အိပ်မရသော ညတစ်ည။
မိမိဇာတိရွှာနံဘေး ဘုရားပွဲတော်ရှိ၍ဇာတိမြေသို့ ပြန်လာခဲ့သည်။နောက်ပြီး စာများအေးအေးဆေးဆေးရလို့ရပြီဖြစ်၍ပျော်နေမိသည်။ဘုရားလည်းဖူးလိပ်ဥလည်းတူးပေါ့။ထိုအတွက်ကြောင့် promotionအတွက် ရှိသမျှ ဦးနှောက်များအား ဖျစ်ညစ်ပြီး စာရေးရန်စဉ်းစားခန်းဝင်ရတော့သည်။အကြောင်းအရင်းတစ်ခုအားရေးမည်ဆိုပါက ထိုအကြောင်းအရင်း၏ဇာစ်မြစ်ကို သေသေချာချာလေ့လာဖို့လိုနေသေးသည်။ဟိုအကြောင်းရေးကောင်းနိုး ဒီအကြောင်းရေးကောင်းနိုးနှင့် နိဒါန်းပျိုးရန်အတွက် တိုင်ပတ်နေခဲ့သည့် ကျွန်တော့်အဖြစ်။တစ်ခါတစ်ခါ ရေးရင်းတန်းလန်းနှင့် အိပ်ပျော်သွားတတ်သည်။အိပ်ငိုက်တတ်သည်။ယခုညလည်းထိုသို့ပင်။မည်သို့ပင် အိပ်ချင်သော်လည်း ကော်ဖီခားခားတစ်ခွက်နှင့် အဖော်ပြုကာ စာရေးဖို့ လုံးပန်းရဦးမည်။
အိပ်ယာထက် ခွေလိုက် စာထရေးလိုက်နှင့်
promotion အတွက် ကုန်ကြမ်းရှာရသည်မှာလည်း အလွယ်လှပါ။ကုန်ကြမ်းရပြီဆိုပါကလည်း ကုန်ချောအဖြစ် စာစီရသည်မှာ လည်းခက်ခဲပြန်သေးသည်။ရေးရင်းရေးရင်းဖြင့် စိတ်တိုလာသည်။အကြောင်းကတော့ စာရေးရ၍စဉ်းစားနေရသည်ကတစ်ဖက်။ညှော်နံ့ နံသည်ကတစ်ဖက်။ဟုတ်ပါသည်...အရမ်းညှော်နေသည်။ပလက်စတစ်ကိုမီးရှို့  ညှော် အနံ့မျိုး။ခေါင်းထဲ အုံ့တုံတုံ့ဖြစ်ပြီးခေါင်းကိုက်သွားသည့်အထိ ညှော်နံ့ကပြင်းလွန်းသည်။ယခုလိုမျိုး ညှော်နံ့က ကျွန်တော်ရွှာသို့ပြန်လာတိုင်း ကြုံနေကျသလိုပင်။
မည်သူကရှို့နေသလဲဟုသိချင်မိသည်။ထိုအနံမျိုးကလေးမပြောနှင့် လူကြီးပင်မခံနိုင်ပါ။ဆင်ခြင်ခြင်းတရား အသိတရားခေါင်းပါးလွန်းသည်။ထိုအနံ့မျိုးလူကိုအန္တရာယ်ဖြစ်စေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။ပြီးနောက် လေထုညစ်ညမ်းမှုကိုလည်းဖြစ်ပေါ်စေသည်။အသိပညာ ဗဟုသုတနည်းပါးလွန်းသော ထိုသူအတွက် စိတ်မကောင်းဖြစ်မိသည်။တကယ်ဆို ထိုအညစ်အကြေးများ ပလက်စတစ်များအားကျင်းတူး၍ နစ်မြုပ်ပစ်မည်မဟုတ်လား။ဒါမှမဟုတ် တစ်ဖန်ပြန်သုံးရန် ကောင်းမွန်သော ပလက်စတစ်အိပ်များကို ပြန်သုံးသင့်ပါသည်။ငွေကြေးအကုန်ကျသက်သာသောနည်းတစ်မျိုးလည်းဖြစ်တာပေါ့။
ထိုသို့ မဆင်မခြင် ရှို့ခြင်းကြောင်း ဖြစ်ပေါ်လာသော ဆိုးကျိုးများစွာလည်း ကျွန်တော်တို့ ကမ္ဘာမြေကြီးပေါ်သက်ရောက်နေပြန်ပါသေးသည်။အခုဆိုကြည့်ကြည့်ပါ။အိုဇုန်းလွှာပေါက်ပြဲပီး ကမ္ဘာမြေကြီးဟာ တစ်ဖြည်းဖြည်းနဲ့ပူနွေးလာခဲ့ပြီ။ရာသီဥတုများလည်းဖောက်ပြန်နေပြီမဟုတ်လား။ဒါတွေဟာ ကျွန်တော်တို့လူသားတွေ ပြုလုပ်လို့ဖြစ်ပေါ်လာတဲ့ရလဒ်တွေပါ။အထူးသဖြင့် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသောလူတွေကြောင့်ပေါ့။မိမိကောင်းစားရင်ပြီးရောဆိုပြီး တစ်ကိုယ်ကောင်းဆန်အတ္တသမားတွေကြောင့် ယခုလိုအခြေအနေမျိုးရောက်နေခဲ့သည်မဟုတ်လား။ယခုလည်း ထိုလိုပဲ ကျွန်တော်မြင်ပါသည်။ကမ္ဘာနှင့်ချီရင် ယခုလိုအနေအထားဟာ မပြောပလောက်ပေမဲ့အမှိုက်ကအစ ပြသာဒ်မီးလောင်ဆိုသောစကားနှင့်အညီ သူသည်လည်းဆိုးကျိုးတစ်ခုပဲမဟုတ်ပါလား။
မနက်ခင်း ကျွန်တော် အိပ်ယာနိုးနိုးချင်း အမေ့ကိုမေးလိုက်မိတယ်။အမေ ညကအရမ်းညှော်တယ်နော် ဘယ်သူရှို့တာလဲမသိဘူးပေါ့။ထိုအခါ အမေက `ရွှာမြောက်စွန်းက ဒေါ်နုပေါ့ သားရယ် ဘယ်သူရှိမတုန်း အဲ့တစ်အိမ်ဘဲ ရှို့နေတာ ပြောလို့လည်းမရ တစ်ခါက သစ်ရွက်အစိမ်းတွေပုံရှို့လို့သွားပြောရသေးတယ် ကလေးငယ်တွေရှိနေတာတောင်မှ အသိတရားမရှိဘူးလေ"သြော် အမေပြောပြမှဘဲထပ်သိရတော့တယ်။ထိုအမှိုက်မျိုးမိမိအိမ်ဘေးမှာ ကျင်းတူး၍ စွန့်ပစ်ရင်မြေသြဇာတောင်ဖြစ်နေသည်ကို ဘာကြောင့်မသိတာပါလိမ့်။တချို့ကျတော့ အမှိုက်များကိုတမင်လာသယ်၍ ကျင်းထဲထည့်ထားကြသည်။မြေဆွေးဖြစ်မှ ယာထဲကိုင်းထဲသို့သယ်ဆောင်ကာ မြေသြဇာအဖြစ်အသုံးပြုကြသည်ကိုလည်းတွေ့မြင်ဖူးပါသည်။
နောက်လေထုညစ်ညမ်းမှုတစ်ခုအကြောင်းလည်းရေးသားချင်ပါသေးသည်။ထိုအကြောင်းကတော့ မွေးမြူရေးမှတစ်ဆင့် တိရစ္ဆာန် တို့၏အညစ်အကြေးအနံ့တို့ပဲဖြစ်ပါသည်။ကျွန်တော်တို့အိမ်နံဘေးတွင် ဝက်မွေးမြူကြသော လင်မယားနှစ်ယောက်ရှိသည်။ဝက်များမှာလည်းများလွန်းသည်။သူတို့ခြံထဲမှ ဝက်များမှ ဝက်မစင်နံ့များမှာ စိတ်မနစ်မြို့စရာကောင်းလွန်းသည်။အနံ့အသက်ကလည်း ဆိုးဝါးလွန်းသည်။အိမ်နီးချင်းမို့သာ သည်းခံနေ နေရပြီး တစ်ခါတလေ ဧည့်သည်လာလျှင် အရမ်းအားနာရသည်။ကျွန်တော့်အထင် ထိုလိုမျိုးစီးပွားဖြစ်မွေးမြူမည်ဆိုပါက ရွှာပြင် သို့မဟုတ် လူသူနည်းပါးသောနေရာများတွင် မွေးမြူမှသာ သင့်တော်မည်ထင်ပါသည်။ယခုက ဘေးပတ်ဝန်းကျင်အိမ်များအနှောက်အယှက်ဖြစ်ရသည်။ထိုအနံ့အသက်အားနေ့စဉ်ရက်ဆက်ရှူရှိုက်နေရပါက ရေရှည်တွင် ကျန်းမာရေး အတွက် ထိခိုက်လာနိုင်သည်။မိမိတို့စီးပွားရေးအတွက်သူတစ်ပါးထိခိုက်မည်ကိုတော့ မတွေးမိကြ။တခြမ်းစောင်းလွန်းသော အသိဥာဏ်တို့ဖြင့် မဆင်မခြင် လုပ်ကိုင်နေသည်မှာ အံသြဖို့ကောင်းလှသည်။ကိုယ်ချင်းစာတရားနည်းပါးလွန်းသည်ဆိုရမလား။သေချာသည်ကတော့ ဗဟုသုတ အလွန်နည်းပါးလွန်းသည် ဆိုရမည်။သို့သော်မည်သို့ပင်ဗဟုသုတနည်းပားလွန်းသည်ဆိုဦးတော့ ယခုလိုမျိုးပတ်ဝန်ကျင်အား ညစ်နွမ်းစေခြင်းမှာ မိမိအကျိုးအတွက်သာကြည့်ပြီး အများအကျိုးကိုမကြည့်တတ်သော တခြမ်းစောင်း စိတ်ဓာတ်မျှသာ ဖြစ်ကြောင်း ကောက်ချက်ချမိတော့သည်။
Author by @nandasai(msc 076)
Photos from facebook