ဒီနေ့ညနေ အလုပ်ကနေ စိတ်ပြေလက်ပျောက် အပြင်ထွက် အကင်လေးစားရင်း ဟိုကြည့်ဒီကြည့်လုပ်တော့ ဆိုင်အပြင်အဆင်လေးကိုတော်တော်သဘောကျမိတယ်။ ရိုးရိုးလေးနဲ့ လူကိုဆွဲဆောင်နိုင်အောင်ပြင်ဆင်ထားနိုင်တယ်။ အစားအသောက်ကတော့ ရိုးရိုးရှင်းရှင်းအကင်လေးနဲ့ မီနူး သိပ်မများပေမဲ့ လူစိတ်ကိုစိတ်ဝင်စားအောင်ကိုတော့ ဖမ်းစား ထားနိုင်တယ်။ အဲ့ဒါနက် ဗိုက်ဆာဆာနဲ့ သုံးထပ်သားရယ် ရုံးပတီသီးရယ် ၀က်ခေါက်ရယ်မှာပြီး ဘီယာတစ်လုံးနက် အေးဆေးလေးထိုင်ရတဲ့ အရသာလေးကိုခံပြီး ဖုန်းလေးဖွင့် မဆော့ဖွင့်တဲ့ဂိမ်းလေးဖွင့်ပြီးတစ်ပွဲနှစ်ပွဲလောက်စားရင်သောက် ရင်းနဲ့ တွယ်လိုက်မှ လူက နေသာထိုင်သာလေးရှိပြီး အလုပ်အကြောင်းကိုပြန်တွေးမိကာ ကျန်တော်လုပ်ခဲ့တဲ့ တစ်လျောက်က အလုပ်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုပြီး လုပ်ပြီးခဲ့တဲ့အလုပ်တွေကိုပြန်လည်ကာတွေးတောပြီး နေရာချနေမိပါတယ်။
ပြီးခဲ့တဲ့ 2017 ကစလို့ ဖုန်းပြင်ဆိုင်ဖွင့်ဖို့ဆိုပြီး ဖုန်းပြင်သင်တန်းသွားတက်ကာ အသိမိတ်ဆွေဖုန်းဆိုင်မှာ ၀င်ကူရင်း အတွေ့အကြုံယူကာ ၀င်ရောက်လုပ်ကိုင်ပါတယ်။ ၀င်ရောက်လုပ်ကိုင်ရင်းနဲ့ ဖုန်းနဲ့ဆိုင်တဲ့ လက်တွေ့အတွေ့အကြုံအတော်များ၂ကိုကျန်တော်ရလိုက်ပါတယ်။ ကျန်တော်နေရတဲ့ဆိုင်က အစ်ကိုက အတော်လေး သဘောကောင်းပါတယ်။ ကျန်တော်ရောက်ရောက်ခြင်းကိုပဲ(သင်တန်းမတက်ရသေးခင်) ဖုန်းတွေ ဖြုတ်တာတက်တာ ဖုန်းနဲ့ သက်ဆိုင်တာတွေကို အရင်လေ့လာဖို့နဲ့ သင်တန်းတက်ရင်နားလည်အောင်လို့ ကျန်တော့်ကို ဆိုင်မှာရှိတဲ့ သူ့ညီကို သင်ပေးခိုင်းပါတယ်။ ဒီလိုနဲ့ လေ့လာရင်း တစ်ပတ်ပြည့်တဲ့အချိန်မှာ ဖုန်းပြင်သင်တန်းကိုသွားတက်ရပါတယ်။
ဖုန်းပြင်သင်တန်းကိုတော့ မန်းလေးမြို့မှာနာမည်ကြီးတဲ့ အာကာမိုဘိုင်းမှာသွားတက်ရပါတယ်။ အဲ့ဒီကိုရောက်တော့မှ ဖုန်းအကြောင်းကိုပိုပြီးသေချာသိလာသလို ဖုန်းပြင်သမားလိုအပ်ချက်ဖြစ်တဲ့ IC ဖြုတ်တပ်၊ Jumper ကျော်၊ component ဖြုတ်တပ်တွေကို လက်တွေ့ကော စာတွေ့ပါသင်ယူရပါတယ်။ သုံးလ သင်တန်းကိုစာတွေ့လက်တွေ့ သင်ယူပြီးတဲ့နောက်မှာတော့ကျန်တော်ဟာ မိုဘိုင်းဖုန်း ကျပိုး ပေါက်စလေးဖြစ်လာပါတယ်။
ဒီလိုနဲ့ သင်တန်းလည်းပြီးတော့ အဝေးသင်ချိန်လည်းနီးနေတာနဲ့ ကျန်တော်နေတဲ့ဆိုင်ကိုခွင့်တောင်းပြီး ကျန်တော့်အမေနေတဲ့ မူဆယ်မြို့ကို အလည်ဆိုပြီးပြန်လာပါတယ်။ ပြန်လာပြီး သုံးရက်အကြာမှာတော့ ကံစမ်းမဲအကြီးစား ပေါက်ပါတယ်။ FUA (Federal Union Army) က မူဆယ်မြို့ထဲက ရဲစခန်းကိုလာတိုက်တာပါ။ တိုက်တဲ့အချိန်က ည 11 ၀န်းကျင်လောက်ပါ။ ကျန်တော်ကတော့ဖုန်းပွတ်လို့ကောင်းနေတုန်းအချိန်ပေါ့။ အုံးခနဲ အသံတွေကြားတာနဲ့ လူလည်းခဏတော့ပြာသွားတယ်။ တကယ်တော့ ဖြစ်တဲ့နေရာနဲ့ ဘောလုံးကွင်း လေးကွင်းစာလောက်ကွာပါတယ်။ တူလေးကလည်း အခုမှ တစ်နှစ်ပဲရှိတာဆိုတော့ အမေ၊ အစ်မနဲ့ တူလေးတွေအတွက်ပူပြီး ပစ္စည်းတွေသိမ်းပြီး ကားပေါ်တင်ထားကာ စစ်ပွဲအခြေအနေကိုစောင့်ကြည့်ပါတယ်။ အခြေအနေအရမ်းဆိုးရင် တရုတ်ပြည်ဖက်ကိုသွားမယ်ပေါ့။ ဒါပေမဲ့ အချိန်တစ်ခုပဲကြာပါတယ်။ ၃ရက်ဆက်တိုက်တော့ တိုက်ပွဲတွေ ဟိုနားဒီနားဖြစ်။ ဟိုမှာ ဗုံးခွဲ ဒီမှာ ဗုံးခွဲနဲ့ လားရှိး မူဆယ်လမ်းလည်း တစ်လလောက်က ရိုးရိုးလူတွေမသွားရဲလောက်အောင်ကိုဖြစ်သွားပြီး အသွားအလာတွေကျဲကုန်ပါတယ်။
ဒီလိုနဲ့ ကျန်တော်လည်းမူဆယ်စစ်ပွဲအချိန်ပိတ်မိနေတာနဲ့ အိမ်ကိုလည်း မုန့်ဖိုးမတောင်းချင်တော့တာရယ် အလုပ်ရှာလုပ်ဖို့ဖန်လာပါတယ်။ မူဆယ်မြို့တွင်းကတော့ တိတ်ဆိတ်ပြီး သိပ်ပြီးမအိုကေလောက်ဖူးဆိုပြီးတော့ တရုတ်ပြည်ထဲကို ကျန်တော့်သူငယ်ချင်းအဆက်အသွယ်နဲ့ ပိတ်လိပ်ဆိုင်မှာ ၀င်လုပ်ပါတယ်။ ပိတ်လိပ်ဆိုပေမဲ့ တကယ်တမ်းကတော့ လိုက်ကာတွေလိုက်တပ်ရတာပါ။ ဟိုတယ်လိုက်ကာတွေ အခန်းလိုက်ကာတွေ လိုက်တပ်ရတဲ့ဆိုင် မှာဝန်ထမ်းလုပ်ရတာပါ။
အရင်ဆုံး ပိုင်ရှင်ကိုသွားတွေ့တဲ့အချိန်မှာ အလုပ်ပိုင်ရှင်မိန်းမက ရှမ်းဖြစ်နေတော့ ရှမ်းလိုပြောပြီးအပ်တာအဆင် အတော်ပြေပါတယ်။ ကျန်တော့်အတန်းပညာ၊ အသက်၊ အလုပ်အတွေ့အကြုံတွေကိုမေးပါတယ်။ မေးပြီးတော့ ကျန်တော့် အသက်ကိုပြောပြတော့ သူတို့တွေအံ့သြကုန်ပါတယ်။ ဒီအသက်အရွယ်နဲ့ဘာလို့ သူတို့ဆီလာလုပ်ချင်တာလည်းတဲ့ ကျန်တော်လည်း တိုက်ပွဲဖြစ်တော့ ဟိုဖက်မှာစိတ်သိပ်မချရလို့၊ ပြီးတော့ အိမ်ကအမေက ခရီးပေးမထွက်လို့လာရတာပါ ဆိုပြီး အကုန်ရှင်းလင်းပြောပြတော့မှ သူတို့အကြောင်းရင်းကိုသိပြီး ကျန်တော့်ကိုအလုပ်လက်ခံပါတယ်။ တရုတ်ပြည်ဆိုပေမဲ့လည်း ကျန်တော်တို့မူဆယ်ကနေ မိနစ် ၂၀ ပဲမောင်းသွားရတဲ့ တရုတ်ပြည် ရွေလီမှာသွားလုပ်တာပါ။ တရုတ်ကြီးကလည်း မြန်မာလိုတစ်ခွန်းတစ်ခွန်းပြောပြီးခိုင်းပါတယ်။ ရောက်ရောက်ခြင်းကတော့ ပိတ်လိပ်ထမ်း၊ လိုက်ကာစတွေချုပ်ပြီးရင် ချိတ်တွေလိုက်ထည့်၊ သွားတပ်ရင်အနောက်ကနေလိုက်ကိုင်ပေးရတာပေါ့။ တရုတ်ကြီးကလည်း သဘောကောင်းပါတယ်။ မြန်မာလို မတတ်တစ်ခေါက်နဲ့ ကျန်တော့်ကိုခိုင်းတော့ ကျန်တော်ထင်တာကတစ်မျိုး သူယူခိုင်း တာကတစ်မျိုးဆိုတော့ အစပိုင်းမှာ အတော်လေးကို ရယ်ရပါတယ်။ မိသားစုပုံစံအလုပ်ကြောင့် ကျန်တော်အဆူအဆဲမခံရတာပါ။ တကယ်လို့သူများဆီ သွားလုပ်ပြီး သူတို့ဆီမလုပ်မိရင် အဆဲခံရလိမ့်မယ်ဖြစ်ခြင်း။ ဒီလိုနဲ့ အချိန်တစ်လပြည့်သွားပါတယ်။ အချိန်တစ်လပြည့်တော့ ကျန်တော့်လစာကို ထုတ်ပေးပါတယ်။ 500¥ ကိုလစာ အနေနဲ့ရပါတယ်။ 500 ဆိုပေမဲ့ မြန်မာငွေနဲ့ ပြန်တွက်ရင် တစ်သိန်းကျော်ပါတယ်။ ကံကောင်းချင်တော့ တရုတ်နှစ်သစ်ကူးနဲ့လာတိုးတော့ 100¥ ဟုံပေါင်းရပါတယ်။ ဘောနပ်ပေါ့။ :P
ကျန်တော့်အကြောင်းလေးကိုထပ်ဆက်ပါဦးမယ်။ အခုတော့ ဘုံအကောင့်မှာတင်ဖို့ရေးသားရဦးမှာဖြစ်လို့ ဒီလောက်နဲ့နားပါရစေနော်။ အားလုံးပဲ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
Photo credit to google
Author @saipanpha
Msc-186