အားလုံးသိကြသည့်အတိုင်းပင် ယနေ့သည် ကျွန်တော်တို့ မြန်မာပြည်ကို ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဖြစ်ဖြင့် ကမ္ဘာပေါ်တွင် တည်ရှိနေရန် လွတ်လပ်ရေးအရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည်ပုဂ္ဂိုလ်များ မသမာသူတို့၏ လုပ်ကြံခံမှုကြောင့် ကျဆုံးသွားရခြင်း ( 71 ) နှစ်ပြည့် အာဇာနည်နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။ လွတ်လပ်ရေးရရှိရန် တစ်နှစ်အလိုတွင် လုပ်ကြံခံရခြင်းဖြစ်သောကြောင့် တိုင်းပြည်၏ အလွန်ပင်နစ်နာသော ဆုံးရှုံးမှုကြီးပင်ဖြစ်ခဲ့ပါသည်။
ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရခြင်းကြောင့် မြန်မာပြည်၏ သမိုင်းသည်လည်း ကြီးစွာသော ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ရသည်။ အထူးသဖြင့် မြန်မာပြည်ကြီးတစ်ခုလုံး တောင်တန်း ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးယူရန် ဗိုလ်ချုပ်သည် တိုင်းရင်းသားများနှင့် ပင်လုံစာချုပ်ချုပ် ဆိုခဲ့သကဲ့သို့ ပင်လုံကတိကဝတ်များလည်း ထားရှိပေးခဲ့သည်။
သို့သော် ထို ကတိကဝတ်များသည် များသောအားဖြင့် ဗိုလ်ချုပ် လုပ်ကြံခံခဲ့သည့်အခါ ဗိုလ်ချုပ်နဲ့အတူကျဆုံးသွားခဲ့သကဲ့သို့ တိုင်းရင်းသားများမှလည်း လက်နက်ကိုင်တိုက်ခိုက်ကြသည့် ပြည်တွင်းစစ်သည်ရှည်ကြာသွားခဲ့ရသည်။ ဗိုလ်ချုပ်နှင့် တကွ အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရခြင်းတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ဝန်ကြီးများလည်း ပါဝင်ခဲ့သည်ဖြစ်ရာ တိုင်းရင်းသားများအတွက်လည်း ဆုံးရှုံးမှုကြီးမားသွာ ရိုက်ခတ်ခြင်းခံခဲ့ရသည်။
ဥပမာ ဖြင့်ဆိုရသော် ကျဆုံးသွား အာဇာနည်ပုဂ္ဂိုလ်ကြီး မန်းဘခိုင်သည် ကရင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး၊ မိုင်းပွန်စော်ဘွားကြီးသည် ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်နှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော အာဇာနည်နေ့သည် ပြည်မအတွက်သာမက တိုင်းရင်းသားများအတွက်ပါ နစ်နာရသော၊ဆုံးရှုံးမှုကြီးမားသောနေ့တနေ့ဖြစ်ခဲ့သည်။ အာဇာနည်နေ့ကို အစိုးရအဆက်ဆက် အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအဖြစ်၊ကြီးမားသော ဆုံးရှုံးမှုအဖြစ် နိုင်ငံတော်အလံကို တိုင်တဝင်တွင် လွင့်ထူရသည်။
ထို့အပြင် အာဇာနည်နေ့တွင် ကျောင်းသူကျောင်းသားများ၊အရပ်အဖက်အဖွဲ့အစည်းများ၊အစိုးရအဖွဲ့ဝင်များက အာဇာနည်ကုန်းသို့ဖြစ်စေ၊ ဗိုလ်ချုပ်ရုပ်တုသို့ဖြစ်စေ ချီတက်အလေးပြုကြသည။ လွမ်းသူပန်းခွေများချလေ့ရှိကြသည်။ ကျွနုပ်တို့သည် ဗိုလ်ချုပ်ကိုချစ်လျှင်၊ တိုင်းပြည်အတွက် ပေးဆပ်ရင်းကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားသည်ဆိုလျှင် ပဲပြုတ်နှင့်နံပြားကျွေးရုံနှင့်၊ရုပ်တုတွေထုခြင်းဖြင့် မလုံလောက်ဘဲ ဗိုလ်ချုပ်တို့ ချမှတ်သွားသော လမ်းစဉ်များနှင့် ဗိုလ်ချုပ်တို့ထားရှိခဲ့သော ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန်လိုပါသည်။
written by @mgtoetat
photos from google
MSC-073
post on busy