စတီးမစ်မြန်မာများအားလုံး မင်္ဂလာပါခင်ဗျာ........။
သည်ရက်ပိုင်း မြို့အသီးသီး၊ နယ်အသီးသီးမှာ လျှပ်စစ်မီးပျက်တောက် တတ်ကြသည်မှာတော့ အများသိတဲ့အတိုင်းပင်။ ကူးပြောင်းစ ရာသီ ဖြစ်သည့်အလျောက် အရောင်းအဝယ် သည်လည်းပါးတတ်ကြအမြဲ။ ကျွန်ုပ်တို့ တောရွာများအား အမှီသဟဲပြု၍ လုပ်ကိုင်နေကြသော အလုပ်ဆိုလျှင်ဖြင့် ပို၍ပင် အရောင်းအဝယ် အေးကြပေသည်။
လျှပ်စစ်မီးကမလာ၊ အရောင်းအဝယ်က ပါးသည်အလျောက် ကျွန်ုပ်နေ့လည် နေ့ခင်းဆိုလျှင် ဆိုင်တွင်မရှိ။ ဆိုင်ကယ်တစ်စီးဖြင့် မြို့ပတ်က ထွေရာလေးပါး လျောက်သွားနေတတ်တော့သည်။ တစ်နေ့ ကျွန်ုပ် နေ့လည်စာ အပြီး အပြင်ထွက်ကာ လက်ဖက်ရည်ဆိုင်ထိုင်စဉ် ကျွန်ုပ်နှင့်တွဲဖော် ကိုအားလူးနှင့် စကားစမြည်ပြောဆိုကြရင်း ကျွန်ုပ်တို့မြိုတွင် ရှိခဲ့ဘူးသော စာကြည့်တိုက် အကြောင်းအား ဆွေးနွေးဖြစ်ကြသည်။
ယခုချိန်တွင်တော့ ကျွန်ုပ်တို့မြို့တွင် စာကြည့်တိုက် ဆိုသည်မှာ အဘယ်နည်း?ဟု မေးခွန်းထုတ်လျှင်ပင် ထုတ်သင့်ပေတော့မည်။ ကျွန်ုပ်သည်လည်း စာပေအား ပြောရလောက်အောင် လိုက်စားနေသည်လားဟုမေးလျှင်လည်း မဟုတ်ပါ။ အားလပ်ချိန်မျိုးနှင့် မိမိရှေ့တွင် စိတ်ဝင်စားဖွယ် တွေ့ရှိပါက ကောက်ကာ ငင်ကာ ဖက်မှတ်တတ်ခြင်းမျိုးသာ ရှိပေသည်။
ယခု လူငယ်ကလေးများသည် အားလပ်ချိန်အား ကောင်းမွန်စွာ အသုံးချတတ်ခြင်းမျိုး မရှိသည်ကို သင်တို့၏ ပတ်ဝန်းကျင်တွင် လွယ်ကူစွာပင် သိမြင်နိုင်ကြပေလိမ့်မည်။ နေ့ဘက်အားလျှင် လက်ဖက်ရည်ဆိုင် အအေးဆိုင်တို့တွင် mobile legends ကဲ့သို့သော Internet game များဖြင့်သာ အချိန်ကုန်တတ်ကြပြီး၊ မှောင်စပျိုးသည်နှင့် နေရာကောင်းကောင်းရှာ၍ အရက်၊ ဘီယာ ယမကာများမှီဝဲတတ်ကြသေးသည်။
အချို့သောကလေးငယ်များသည်လည်း အရွယ်နှင့်လိုက်ရောမှူ မရှိစွာပင် ရိုင်းပြတတ်သော အပြုအမူုမျိုးရှိတတ်ကြပေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးအား ဆိုးသည်ထက် မဆိုးအောင် တတ်နိုင်သလောက်တေားဆီးနိုင်ရန်အတွက် အသိဟုသော ပညာ လိုအပ်ပေတော့မည်။ အသိဟုသော ပညာ ကား အဘယ်တွင် ရနိုင်မည်နည်း။ စာအုပ်စာပေထဲတွင်ရနိုင်ပေမည်။
ဤတွင် ကျွန်ုပ်တို့နှစ်ဦး ဆုံးဖြတ်ခဲ့သည်ကား လက်ရှိတည်ရှိပြီးသားဖြစ်သော ကျေးရွာကြက်ခြေနီရုံးတွင် စာအုပ်ကလေးများ စုဆောင်းကာ စာကြည့်တိုက်ကလေး ဖွင်ရန်တိုင်ပင်ခဲ့ကြပေသည်။ အခက်အခဲတော့ရှိကောင်းရှိပေလိမ့်မည်။ အရင် အရင်အရှေ့ကဖွင့်ခဲ့သည့်စာကြည့်တိုက်အချို့သည်လည်း ပျက်ခဲ့ကြပေသည်။
တစ်နေ့သော် လူငယ်တယောက်သည် ချမ်းသာချင်လွန်း၍
အဘယ်သို့လုပ်ရမည်နည်းဟု လူတိုင်းအား မေးလေသည်။
လူတို့သည် မဖြေနိုင်ကြပဲ ဉာဏ်ပညာနဲ့ပြည့်စုံသော
Socratesအားမေးနိုင်ကြောင်းအကြံပေးကြတယ်။
တစ်နေ့တွင်တော့
လူငယ်လေးသည် ဂရိအတွေးအခေါ်ပညာရှင်
Socratesအား မေးမြန်းခဲ့ပါတယ်။
ဆိုကရေးတီးသည် လူငယ်ကလေးအား အောင်မြင်မှုအတွက်လျှို့ဝှက်ချက်ကို
နောက်နေ့မနက် မြစ်ကမ်းနံဘေးတွင် အဖြေပေးမည်ဟုချိန်းဆိုလိုက်လေသည်။
Image Source
မြစ်ကမ်းတွင်ဆုံကြသော် ဆိုကရေးတီးသည်
လူငယ်လေးအား ´ မြစ်ဘက် တည့်တည့်
လမ်းလျှောက်ရအောင်´ နောက်ကလိုက်ခဲ့ဟုဆိုလေသည်။ ဆိုကရေးတီးသည်
လူငယ်ရဲ့လက်ကိုဆွဲပြီး ရေစပ်ထဲကို
ဆွဲခေါ်သွားလေသည်။ လူငယ်လည်း
ကြောက်ကြောက်လန့်လန့်ဖြင့်ဆိုကရေးတီး
ဆွဲခေါ်ရာသို့ ပါသွားလေတော့သည်။
၎င်းတို့နှစ်ဦးသည်တဖြည်းဖြည်းနှင့် မြစ်ထဲကို
တရွေ့ရွေ့ ရောက်လာကြသည်။
ခြေထောက်မှတဆင့် ဒူးဆစ်၊ ဒူးဆစ်မှတစ်ဆင့် ပေါင် ၊
ပေါင်မှတဆင့် ရင်ဘတ် တဖြည်းဖြည်း
ရေထဲကို ရောက်လာခဲ့သည်။ လည်ပင်းအထိ
မြုပ်လောက်သော်ဆိုကရေးတီးသည်လက်တဖက်ဖြင့်
လူငယ်၏ကိုယ်လုံးအား မရုန်းနိုင်အောင်
သိမ်းချုပ်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့်
လူငယ်လေး၏ ခေါင်းအားရုတ်တရက် ရေထဲ
နှစ်လိုက်သည်။ လူငယ်လေးသည်လည်း
ရေမွန်းလွန်း၍ ရုန်းကန်သော်လည်း ဆိုကရေးတီးသည်
သန်မာလွန်းသူဖြစ်သည့်အလျောက်ရုန်းကန်၍မရခဲ့ပေ။
အတန်ကြာသော် ဆိုကရေးတီးသည်
လူငယ်လေး၏ ခေါင်းအား ရေထဲမှ ပြန်ထုတ်လိုက်သည့်အခါတွင် ပထမဆုံးစွာ
အသက်အားတစ်ဝရှုလိုက်လေသည်။
လူငယ်လေး အသက်ရှုဝသွားပြီး
တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာသည့်အခါတွင် ဆိုကရေးတီး သည်
မင်း ရေထဲကို နစ်နေတုန်းမှာ မင်းခေါင်းထဲမှာ ဘာဆန္ဒရှိသလဲ၊ ပထမဆုံးလိုချင်တဲ့အရာက ဘာလဲ ကောင်လေး လို့
ဆိုကရေးတီး မေးလိုက်လေသည်။
လေပါ ဆရာကြီး။ကျနော့်စိတ်ထဲမှာ လေပဲအရမ်းရှုချင်ပါတယ်။ ခေါင်းထဲမှာ တခြားဘာမှမပေါ်ပါဘူး ဟုလူငယ်လေးက
ပြန်ဖြေလိုက်သည်။
အောင်မြင်မှုအတွက်လျို့ဝှက်ချက်ဆိုတာ အဲဒါပဲ ကောင်လေး။မင်းရေနစ်နေတုန်းကလို လေတစ်ခုကိုပဲလိုချင်နေတာကလွဲရင် ကျန်တာဘာတခုမှ မစဉ်းစားတာကို ပြင်းပြတဲ့လိုအင်ဆန္ဒ လို့ခေါ်တယ်။ မင်း ရေနစ်တုန်းက အသက်ရှင်သန်ဖို့အတွက် လေကို မရှိမဖြစ်လိုအပ်သလိုမျိုး၊ အောင်မြင်မှုကိုလည်း အသက်နဲ့အမျှတန်ဖိုးထားပြီး မရမဖြစ်လိုချင်ရင် အောင်မြင်မှုကို ရမှာဖြစ်တယ်။ ပြင်းပြတဲ့လိုအင်ဆန္ဒ ဖြစ်ပေါ်လာရင် သေချာပေါက် အောင်မြင်မှာပဲ။ အောင်မြင်မှုအတွက် အဓိက လျို့ဝှက်ချက်က တကယ်အောင်မြင်လိုတဲ့စိတ်ဓာတ် ဘဲကောင်လေး ဟု ဆိုကရေးတီးရှင်းပြလိုက်ပါသည်။
ဤပညာပေးပုံပြင် သကဲ့သို့ပင် ကျွန်ူပ်တို့၏ စိတ်ထဲတွင်လည်း စာကြည့်တိုက်လေးဖြစ်လာဖို့ရာ ပြင်ပြသည့် ဆန္ဒ ရှိနေပါသည်။ ထို့အတွက်ကြောင့်လည်း အောင်မြင်လိမ့်မည်ဟု ယုံကြည်မှူ အပြည့်ရှိပါသည်။ ဆက်လက်ကြိုးစားပါဦးမည်။
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writing by phyizawoo
MSC-071