The wedding and islamic

Words
636
Reading
3 min
Listen
Play
9y

image

Let's awareness is increasing.

အစ္စလာမ်သာသနာတော်နှင့်
နိကာဟ် ထိမ်းမြားခြင်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ကမ္ဘာပေါ်ရှိ ယုံကြည်ကိုးကွယ်မှုအတော်များများမှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ကဏ္ဍကို နှိမ့်ချထားကြတယ်။ အိမ်ထောင်မပြုသူဟာ အိမ်ထောင်ပြုသူထက်ပိုပြီး သာမြတ်တယ်လို့ယူဆကြတယ်။ သာသနာ့ဘောင်ထဲဝင်ဖို့ဆိုပြီး ဇနီး၊သားသမီးတွေကို စွန့်ခိုင်းထားကြတယ်။

  သို့ပေမယ့် အစ္စလာမ်သာသနာတော်က အဲ့ဒိလိုမဟုတ်ဘူး။နိကာဟ်ပြုလုပ်ခြင်းကို အိဗာဒသ်အဖြစ်သတ်မှတ်ထားတယ်။ နိကာဟ်ပြုလုပ်တဲ့သူဟာ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )ရဲ့ စုန္နသ်တော်အပေါ် အမလ်ပြု ကျင့်သုံးတဲ့သူဖြစ်တယ်။ ဒါကြောင့် အစ္စလာမ်သာသနာတော်မှာ လူတစ်ယောက်ဟာ မိမိမိသားစုနဲ့အတူ ပျော်ရွှင်စွာ မိသားစုဘဝကိုဖြတ်သန်းရင်း အလ္လာဟ့်အချစ်တော် ဝလီသူတော်စင်တစ်ယောက်လည်း ဖြစ်ခွင့်ရှိပါတယ်။

နိကာဟ်ပြုခိုင်းရခြင်းရဲ့ အဓိကရည်ရွယ်ချက်

   တခြားယုံကြည်မှုတွေမှာ အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသော်လည်း အစ္စလာမ်သာသနာတော်က အစ္စလာမ်သာသနာတော်က နိကာဟ်ထိမ်းမြားခြင်းကို ခွင့်ပြုရုံမက အိဗာဒသ်အဖြစ်၊စုန္နသ်တော်အဖြစ် သတ်မှတ်ထားရတဲ့အဓိကရည်ရွယ်ချက် ( ၂ )ချက်ရှိတယ်။ ဒါကြောင့် နိကာဟ်လုပ်မယ့် ညီနောင်များအနေနဲ့ နိကာဟ်လုပ်တဲ့အခါမှာ ဒီရည်ရွယ်ချက် နှစ်ချက်ကို သိနားလည်ထားဖို့လိုအပ်တယ်။ 

ပထမတစ်ချက်က .....
နိကာဟ်လုပ်ပြီးနောက်ပိုင်း အိဗာဒသ်တွေမှာ ပိုမိုစိတ်ပါပြီး အပြစ်ဂုနာဟ်တွေကို ရှောင်ကြဉ်ရမယ်။ တည်ငြိမ်လာရမယ်။ ယခင်က နမားဇ် ( ၅) ကြိမ်မရသူဟာ နိကာဟ်ပြုလုပ်ပြီးနောက်ပိုင်း နမားဇ် ( ၅ )ကြိမ်ရလာရမယ်။ အရင်ကတည်းကနမားဇ်စွဲမြဲနေသူဖြစ်ပါက နိကာဟ်ပြုလုပ်ပြီးနောက်ပိုင်း နမားဇ်ထဲမှာပိုပြီး စိတ်အာရုံအပြည့်ထည့်ပြီးဖတ်နိုင်လာရမယ်။ ဂုနာဟ်တွေကနေ ရှောင်ကြဉ်နေရမယ်။ အထူးသဖြင့် နိကာဟ်ပြုလုပ်ပြီးသူဟာ နိကာဟ်ကိုအကြောင်းခံပြီး လုံးဝမျက်လွှာအရှုကိုထိန်းသိမ်းပြီးသားဖြစ်သွားရမယ်။

ဒုတိယအချက်က .....
နိကာဟ်ပြုလုပ်ပြီးရင် သားသမီးယူရပါမယ်။ ဟဒီးဆ်တော်တစ်ရပ်မှာ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )အမိန့်ရှိထားပါတယ်။
" အသင်တို့ ကလေးများများမွေးနိုင်မယ့် အမျိုးသမီးတွေနဲ့အိမ်ထောင်ပြုကြပါ။ဒါမှသာ ငါကိုယ်တော်ဟာ ကိယာမသ်နေ့မှာငါ့ရဲ့အုမ္မသ်များမြောင်မှုအပေါ် ဂုဏ်ယူနိုင်မယ်။ "
ဒါကြောင့် နိကာဟ်လုပ်ပြီးနောက်ပိုင်း သားသမီးယူရမယ်။သားသမီးယူနိုင်တဲ့အနေအထားရှိနေသရွေ့ သားသမီးယူရပါမယ်။ ကျန်းမာရေးကြောင့်ဖြစ်စေ၊ရောဂါနှင့်အခြားအကြောင်းကြောင့်ဖြစ်စေ သားသမီးမယူဘဲနေခြင်းကို ခွင့်ပြုထားတဲ့အကြောင်းအရင်းတွေရှိတယ်။အဲ့ဒီလို အခြေအနေမှသာ ကလေးယူခြင်းကိုဆိုင်းငံ့ထားနိုင်တယ်။

  ယနေ့ မုစလ်မာန်အသိုင်းအဝိုင်းမှာ နိကာဟ်တွေတော့ဖြစ်နေတယ်။ တင်ပြပါအချက်နှစ်ချက်မရှိကြဘူး။ အဲ့ဒီတော့ အဲဒီနိကာဟ်မှာ၊အဲ့ဒီအိမ်ထောင်ရေးမှာ အလ္လာဟ့်ရဲ့ရဟ်မသ်တော် မရှိတော့ဘူး။ အလ္လာဟ့်ရဲ့ရဟ်မသ်တော်မရှိတော့တဲ့အခါ အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲစရာတွေ များလာတယ်။နောက်ဆုံး အိမ်ထောင်ရေးပြိုကွဲတာတွေပါ ရှိလာတယ်။ 

    ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အကျိုးစဝါးဗ် 

=============================
ဟဒီးဆ်တော်တစ်ရပ်မှာ လာရှိပါတယ်။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်လိုက်ပြီဆိုတာနဲ့ အဲ့ဒီအမျိုးသမီးရဲ့ လွန်လေပြီးအပြစ်ဂုနာဟ်အားလုံးကို အလ္လာဟ်အရှင်မြတ်က မားဖ်လုပ်လိုက်ပြီဖြစ်ပါတယ်။ နောက်ဟဒီးဆ်တော်တစ်ရပ်မှာလာရှိပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးဟာ နေ့အချိန်မှာရိုဇဟ်စောင့်ထိန်းသူကဲ့သို့ အကျိုးစဝါးဗ်ရရှိနေမှာဖြစ်ပြီး ညအချိန်မှာ အိပ်နေလင့်ကစား အိဗာဒသ်လုပ်နေသကဲ့သို့အကျိုးစဝါးဗ်ရရှိနေမှာဖြစ်တယ်။

    နောက်ဟဒီးဆ်တော်တစ်ရပ်မှာလာရှိတယ်။ ကလေးငယ်ဟာအမေ့ရင်ခွင်ထဲမှာ နို့ချိုစို့နေတဲ့အခါ စို့လိုက်တဲ့တစ်ငုံတိုင်း တစ်ငုံတိုင်းအတွက်အကျိုးစဝါးဗ်တွေရရှိနေမှာဖြစ်တယ်။ အမေဖြစ်သူဟာ ကလေးကြောင့်ညအိပ်ရေးပျက်တဲ့အခါတိုင်း ကျွန်အယောက် ( ၇၀ )ကို သူကောင်းပြုတဲ့အကျိုးစဝါးဗ်ရရှိနေမှာဖြစ်တယ်။ နောက်ဆုံး ကိုယ်ဝန်ဆောင်ထားရင်း ကွယ်လွန်သွားတဲ့အမျိုးသမီးကို ကိယာမသ်နေ့မှာ ယှဟီဒီအုပ်စုနဲ့အတူရှိစေမှာဖြစ်တယ် လို့ဟဒီးဆ်တော်မှာလာရှိထားတယ်။ 

   ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့လေးလံတဲ့ပစ္စည်းထုပ်ကြီးတစ်ထုပ်ကို လူတစ်ယောက်က ဝိုင်းကူထမ်းပိုးပေးရင် အဲ့ဒီလူကိုဘယ်လောက်ကျေးဇူးတင်မလဲ။ဘယ်လောက်တောင် ပျူပျူငှာငှာ ဆက်ဆံလိုက်မလဲ။ သားသမီးဆိုတာလည်း အလ္လာဟ်အရှင်မြတ်ရဲ့အမာနသ် ( အပ်နှံမှု ) ဖြစ်တယ်။အလ္လာဟ်အရှင်မြတ်ပိုင်တဲ့ပစ္စည်းဖြစ်တဲ့ အလ္လာဟ့်ရဲ့အမာနသ်ကိုထမ်းလွယ်ပေးထားတဲ့ အရှင့်ဗန္ဒီအမျိုးသမီးကို အလ္လာဟ်အရှင်မြတ်ဘယ်လောက်နှစ်သက်မလဲ။ အလ္လာဟ်အရှင်မြတ်ဘယ်လောက် ဆုလာဘ်တွေပေးမလဲဆိုတာ တွေးတောချိန်ဆကြည့်နိုင်ပါတယ်။ ဒါကြောင့် ကလေးများများမွေးတဲ့ အိမ်ထောင်သည်အမျိုးသမီးဟာ ဂျန္နသီအမျိုးသမီးရဲ့လက္ခဏာပါပဲ။ 

ကလေးယူဖို့ တုံ့ဆိုင်းနေရသည့် အကြောင်းရင်းများ

   ဒီနေ့အတော်များများ  ဇနီးမောင်နှံတွေဟာသားသမီးယူဖို့အရေးကို ဝန်လေးနေကြတယ်။တုံ့ဆိုင်းနေကြတယ်။အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက အချက် နှစ်ချက်ရှိသည်။ 

ပထမတစ်ချက်က >>> သားသမီးရဲ့စားရိတ်စကကို ပူပန်တာရယ်

ဒုတိယတစ်ချက်က >>> ဒီခေတ်ကြီးမှာသားသမီးကိုလိမ္မာအောင် ထိန်းသိမ်းဖို့အင်မတန်ခက်ခဲတယ်ဆိုတဲ့ အတွေးတွေဝင်နေတာရယ်ကြောင့်ဖြစ်တယ်။

   ဒီအချက်နှစ်ချက်လုံးက တကယ်တော့ဘာမှခက်ခဲတဲ့ကိစ္စတွေတော့မဟုတ်ဘူး။ ရိုဇီရိက္ခာဆိုတာ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးတာဖြစ်တယ်။ကျွန်တော်တို့ ရှာနိုင်ဖွေနိုင်လို့ရနေတာမဟုတ်ပါဘူး။ ရှေ့မှာတင်ပြခဲ့သလိုပါပဲ။ သားသမီးဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့အမာနသ်ဖြစ်တယ်။ အမာနသ်နဲ့အတူ အမာနသ်ကိုထိန်းသိမ်းဖို့လိုအပ်တဲ့စရိတ်ကိုအလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးမှာဖြစ်တယ်။ 

ဥပမာ။ ။ ကျွန်တော့်အိမ်မှာ မြင်းတစ်ကောင်ရှိတယ်။အကြောင်းတစ်ခုခုကြောင့် ဒီမြင်းကိုအခြားအိမ်မှာ ကျွန်တော်ခဏအပ်ခဲ့တယ်ဆိုပါတော့။အဲ့လိုအပ်တဲ့အခါမှာ ကျွန်တော့်မြင်းကြီးပဲအပ်ခဲ့မှာမဟုတ်ဘူး။ မြင်းနဲ့အတူကျွန်တော်အပ်ထားမယ့်ကာလအတွင်းမှာ ကုန်ကျမယ့် မြင်းရဲ့စားစရိတ်၊အထွေထွေစရိတ်ကိုပါ တပါတည်းပေးခဲ့မှာဖြစ်တယ်။

    ဒီအတိုင်းပဲ အလ္လာဟ့်ရဲ့အမာနသ်ဖြစ်တဲ့ သားသမီးကိုအလ္လာဟ်အရှင်က ဇနီးမောင်နှံဆီမှာအပ်နှံပြီဆိုရင်လည်း အမာနသ်နဲ့အတူ တစ်ဖက်ကကုန်ကျစရိတ်ပါ အလ္လာဟ်အရှင်ချီးမြှင့်ပေးမှာဖြစ်တယ်။ ဒါကြောင့်အများကြီးမိသားစုတွေမှာ သားသမီးတစ်ယောက်ပြီးတစ်ယောက်မွေးလာလေ ပိုပြီးစီးပွားရေးတိုးတက်လာလေဖြစ်တာကို လက်တွေ့ကိုယ်တိုင် တွေ့ကြုံရတဲ့သူတွေ အများကြီးရှိပါတယ်။ဒါကြောင့်အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ကျမ်းတော်မြတ်ကုရ်အာန်မှာ အမိန့်ရှိထားတယ်။

وَلاَتَقْتُلُوْا أَوْلاَدَكُمْ خَشْيَةَ إِمْلاَقٍ نَحْنُ نَرْزُقُهُمْ وَإِيَّاكُمْ إِنَّ قَتْلَهُمْ كَانَ خِطَئًا كَبِيْرًا ○

" ၎င်းပြင် အသင်တို့သည်စီးပွားရေးကြပ်တည်းမှုကို စိုးရိမ်သောကြောင့် မိမိတို့၏သားသမီးများအား မသတ်ဖြတ်ကြကုန်လင့်။စင်စစ်ငါအရှင်မြတ်သည်ပင်လျှင် ယင်းတို့အားလည်းကောင်း၊အသင်တို့အားလည်းကောင်း စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူပေသည်။ ဧကန်မလွဲ ၎င်းတို့အားသတ်ဖြတ်ခြင်းကား အလွန်ကြီးလေးသော ပြစ်မှုပင်ဖြစ်ချေသတည်း။ "

   ဒီအာယသ်တော်မှာသားသမီးကိုသတ်ဖြတ်ခြင်းဆိုတာ မွေးပြီးသတ်တာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချတာလည်းပါဝင်ပါတယ်။ 

ဒုတိယအကြောင်းရင်း >>>
သားသမီးယူဖို့တုံ့ဆိုင်းနေရတဲ့ဒုတိယအကြောင်းရင်းက ဒီခေတ်ကြီးမှာ သားသမီးတစ်ယောက်တစ်ယောက်ထိန်းသိမ်းရတာ မလွယ်ဘူးဆိုတာကိုတွေးပြီး ကလေးမယူရဲကြတာဖြစ်တယ်။

     ခေတ်ကြီးကအင်မတန်ဆိုးရွားနေတာ၊ပျက်စီးနေတာတော့မှန်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်းအစ္စလာမ်က သားသမီးကိုဘယ်လိုပြုစုပျိုးထောင်ရမလဲ။ဆုံးမသွန်သင်ရမလဲဆိုတာ အားလုံးကိုသင်ထားပြီးသားဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့သားသမီးကို အစ္စလာမ်သာသနာတော်က သွန်သင်ပြသထားတဲ့အတိုင်း သရ်ဗီယသ်လုပ်မယ်။ပြုစုပျိုးထောင်မယ်ဆိုရင် ကလေးပျက်စီးစရာအကြောင်းရှိတော့မှာမဟုတ်ဘူး။ ဒီတော့ အစ္စလာမ်သာသနာတော်က ဘယ်လိုပြုစုပျိုးထောင်ဖို့လမ်းညွှန်ထားလဲဆိုတာကိုသာ ကောင်းကောင်းလေ့လာပါ။ဒီနေ့မုစ်လင်မ်ကလေးတွေ ပျက်စီးနေတယ်ဆိုတာ မိဘတွေကိုယ်တိုင်က ကလေးကိုအစ္စလာမ်နည်းကျ သရ်ဗီယသ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ 

သားဖြစ်စေ ၊ သမီးဖြစ်စေ အရှင့်နိအ်မသ်

တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) မပွင့်ပေါ်မီတုန်းက ကမ္ဘာပေါ်မှာ အမျိုးသမီးတွေရဲ့အဆင့်အတန်းဟာအင်မတန်ကို နိမ့်ကျခဲ့တယ်။တချို့ယုံကြည်မှုတွေမှာ အမျိုးသမီးတွေကို မပြည့်စုံ့တဲ့လူသားဆိုပြီးသတ်မှတ်တယ်။ အမျိုးသားတွေရဲ့အဖြည့်ခံသတ္တဝါတစ်မျိုးလို့ယူဆကြတယ်။ အချို့ဒေသတွေမှာဆို ယောကျာ်းသေရင် ဇနီးမယားဖြစ်သူပါအရှင်လတ်လတ် သဂြိုလ်ခံလိုက်ရတယ်။ ဟိုက်ဇ်ဓမ္မတာလာနေတဲ့အချိန်အမျိုးသမီးတွေကို အိမ်မှာစည်းဝိုင်းဆွဲပြီး တိရစ္ဆာန်တစ်ကောင်လိုထားကြတယ်။ကိုးကွယ်ယုံကြည်မှုအတော်များများမှာလည်း မိန်းမနဲ့အတူနေခြင်းဟာ ညစ်ညမ်းတဲ့အမှုကိစ္စလို့သတ်မှတ်တယ်။ အဲ့ဒီလိုအမျိုးသမီးတွေရဲ့အဆင့်အတန်း နိမ့်ကျနေတဲ့အခါကျတော့ လူတွေဟာသမီးမိန်းကလေးရမှာကိုကြောက်ရွံ့လာကြတယ်။သမီးမိန်းခလေးမွေးလာရင် အရှင်လတ်လတ် မြေမြုပ်လိုက်ကြတယ်။

    အဲ့ဒီလိုမိန်းကလေးတွေရဲ့ဆိုးရွားနေတဲ့အခြေအနေတွေကို အဆုံးသတ်ပေးလိုက်သူကတော့ မုဟမ္မဒုရ် ရစူလုလ္လာဟ် ( صلی اللّہ علیہ وسلم )ဖြစ်တယ်။တမန်တော်မြတ် ( صلی اللّہ علیہ وسلم )ဟာ အခြားဘာသာတရားတွေရဲ့ခေါင်းဆောင်တွေလိုအိမ်ထောင်မပြုဘဲ မနေခဲ့ဘူး။ ကိုယ်တော်တိုင်နိကာဟ်ပြုလုပ်တော်မူခဲ့တယ်။ မိမိအုမ္မသ်နောက်လိုက်တွေကိုလည်း နိကာဟ်ပြုလုပ်ဖို့တိုက်တွန်းခဲ့တယ်။ သမီးမွေးလာမှာကို ကြောက်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ တမန်တော် ( صلی اللّہ علیہ وسلم )ဟာ သမီးမိန်းရဲ့ ထွဋ်မြတ်မှုတွေကိုတင်ပြခဲ့တယ်။ တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) အမိန့်ရှိတော်မူတယ်။ လူတစ်ယောက်ဟာ သမီးမိန်းခလေး ( ၃ )ယောက်ကိုကောင်းစွာပဲ့ပြင်ထိန်းသိမ်းစောင့်ရှောက်ပြီး အိမ်ထောင်ကျသည်အထိ တာဝန်ယူပေးနိုင်ခဲ့ရင် ငါကိုယ်တော်မြတ်နဲ့အတူဂျန္နသ်မှာ နီးကပ်စွာနေရမယ်လို့အမိန့်ရှိတော့ ဆွဟာဗဟ် တစ်ပါးက ဝမ်းနည်စွာလျှောက်ထားတယ်။ ကျွန်တော့်မှာသမီးမိန်းခလေး နှစ်ယောက်ပဲရှိတာဆိုတော့ ၊ တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) က နှစ်ယောက်ဆိုရင်လည်းဒီအကျိုးဖဇီလသ်ရမယ်လို့ မိန့်ကြားတော်မူလိုက်တယ်။ သာသနာ့ပညာရှင်တွေတင်ပြတယ်။အကယ်၍ သမီးမိန်းခလေးတစ်ယောက်ပဲရှိတယ်။အဲ့ဒီတစ်ယောက်ကိုလည်း အိမ်ထောင်ကျသည်အထိ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးနိုင်ခဲ့ရင်လည်း ဒီအကျိုးဖဇီလသ်ကိုရလိမ့်မှာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့အဆ်ွဟာဗ်တွေရဲ့ကြား သမီးမိန်းခလေးကို ဂုဏ်ယူစွာမွေးနိုင်တဲ့သတ္တိတွေဖြစ်လာတယ်။ 

    တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) မပွင့်ပေါ်ခင်က အိမ်ထောင်ပြုမယ်ဆိုရင် မိန်းခလေးက ယောကျာ်းလေးကိုတင်တောင်းရတဲ့ဓလေ့ပဲရှိတယ်။ ဒီနေ့ဒီအချိန်ထိတချို့ဘေဒီးန်ကာဖိရ်အသိုင်းအဝိုင်းတွေမှာဒီဓလေ့ရှိနေဆဲပဲ။ ဒါပေမဲ့ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က ယောကျာ်းလေးကသာ မိန်းခလေးကိုမဟရ်ပေးပြီးတင်တောင်းရမယ်ဆိုပြီး ပြဋ္ဌာန်းပေးခဲ့တယ်။ဒါကြောင့်ယှရီအသ်တရားတော်မှာ နိကာဟ်တစ်ခုပိုင်ဖို့၊အထမြောက်ဖို့ မဟရ်ပေးကိုပေးရမယ်။ မဟရ်မသတ်မှတ်ဘဲ နကာဟ်လုပ်ခွင့်မရှိဘူး။ဒီလိုမိန်းခလေးကို မဟရ်ပေးပြီးတင်တောင်းရမယ်လို့သတ်မှတ်ထားတဲ့သာသနာ အစ္စလာမ်သာသနာကလွဲပြီး ဘယ်မှာမှမရှိဘူး။အစ္စလာမ်သာသနာဟာအမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးထားတဲ့သာသနာတော်ဖြစ်တယ်။ 

 ၁၉၉၉-ခုနှစ် အမေရိကန် WTC အဆောက်အဦး ဖြိုချခံရတယ်။မုစ်လင်မ်တွေလုပ်တယ်ဆိုပြီးစွပ်စွဲတယ်။ပြီးတော့ အစ္စလာမ်သာသနာတော်ကို ပုံစံအမျိုးမျိုးနဲ့သမုတ်ကြတယ်။ကုရ်အာန်ကျမ်းတော်မြတ်ကိုအမျိုးမျိုး အမည်ဖျက်တယ်။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်းအမေရိကန်မှာ တစ်နေ့တစ်ခြား မုစ်လင်မ်ဦးရေတွေ သိသိသာသာ တိုးလာတယ်။ ခရစ်ယာန်၊ဂျူးတွေအစ္စလာမ်ထဲတစ်ဖြေးဖြေးဝင်လာကုန်ကြတယ်။ ဘာကြောင့်လဲ ????? 

သုံးသပ်ကြည့်တဲ့အခါ သူတို့တွေဟာ အစ္စလာမ်သာသနာတော်ကိုတကယ်ပဲနာမည်ဖျက်နေတဲ့သူတွေပြောနေကြတဲ့အတိုင်း ဖြစ်နေတဲ့သာသနာလားဆိုတာကို သိချင်တာနဲ့အစ္စလာမ်သာသနာတော်ကို လေ့လာကြရင်း ၊ကုရ်အာန်ကျမ်းတော်မြတ်ကိုလေ့လာကြရင်း အစ္စလာမ်သာသနာဝင်တွေဖြစ်ကုန်ကြတယ်။ အဲဒီလိုအမေရိကန်မှာ အစ္စလာမ်ထဲကိုဝင်လာတဲ့သူတွေရဲ့စာရင်းကိုကောက်ကြည့်လိုက်တဲ့အခါ အမျိုးသမီးအရေအတွက် ပိုမိုများပြားနေတာကိုတွေ့ရတယ်။ ယဟူးဒ် နဆ်ွရာအမျိုးသမီးတွေဟာ အစ္စလာမ်သာသနာတော်ကိုလေ့လာပြီးနောက် သူတို့အသိတစ်ခု သိလိုက်ကြတယ်။အစ္စလာမ်သာသနာတော်သာလျှင် အမျိုးသမီးတွေရဲ့ဘဝကို လုံခြုံမှုအပေးဆုံးသာသနာတော်ဖြစ်တယ်ဆိုတာကို သူတို့သဘောပေါက်သွားကြတယ်။ ဒီနေ့ကျွန်တော်တို့အိမ်မှာရှိတဲ့အမျိုးသမီးတွေက သူတို့ကိုအားကျနေတယ်။ သူတို့ကိုယ်တိုင် သူတို့ဘဝအတွက်အစ္စလာမ်သာသနာတော်ကိုရွေးချယ်နေကြတယ်။

     ဆိုလိုချင်တာက ဒီနေ့အချို့မုစ်လင်မ်အတိုင်းအဝိုင်းတွေမှာ အမိုက်အမှောင်ခေတ်ကလို သမီးမိန်းခလေးမွေးလာတာကို သိမ်ငယ်သလိုတွေဖြစ်နေကြတယ်။ Ultrasound ရိုက်ပြီးမိန်းခလေးလို့သိလိုက်ရရင် ဇနီးကော၊ခင်ပွန်းကော မျက်နှာမကောင်းကြတော့ဘူး။ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ။ သားယောကျာ်းဖြစ်ဖြစ်၊သမီးမိန်းခလေးဖြစ်ဖြစ် အလ္လာဟ်အရှင်ပေးတာ။ အလ္လာဟ်အရှင်မြတ်အစီအမံ၊အလ္လာဟ်အရှင်မြတ် အခြေအနေအရပ်ရပ်ကိုကြိုသိလို့စီမံပေးတာဖြစ်တယ်။ စိတ်ဆင်းရဲအောင်လုပ်မယ့်သားယောကျာ်းနေရာမှာ အလ္လာဟ်အရှင်မြတ်က သမီးမိန်းခလေးပေးလိုက်တာကော မဖြစ်နိုင်ဘူးလား။အလ္လာဟ်အရှင်မြတ်အစီအမံပေါ်မှာ ကျေနပ်ရမယ်။ သားယောကျာ်းလေးဖြစ်ခြင်း၊သမီးမိန်းခလေးဖြစ်ခြင်းက ဘယ်သူ့အပြစ်မှမဟုတ်ဘူး။ ဇနီးသည်အပြစ်လည်းမဟုတ်ဘူး။အလ္လာဟ်အရှင်မြတ်အစီအမံကိုပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံကျေနပ်လိုက်မယ်ဆိုရင် နက်ဖြန်ကိယာမသ်နေ့မှာလည်း အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်မှုကို ကျွန်တော်တို့ရရှိလိမ့်မယ်။ 

သားလိမ္မာ၊သမီးလိမ္မာရရှိဖို့ ဒုအာတောင်း

    သားဖြစ်စေ၊သမီးဖြစ်စေ အဓိကအရေးကြီးဆုံးအချက်က လိမ္မာရေးခြားရှိပြီး ဒီးန်သာသနာကိုင်းရှိုင်းတဲ့ကလေးတွေဖြစ်ဖို့ပဲအရေးကြီးပါတယ်။ များစွာသောမိတ်ဆွေတွေဟာ သားသမီးမရသေးခင် အလ္လာဟ်အရှင့်ဆီမှာသားသမီးရဖို့ချည်းဘဲ ဒုအာတောင်းကြတယ်။လိမ္မာကေးခြားရှိတဲ့သားသမီးလေးတွေရရှိဖို့ဒုအာမတောင်းကြဘူး။ ဒါကြောင့်သားသမီးရဖို့ ဒုအာတောင်းတဲ့အခါကတည်းကအလ္လာဟ်အရှင်ဆီမှာ ဒီးန်ရှိပြီးလိမ္မာရေးခြားရှိမယ့်သားသမီးတွေချီးမြှင့်ပါဆိုပြီး ဒုအာတောင်းရမယ်။ သားသမီးရဖို့ချည်းဘဲ ဒုအာလုပ်ရင်အလ္လာဟ်အရှင်ကသားသမီးတော့ပေးလိုက်မယ်။လိမ္မာတဲ့ကလေးဖြစ်ချင်မှဖြစ်မှာ။ 

   နဗီတမန်တော်တွေဟာ အလ္လာဟ်အရှင်မြတ်ဆီမှာသားသမီးရရှိဖို့ဘယ်လိုဒုအာတောင်းခဲ့ကြတယ်ဆိုတာကြည့်ပါ။ 

   တမန်တော် အိဗ်ရာဟီးမ် ( علیہ السلام )  တောင်းခံတဲ့ဒုအာက ...

رَبِّ هَبْ لِىْ مِنَ الصَّالِحِيْنَ ○

" အို ... ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်၊အရှင်မြတ်သည်ကျွန်တော့်အား သူတော်ကောင်းသားတစ်ယောက်ချီးမြှင့်ပေးသနားတော်မူပါ။ "

  တမန်တော်ဇကရီယာ ( علیہ السلام ) က ဒီလိုဒုအာတောင်းခဲ့တယ်။ 

رَبِّ هَبْ لِىْ مِنْ لَّدُنْكَ ذُرِّيَّةً طَيِّبَةً ○

" အို ... ကျွန်တော်မျိုးအားမွေးမြူဖန်ဆင်းတော်မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးကို မိမိထံတော်မှသားကောင်းရတနာတစ်ပါးကိုချီးမြှင့်ပေးသနားတော်မူပါ။ "

ကျမ်းတော်မြတ်ကုရ်အာန်မှာ အင်မ်ရာန်ရဲ့ဇနီးသည်က ဤကဲ့သို့ဒုအာပြုတောင်းဆိုခဲ့တယ်။ 

رَبِّ إِنِّىْ نَذَرْتُ لَكَ مَافِىْ بَطْنِىْ مُحَرَّرًا فَتَقَبَّلْ مِنِّىْ ○

" အို ... ကျွန်တော်မျိုးမအား မွေးမြူဖန်ဆင်းတော်မူသောအရှင်၊ စင်စစ်ဧကန် ကျွန်တော်မျိုးမသည်အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ ဝတ်ပြုနိုင်စေခြင်းငှါ လွတ်လပ်စွာထားရှိရန်အတွက် ဓိဌာန်ပြုပါ၏။ "

  သာသနာ့ပညာရှင်တွေကတင်ပြတယ်။ အမျိုးသမီးများအနေနဲ့ကိုယ်ဝန်ဖြစ်လာတဲ့အခါ အင်မ်ရာန်ရဲ့ဇနီးသည် တောင်းခဲ့တဲ့ဒုအာလေးကိုတောင်းမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ကသားကောင်းသမီးကောင်းလေးတွေချီးမြှင့်ပါလိမ့်မယ်။ 

❦ ကြီးကျယ်မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင် ၊ ကျွန်တော်တို့အားလုံးကို ဒီးန်သာသနာတော်ကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိတဲ့သားသမီးကောင်းများ ချီးမြှင့်တော်မူပါ ... အာမီးန်

واخر دعوانا ان الحمد للّه ربّ العالمين ○

The wedding and islamic | Ecency