လူတိုင်းလူတိုင်း

Words
100
Reading
1 min
9y
Listen to this post
~1 min

လူတိုင်းလူတိုင်း ဘဝသက်တမ်းတစ်လျှောက်မှာ အနိမ့်အမြင့် အတက်အကျ အရှုံးအနိုင် အလှည့်အပြောင်းများစွာနဲ့ ကြုံတွေ့ရပါတယ်။ ဘဝမှာ အမြဲတစေ အဆိုးချည့် မဖြစ်နိုင်သလို အမြဲတမ်းလည်း အကောင်းချည့် မရနိုင်ဘူး။

ဆိုးတချည့် ကောင်းတလှည့်နဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့အတွက် အားပေးဖေါ်အားပေးဖက် ဖြစ်သော မိတ်ကောင်းဆွေမွန် အပေါင်းအသင်း သူငယ်ချင်းတွေ ရှိဖို့လိုပါတယ်။မိတ်ကောင်းဆွေမွန်တွေ ရှိခြင်းဟာ ဘဝတိုက်ပွဲ တိုက်ရန်အတွက် ကိုယ့်ဖက်မှာ စစ်ကူ ရဲဖေါ်ရဲဖက်တွေ ရှိခြင်းနဲ့တူတူပါပဲ။

မိတ်ကောင်းဆွေမွန် ရှိဖို့ဆိုတာကလည်း ကိုယ်ကိုယ်တိုင်က ကောင်းဖို့ လိုပါတယ်။ ကိုယ်ကလည်း စိတ်သဘောထား ရိုးသားပြီး ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေ အပေါ်မှာ အလေးထားမှ မိတ်ဆွေအပေါင်းအသင်းတွေကလည်း ကိုယ့်ကို အလေးထားမှာပါ။ ဒါဟာ အပေးအယူသဘော မဟုတ်ပါဘူး။ အပြန်အလှန်မေတ္တာထားခြင်းပါ။

တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဆိုတဲ့သဘော သို့မဟုတ် တစ်ဦးမေတ္တာ တစ်ဦးမှာလို့လည်း ပြောလို့ရပါတယ်။ လူဆိုတာ ဘဝမှာ တစ်ဦးတစ်ယောက်ထဲ ရှင်သန်ရပ်တည်လို့ မဖြစ်နိုင်ပါဘူး။ အပေါင်းအသင်း အသိုင်းအဝိုင်းနဲ့ ရပ်တည်နိုင်မှသာ ဘဝအခြေအနေ၊ စိတ်အခြေအနေလှနိုင်မှာပါ။

ကိုယ်မှာ ဆွေမျိုးအသိုင်းအဝိုင်း မည်မျှပင် ကြီးမားနေစေကာမူ ။ဆွေဂုဏ်မျိုးဂုဏ် မည်မျှပင် တောင့်တင်းနေစေကာမူ တိုင်ပင်ဖေါ်တိုင်ပင်ဖက် ဆိုးဖေါ်ကောင်းဖက်ဖြစ်သော မိတ်ကောင်းဆွေမွန် ရှိမှသာ ဘဝမှာ နေပျော်မှာပါ။လုပ်ငန်းဆောင်တာ အောင်မြင်နိုင်ဖို့က ကိုယ့်ဆွေကိုယ့်မျိုးနဲ့ချည့် လုပ်နေကိုင်နေလို့ မရပါဘူး။ ကိုယ့်မှာ မိတ်ကောင်းဆွေမွန်တွေလည်း ရှိပါမှ အဆင်ပြေမှာပါ။

ဒါ့ကြောင့် အကောင်းအဆိုးဒွန်တွဲနေသော လောကကြီးမှာ အကြောင်းအကျိုးညီစွာ ကောင်းကျိုးဝေဖြာစေဖို့ စိတ်ဓါတ်ကောင်းလေးတွေနဲ့ မိတ်ဖက်ပေါင်းကြပါစို့။ ။
image
Credit; Google
sailay1@sailay1

အားလုံးကိုချစ်ခင်လေးစားလျှက်

လူတိုင်းလူတိုင်း | Ecency