သစ်တစ်ပင်၏နာကျည်းမှု့

Words
122
Reading
1 min
8y
Listen to this post
~1 min

image

တောလမ်းတစ်နေရာမှာ ကျွန်တော်မားမားမတ်မတ်ကြီး တည်ရှိနေတယ်။ကျွန်တော်ဟာ အကိုင်း,အခက်,အလက်,အရွက်,အသီးတွေနဲ့ ဝေဆာဖြစ်ထွန်းနေတဲ့ သရက်ပင်ကြီးတစ်ပင်ပေါ့။လူတွေက ကျွန်တော့်အောက်က ဖြတ်ကျော်သွားကြတယ်။ကျွန်တော့်ဘေးက ဖြတ်ကျော်သွားကြတယ်။တစ်ခါတစ်ရံမှာတော့ ကျွန်တော့်ကိုမှီပြီး ကျွန်တော့်နားမှာ ခိုနားတတ်ကြတယ်။ကျွန်တော်ကလည်း ကျွန်တော့်နားမှာ ခိုနားတဲ့သူတွေကို ဝန်ဆောင်မှု့ကောင်းကောင်းပေးပါတယ်။ကျွန်တော်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အကိုင်း,အခက်,အလက်,အရွက်တွေနဲ့ ခိုနားတဲ့သူတွေကို နေပူဒဏ်မခံရအောင်,အပန်းပြေအောင် အုပ်မိုး ကာကွယ်ပေးတတ်ပါတယ်။

ဒါတင်မက ကျွန်တော်ဟာ တစ်ခါတစ်ရံမှာ လာရောက်ခိုနားသူများကို ကျွန်တော့်ခန္ဓာကိုယ်မှ ဖြစ်ထွန်းလာတဲ့ အသီးများကို ခြွေချပြီး ကျွေးမွေးလေ့ရှိပါသေးတယ်။ကံကောင်းတဲ့လူတစ်ချို့ဟာ ကျွန်တော့်ခန္ဓာကိုယ်မှာ ခိုနားခွင့်ရရုံမက ကျွန်တော်ပစ်ချပေးတဲ့ အသီးတွေကိုစားခွင့်ရသွားကြတယ်။နောက်ပြီး လူတွေဟာ ကျွန်တော့်ဆီမှာ ခိုနားရတာ နှစ်သက်ကြတယ်။ပျော်ရွှင်ကြတယ်။ကျွန်တော်ပေးတဲ့ အသီးများကိုလည်း နှစ်သက်လွန်းကြတယ်။ဒါ့ကြောင့် တစ်ချို့လူတွေက ကျွန်တော်ခြွေချပေးတဲ အသီးများနဲ့တင် မတင်းတိမ်ဘဲ တုတ်များ,ဝါးများသုံးပြီး ကျွန်တော့်ခန္ဓာကိုယ်မှ အသီးများကို ဆွဲယူစားသုံးတတ်ကြသေးတယ်။ကျွန်တော်ကတော့ ကြည်ဖြူပါတယ်ဗျာ။လူတွေ ယူချင်သလောက် ယူကြပါစေ။သူတို့ပျော်ရင် ပြီးရောပေါ့။ကျွန်တော်လူတွေကို ပေးဆပ်ရတာ နှစ်သက်ပါတယ်။

တစ်ဖြည်းဖြည်းနဲ့ လူတွေဟာ ကျွန်တော့်ဆီက အရိပ်နဲ့အသီးရတာတင် အားမရနိုင်ဘဲ သူတို့ဘဝလုံခြုံဖို့,သူတို့ဘဝအဆင်ပြေဖို့ ကျွန်တော်ဆီက အကိုင်းအခက်တစ်ချို့ကို ခုတ်ယူသွားကြတယ်။ကျွန်တော် ခြေတွေ,လက်တွေလို ဖြစ်တဲ့အကိုင်းအခက်တွေပါသွားလို့ ကျွန်တော်နာကျင်ရပေမယ့်လည်း ကျွန်တော်ဟာ လူတွေကိုပေးဆပ်သွားဖို့ စိတ်ကူးရှိတာမို့ မငြိုငြင်ပါဘူးဗျာ။

"မငြိုငြင်ပါဘူး" "မငြိုငြင်ပါဘူး" လို့ ကျွန်တော်ပြောနေပေမဲ့ တစ်ဖြည်းဖြည်းနဲ့ လူသားတွေကို အကြီးအကျယ်စိတိပျက်ရမဲ့နေ့ဟာ ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။အဲ့ဒီ့နေ့က ကျွန်တော့်ကို ဒီတောအုပ်ကြီးထဲကနေ ပျောက်ကွယ်သွားအောင် အပြီးတိုင်ခုတ်လဲလိုက်ကြတယ်။ကျွန်တော်တင်မက ကျွန်တော့်ဆွေမျိုးရောင်းရင်း အပင်များစွာလည်း ကျွန်တော်နဲ့အတူ အပြီးတိုင် ခုတ်လဲခြင်း ခံလိုက်ရတယ်။

အဲ့ဒီ့နေ့ဟာ ကျွန်တော့်တို့လို အပင်တွေအတွက် ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးနေ့တစ်နေ့ပါပဲ။လူသားတွေရဲ့ မဆုံးနိုင်အောင်ကြီးမားတဲ့လောဘတွေကြောင့် ကျွန်တော်တို့ မတရား သေဆုံးခဲ့ရတယ်။ပျောက်ကွယ်ခဲ့ရတယ်။ခုချိန်မှာတော့ လောကကြီးရဲ့ ရာသီစက်ဝန်းဟန်ချက်ညီအောင် လုပ်ပေးနိုင်တဲ့ ကျွန်တော်တို့လို အပင်တွေ နည်းပါးလာတဲ့လောကကြီးဟာ ဟန်ချက်ပျက်ပြီး ကမောက်ကမဖြစ်လာခဲ့တယ်။ဒါတွေဟာ လောကနဲ့လူသားတွေအတွက် ပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့လို အပင်တွေကို ခုတ်ထွင်ရှင်းလင်းခဲ့မှု့အတွက် ကံကြမ္မာက လူသားတွေကို ပြစ်ဒဏ်ပေးချင်းလားလို့တွေးရင်း ကျွန်တော်ရဲ့ဝိညာဉ်ဟာ မကျေနပ်မှု့တွေနဲ့ အတူ ..လေထဲမှာ ပျံဝဲနေခဲ့ပါတယ်။

Photo credit-https://www.flickr.com/photos/brostad/4729955628

Author-myothuzar,MSC-033

သစ်တစ်ပင်၏နာကျည်းမှု့ | Ecency