို ပန်းကန်လုံးလေးထဲထည့်ကာ ဒန်အိုးထဲထည့်ပေါင်းလို့ရနိုင်ပါတယ်။ကျေညက်အောင်လုပ်ဖို့ဆိုရင် ဇကာအသေးလေးထဲထည့်ပြီး ဇွန်းလေးနဲ့ချေပြီးလုပ်နိုင်ပါတယ်။ပိတ်စတွေနဲ့တိုက်ပြီး အစားအစာတွေကို မချေဖို့လည်းတားမြစ်ခြင်ပါတယ်။မမြင်နိုင်တဲ့ ပိုးမွှားတွေက ပိတ်စမှာရှိနေနိုင်လို့ပါ။နောက်တစ်ခုအကြံပေးခြင်တာက ကလေးထိုင်နိုင်ပြီဆိုရင် ကလေးထမင်းစားခုံသီးသန့်လေးနဲ့ ကလေးကိုမျက်လုံးခြင်းဆုံပြီး စနစ်တကျလေးကျွေးသွားမယ်ဆိုရင် နောင်တစ်ချိန်မှာ ကလေးထမင်းမစားလို့ လမ်းမပေါ်ထွက်ကျွေးရတာတို့ TVကြည့်ရင်း ကစားနေရင်း ထမင်းလိုက်ခွံ့ကျွေးရတာတို့ဆိုတဲ့ ဒုက္ခတွေတွေမှလည်း ရှောင်ရှားပြီးသားဖြစ်စေနိုင်ပါတယ်။

ခြောက်လပြည့်ပြီဆိုမှသာ အသားပြုတ်ရည် ငါးပြုတ်ရေလေးတွေထဲကို ဆန်နဲ့ ဝါ စိမ်း နီ အသီးအနှံတစ်မျိုးမျိုးရောထည့် ပြီး မပျစ်မကျဲဆန်ပြုတ်ပုံစံလေးတွေ,ကလေးစားဝင်မယ့် အဟာရရှိစေနိုင်မယ့် အစားအစာလေးတွေကို ကိုယ်ဥာဏ်ရှိရင်ရှိသလို ကလေးမရိုးရအောင် အမျိုးမျိုး ပြင်ဆင်ချက်ပြုတ်ကျွေးနိုင်ပါတယ်။မိခင်နို့ကိုတော့ အနည်းဆုံးကလေးအသက်နှစ်နှစ်လောက်ထိ တိုက်သင့်ပါတယ်။ကလေးအသက်တစ်နှစ်မပြည့်ခင်ထိ နွားနို့လုံးဝမတိုက်သင့်ပါဘူးနော်။နွားနို့မှာပါတဲ့ အလွယ်တကူမသေနိုင်တဲ့ ဘက်တီးရီးယားတွေကို နုနယ်လွန်းတဲ့ ကလေးရဲ့ကလီစာလေးတွေက မခုခံနိုင်သေးလို့ပါ။အောက်မှာ စန္ဒီပြထားတဲ့ပုံလေးတွေကတော့ သမီးလေးအသက် ၆လမပြည့်ခင်စမ်းကျွေးထားတဲ့ အစားအစာလေးတွေပါ။ပန်းသီး ပန်းဂေါ်ဖီစိမ်းနဲ့ ရွှေဖယုံသီးလေးတွေကို pureeလုပ်ထားတာပါ။ထမင်းရည်လေးတွေကိုလည်း အလျဉ်းသင့်သလို ထည့်တိုက်ပါတယ်။ခြောက်လမပြည့်သေးတဲ့အတွက် ထမင်းတွေ အသားငါးအရွက်တွေရောပြီး အပျစ်ချက်တဲ့ ပုံစံကြီးတွေ မကျွေးသေးပါဘူး။အသီးအနှံတစ်မျိုးခြင်းစီကိုဘဲ သမီးလေးနဲ့တည့်မတည့်သိရအောင် စမ်းပြီးကျွေးပါတယ်။ပန်းသီး ငှက်ပျောသီး မုန်လာဥနီ ပျောင်းဖူး ပန်းဂေါ်ဖီစိမ်း ရွှေဖယုံသီး စတဲ့ အသီးလေးတွေကို ရေစင်အောင်ဆေး, ကြွေပေါင်းအိုးလေးနဲ့ နူးအိနေအောင်ပေါင်းပြီး blenderလေးနဲ့ ပြန်ကြိတ်,စားခါနီးမှ အရသာရှိအောင် formulaနို့မှုန့်လေးထည့်ပြီးကျွေးပါတယ်။Full cream milk powderတွေက တစ်နှစ်အောက်ကလေးတွေကိုကျွေးရင် နောင်တစ်ချိန်မှာ ဆီးချို သွေးတိုးတွေဖြစ်စေနိုင်လို့ သူတို့လေးတွေအတွက် အတိအကျထုတ်လုပ်ထားတဲ့ formula နို့မှုန့်တစ်မျိုးဘဲ ကျွေးသင့်ပါတယ်။ဆားတွေ သကြားတွေကိုလည်း တစ်နှစ်အောက်ကလေးတွေကို လုံးဝထည့်မကျွေးသင့်ပါဘူး။ပေါင်းတဲ့အခါမှာလည်း အသီးအနှံအသားငါးလေးတွေကို အရသာတွေ အဟာရဓါတ်တွေမပြယ်ဘဲ နူးအိသွားအောင်လို့ စန္ဒီကတော့ ကြွေပေါင်းအိုးဘဲ သုံးပါတယ်။
received_334286653716317.jpeg
ကလေးတွေကို ကျွေးမွေးပြုစုတဲ့နေရာမှာ ခုချိန်မှာတော့ စန္ဒီတို့အတွက်မသိသာသေးပေမယ့် နောင်တစ်ချိန်မှာ ကလေးဥာဏ်ကောင်းအောင်,ရေရှည်ကျန်းမာအောင် အစားဂျီးမများတတ်အောင် သင်ကြားပေးသွားမှာဖြစ်လို့ စနစ်တကျလေး ဆောင်ရွက်စေခြင်ပါတယ်။အိမ်တစ်လုံးဆောက်သလိုဘဲ အခုချိန်အများအမြင်မှာတော့ အဆန်းထွင်သလိုဖြစ်နေပေမယ့် နောင်တစ်ချိန်မှာတော့ မပျက်မစီး မယိုမယွင်းဘဲ ဘယ်လောက်ခိုင်ခံ့မလဲဆိုတာနဲ့သာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွားမှာပါ။ဒါ့ကြောင့် နုနယ်လွန်းတဲ့ စကားမပြောတတ်သေးတဲ့ ရွေးခြယ်ခွင့်မရှိနိုင်သေးတဲ့ကလေးတွေကို မှန်ကန်သော ပြုစုပုံလေးတွေနဲ့ဘဲ စောင့်ရှောက်စေခြင်ပါတယ်။နောက်အပါတ်ဆိုရင် သမီးလေးခြောက်လကျော်ပြီဖြစ်လို့ သမီးလေးကို ချက်ပြုတ်ကျွေးမွေးပုံလေးတွေကိုလည်း နောက်ထပ်ဆောင်းပါးလေးတွေမှာ ထပ်ပြီးsharingလုပ်ပေးသွားပါမယ်လို့ ပြောကြားရင်း သမီးလေးအတွက် မေမေ့ရဲ့ ကြိုးစားအားထုတ်မှုလေးများဆိုတဲ့ ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
Author:sandipoe@sandipoe
MSC.035
FB_IMG_1503892492381.jpgreceived_349977098813939.jpegreceived_349977135480602.jpegreceived_349977175480598.jpegreceived_349977115480604.jpegreceived_349977128813936.jpegreceived_349977152147267.jpegreceived_349976908813958.jpegreceived_349976865480629.jpegreceived_349976862147296.jpeg

သမီးလေးအတွက် မေမေ့ရဲ့ ကြိုးစားအားထုတ်မှုလေးများ | Ecency