ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း။ဒီစကားလုံးလေးနှစ်လုံး ဟာဆိုရင် တော်တော်လေးကိုအဓိပ္ပာယ်ခြားနားနိုင်မယ်ဆိုတာ စာဖတ်သူတွေအနေနဲ့လည်း သိမှာပါ။ဆင်းရဲခြင်းဆိုသော အဓိပ္ပါယ်ကတော့ ရိုးရှင်းပါတယ်။ဘာပိုင်ဆိုင်မှုမှမရှိသောဘဝ။ကြမ်းကြမ်းတမ်းတမ်းနဲ့ လုပ်ကိုင်စားရတဲ့ဘဝလို့မြင်မိကြမှာအမှန်ပါ။မှန်ပါတယ်။ဆင်းရဲခြင်းဆိုတာ ကြမ်းတမ်းသော ဘဝလို့ပဲ အများက မြင်နေမှာသေချာပါတယ်။သို့ပေမဲ့ ကျွန်တော့်အမြင်မှာတော့ ဆင်းရဲခြင်းဆိုတာ အေးချမ်းသော ဘဝလေးတစ်ခုပါ။ဥပမာ ဆိုကြပါစို့ ကျွန်တော့်မှာ ငွေတစ်ထောင်ရှိတယ်ဆိုရင် ထိုငွေတစ်ထောင်အတွက် ပူပန်ရတော့မယ်။မရှိမဲ့ရှိမဲ့ငွေလေးပျောက်မှာစိုးတာကို။ထိုနည်းတူစွာပဲ တကယ့်ချမ်းသာသောသူတွေလည်း ကားရှိတယ်ဆို ကားလေးတစ်ခုခုဖြစ်မှာစိုးရိမ်ရစတာတွေနဲ့ ပူပန်နေရမှာပဲမဟုတ်လား။သို့ပေမဲ့မည်သူမဆို ဆင်းရဲခြင်းဘဝတော့ ဘယ်ရောက်ချင်။စာဖတ်သူတွေရော ရောက်ချင်လား။နိုး နိုး ဘယ်သူမှရောက်ချင်မှာမဟုတ်ဘူး။လူတိုင်းတိုင်းက ချမ်းသာ ခြင်းကိုလိုလားကြတယ်။ချမ်းသာခြင်းကို ချစ်မြတ်နိုးကြတယ်။ချမ်းသာတဲ့လူဟာ ဆင်းရဲမှာကို အလွန်ကြောက်ရွံ့ကြတယ်။
ချမ်းသာတဲ့လူတွေဟာ လောဘတွေကြီးလာတတ်ကြတယ်။လောဘပါရင်တော့ အမှား (သို့)မကောင်းမှုဆိုတာ ပါတတ်စမြဲပဲ။ဒီအရာတွေပါလာရင်တော့ ချမ်းသာခြင်းဆိုတာ ဘယ်ကောင်းတော့မလဲ။(အားလုံးကိုတော့ မဆိုလိုပါ။)သမာအာဇီဝ ဘယ်ကျတော့မလဲ။လောဘတွေနဲ့ပြည့်နှက်နေတဲ့ ချမ်းသာမှုအတုအယောင်တွေတာ ဖြစ်ပါလိမ့်မယ်။အဓိကအကျဆုံး အချက်တစ်ခုကတော့ ချမ်းသာလာလျှင် ချမ်းသာသည့်ဒဏ်ကိုခံနိုင်ရမယ်ဆိုတာပါပဲ။ဆင်းရဲတဲ့ဒဏ်ကိုလူတိုင်းခံနိုင်ပါတယ်။သို့ပေမဲ့ ချမ်းသာသောဒဏ်ကို လူတိုင်းမခံနိုင်ကြပါဘူး။ပစ္စည်းဥစ္စာတွေပေါများလာလေလေ သတိထားရလေလေပါပဲ။အကြောင်းအရင်းကတော့ ပျက်စီးဖို့လွယ်ကူလို့ပါ။ပျက်စီးရုံတင်မက မိမိအသက်ပါ ဆုံးရှူံးတတ်ပါတယ်။ချမ်းသာတဲ့ဒဏ်နဲ့ပတ်သတ်လို့ ကျွန်တော့်အတွေ့အကြုံဖြစ်ရပ်မှန်လးတစ်ခု ပြောပြချင်ပါတယ်။
ကျွန်တော် ဆယ်တန်းနှစ်လောက်က ဖြစ်မယ်ထင်ပါသည်။အိမ်ဘေး တစ်အိမ်ကျော်က အဒေါ်ကြီးတစ်ယောက်အကြောင်းပေါ့။သူက တစ်ခြားဇာတိက။ကျွန်တော်တို့ရွှာက လူနဲ့ နဖူးစာရွှာလည်ပြီး အိမ်ထောင်ကျပါလေရော။အိမ်ထောင်စကျတဲ့အချိန်တုန်းကတော့ အတော်လေး ဆင်းရဲရှာတယ်။တစ်နေ့တော့ သူတို့အိမ်ကို ဧည့်သည်ရောက်လာတယ်။ကိုယ်ဝန်အရင့်အမာနဲ့ဧည့်သည်ပေါ့။အဲ့မှာ ကိုယ်ဝန်သည်က ရုတ်တရက်ဆိုသလို ဗိုက်နာပါရော။ပြန်ရမှာက အဝေးကြီး။မအောင့်နိုင်တဲ့အဆုံး အဲ့အိမ်မှာပဲ မွေးရတော့တာပေါ့။အခုကျွန်တော်ပြောပြတဲ့ မီးဖွားတဲ့အကြောင်းကတော့ ဇာတ်လမ်းနဲ့တော့မဆိုင်ပါဘူး။ဗဟုသုတရလိုရငှါပါ။ဆိုတော့ ဧည့်သည်လည်း သူ့တို့အိမ်လေးမှာ မီးဖွားပြီးတဲ့နောက်ပိုင်းမှာတော့ သူ့တို့စီးပွားရေးဟာ ချက်ချင်းဆိုသလိုတိုးတက်လာခဲ့တယ်။တစ်ချို့ကျအယူရှိတယ်။မိမိအိမ်မှာ တိရစ္ဆာန် ဖြစ်ဖြစ်၊လူဖြစ်ဖြစ် ကလေးလာမွေးရင် တိုးပွားတယ်ဆိုပြီး အယူရှိကြတယ်လေ။ခုလည်း ထိုသို့ဖြစ်မယ်ထင်ပါတယ်။ရှေးတုန်းက အယူအဆတစ်ခုပေါ့။တိုက်ဆိုင်မှုတစ်ခုလို့ပဲဆိုရမလားပဲလေ။သူယောက်ျားကလည်း လုပ်သမျှ အလုပ်တွေ ဖြစ်နေတော့ စီးပွားဖြစ်မြန်တာပေါ့။သူက အိမ်မှာ အိမ်ဆိုင်လေးဖွင့် အခြောက်အခြမ်းလေးတွေ ရောင်းရင်း ဝင်ငွေထပ်ရှာတာပေါ့။
ကြာလာတော့ စုမိဆောင်းမိလာတယ်။အိမ်ဆိုင်လေးကလည်း အရမ်းရောင်းရတာပေါ့။အိမ်တွေဘာတွေဆောက် ဆိုင်ကယ်တွေဘာတွေဝယ်ပေါ့။အဲ့ခေတ်ကလည်း ဆိုင်ကယ်ဝယ်နိုင်ရင် အကောင်ပဲ။စက်ဘီးဆိုလည်း ၃..၄စီးတောင်ပေါ့။ခက်သည်က အဲ့အဒေါ်ကြီးက အရင်နဲ့မတူ သူ့ဈတ်တွေပြောင်းလဲလာတာကိုပဲ။ရှင်းရှင်းပြောရရင် ချမ်းသာသည့်ဒဏ်ကိုမခံနိုင်တာပေါ့။မာနတွေရှိကြသည်။ဆင်းရဲသောသူတွေကို မတူသလိုဆက်ဆံလာသည်။တစ်ခါက ကျွန်တော့်မရီး (ဆရာမ)အစည်းအဝေးတစ်ခုကို သွားဖို့ စက်ဘီးခဏငှါးတာကိုစက်ဘီးက ရေဆေးပြီးသားမို့ မငှါးနိုင်ဘူးတဲ့။မိုးတွင်းကြီးဆိုတော့ရွံ့ပေမှာစိုးတယ်ပေါ့။မိမိကလည်းစီးပြီးရင် ပြန်ဆေးပေးရမယ်ဆိုတာ သိပါတယ်။သို့ပေမဲ့ သူ့စိတ်ဓာတ်အမှန်ကို သိသွားခဲ့တယ်။သူနဲ့ကျွန်တော်တို့ဆိုတာအိမ်နီးချင်းဖြစ်သလိုအရမ်းခင်ကြတဲ့ သူတွေပါ။မိသားစုလိုနေလာခဲ့တာ။ကျွန်တော့်စိတ်ထဲတော့ သြော် လူတွေလူတွေ ငွေလေးရှိလာတော့ ဘဝင်တွေမြင့်လာကြတယ်။မာနတွေကြီးလာကြတယ်။ဒီလိုပြောတယ်ဆိုတာကလည်း သူ ကိုယ့်ကိုစက်ဘီးမငှါးလို့မဟုတ်ပါဘူး။တခြား သူ့ထက် မရှိတဲ့သောသူတွေကိုလည်း မတူသလိုမတန်သလိုဆက်ဆံလာတယ်။နောက်ပိုင်း သူတို့အိမ်ဟောင်းကို ဖျက်ပြီး အိမ်အကြီးကြီး ဆောက်လိုက်တော့တယ်။ယောက်ျားဖြစ်သူကလည်း ဝင်ငွေလေး အရမ်းကောင်းတော့ ဆောက်နိုင်တာပေါ့။နောက်ပိုင်းမှာတော့ သူ့ယောက်ျားလည်းခြေလှမ်းတွေပျက်လာတယ်။အကြောင်းကတော့အိမ်ထောင်ရေးဖောက်ပြန်ချင်လာတာပေါ့။မိန်းမဖြစ်သူကလည်း နှစ်လုံးထီတွေ ဘာတွေထိုးတတ်လာတယ်။ငွေကြောင့်လမ်းမှားတွေရောက်တယ်ဆိုရမလား။
သိပ်မကြာပါဘူး သူ့ယောက်ျားက နောက်မိန်းမနဲ့ ခိုးပြေးပါရော။အဒေါ်ကြီးခဗျာ အိမ်ဦးနတ်ပျောက်တဲ့ဘဝကိုရောက်သွားတာပေါ့။အဲ့အချိန်ကစပြီးသူတို့စီးပွားရေးလည်း တဖြည်းဖြည်းကျလာတော့တယ်။နောက်ဆုံး ရှိသမျှပစ္စည်းတွေရောင်းချရသည့်အထိပေါ့။အခုတော့ အဒေါ်ကြီးလည်း ဈေးသည်ဘဝနှင့်ပဲ ပင်ပင်ပန်းပန်းရုန်းကန်နေရပါတော့တယ်။
အခုကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေဟာ တကယ့်ဖြစ်ရပ်မှန်လေးပါ။မည်သူမပြု မိမိမှု လို့ပဲဆိုရမလား။အဓိကပြောချင်တာတော့ ချမ်းသာလာလေလေ သတိထားရလေလေပါပဲ။လူအများစုကဆင်းရဲတဲ့ဒဏ်ကိုခံနိုင်ကြပေမဲ့ ချမ်းသာကြယ်ဝတဲ့ဒဏ်ကို ခံနိုင်ရည် နည်းပါးကြပါတယ်။ထို့ကြောင့်ကျွန်တော့်ရဲ့ steemitညီကိုမောင်နှမများလည်း သတိထားဆင်ခြင်နိုင်ကြရန် ရေးသားလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။
Author by @nandasai(MSC.076)
Photos from Google image