လုပ်ငန်းခွင်အတွက် အင်တာဗျူးဝင်တဲ့အခါ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ သိထားသင့်တဲ့ အချက်တွေရှိပါတယ်။
WowBox ပရိသတ်တွေ အလုပ်အတွက်အင်တာဗျူးမဖြေခင် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။
(၁) ကြိုတင်ပြင်ဆင်ထားပါ
သင့်ကိုအင်တာဗျူးမယ့်လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းရဲ့အကြောင်း သိအောင်လုပ်ထားပါ။ လုပ်ငန်းရဲ့အကြောင်းကို အင်တာနက်ကနေ ဒါမှမဟုတ် မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေကနေတစ်ဆင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းတင်မဟုတ်ဘဲ ဘာကြောင့် အဲဒီမှာလုပ်ချင်ရတာလဲဆိုတာအချက်အတွက်ပါ ကြိုတင် ပြင်ဆင်ထားပါ။
(၂) သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ
သင့်ရဲ့အ၀တ်အစားကလည်း အရေးကြီးတဲ့အတွက် အနောက်တိုင်းဝတ်စုံပဲဖြစ်ဖြစ်၊ မြန်မာဝတ်စုံကိုပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်နဲ့ ၀တ်ဆင်သွားသင့်ပါတယ်။ (ဥပမာ - ရှပ်အင်္ကျီကို စတိုင်လ်ဘောင်းဘီထဲထည့်ပြီး ခါးပတ်ပတ်ဝတ်တာ၊ ရှပ်အင်္ကျီအဖြူကို ပုဆိုးနဲ့ တွဲဝတ်တာမျိုးပါ)
(၃) သင့်ရဲ့ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်နဲ့ အတွေ့အကြုံတွေကို ထည့်ပြောပါ
သင်လျှောက်ထားတဲ့လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းမှာ သင်ဘယ်လိုပါဝင်ဆောင်ရွက်နိုင်တဲ့အကြောင်း ပြောပြနိုင်အောင် ပြင်ဆင်ထားပါ။ သင့်ရဲ့ ကျွမ်းကျင်မှု၊ စွမ်းဆောင်နိုင်စွမ်းနဲ့ အတွေ့အကြုံတွေအကြောင်းကို ပြောပြပြီး အဲဒီအရည်အချင်းတွေနဲ့ အလုပ်ကို ဘယ်လိုအကောင်းဆုံးလုပ်ပေးနိုင်တဲ့အကြောင်း ပြောပြပါ။
(၄) သက်ဆိုင်တဲ့မေးခွန်းတွေကို ပြန်မေးဖို့အသင့်ပြင်ထားပါ
အင်တာဗျူးဆိုတာ အလုပ်ရှင်အတွက်ချည်းပဲ မဟုတ်ပါဘူး။ သင့်အနေနဲ့လည်း သင်လျှောက်ထားတဲ့ရာထူးနဲ့ပတ်သက်လို့ ပိုပြီး သိဖို့နဲ့ ဒီရာထူးက သင့်အတွက် တကယ်ပဲကိုက်၊ မကိုက်ဆိုတာသိဖို့ သက်ဆိုင်တဲ့မေးခွန်းတွေကို မေးမြနသင့်ပါတယ်။
(၅) အင်တာဗျူးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ အထောက်အထားများ ယူဆောင်သွားပါ
ဥပမာအားဖြင့် သင့်ရဲ့ CV မိတ္ထူ၊ ဘွဲ့၊ ဒီပလိုမာ၊ Certificate မိတ္ထူ၊ သင်လုပ်ဆောင်ခဲ့တဲ့ အရင်ကအတွေ့အကြုံတွေကို သက်သေပြတဲ့ အထောက်အထားနဲ့ ထောက်ခံပေးသူတွေရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို အသင့်ပြင်ပြီး ယူသွားသင့်ပါတယ်။
(၆) အင်တာဗျူးအချိန်ကို နောက်မကျပါနဲ့
ဒါက အရေးအကြီးဆုံးအချက်ပါ။ အလုပ်ခွင်မ၀င်ခင်ကတည်းက နောက်ကျနေတဲ့သင်ဟာ အင်တာဗျူးမှာ အမှတ်တွေ အများကြီး လျော့သွားနိုင်တဲ့အတွက် အင်တာဗျူးမယ့်နေရာကို သွားရင်ကြာမယ့်အချိန်၊ လမ်းမှာ ကားပျက်၊ မီးပွိုင့်မိနိုင်တဲ့အချိန်တွေကိုပါ ထည့်သွင်းတွက်ချက်ပြီး စောစောသွားသင့်ပါတယ်။
(၇) ထိတ်လန့်ကြောက်ရွံ့မနေပါနဲ့
ဘယ်အလုပ်ရှင်ကမှ သင့်ကို အမှားမှားအယွင်းယွင်းဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူး။ သင့်ရဲ့စိတ်ကို ဖြေလျှော့ပြီး ပေါ့ပေါ့ပါးပါး နေသင့်ပါတယ်။
(၈) သင့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ညာမပြောပါနဲ့
သင့်ရဲ့လုပ်ငန်းကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်၊ လုပ်ငန်းအတွေ့အကြုံတွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်ပြီး အမှန်အတိုင်း ပြောဖို့ အရေးကြီးပါတယ်။ ဇာတ်လမ်းအသစ်တွေ ထွင်ပြီး မပြောပါနဲ့။ သင်ဟာ ဘယ်သူလည်းဆိုတာ အင်တာဗျူးတဲ့သူကို သိအောင်ပြလိုက်ပါ။
(၉) ဖေ့စ်ဘွတ်နဲ့တခြားလူမှုရေးဝက်ဘ်ဆိုဒ်တွေမှာ post တွေ အများကြီးမတင်ပါနဲ့
အလုပ်ရှင်တွေလည်း အခုအချိန်မှာ ခန့်ထားမယ့်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုဆောင်းရှာဖွေဖို့အတွက် လူမှုရေးဝက်ဘ်ဆိုဒ်တွေကို သုံးနေပြီဆိုတာ သတိရပါ။ မိမိတင်တဲ့ post တိုင်းကို သတိထားပါ။
(၁၀) အလုပ်မရလို့ စိတ်ဓာတ်မကျပါနဲ့
ကိုယ့်လိုပဲ တခြားလျှောက်တဲ့သူတွေအများကြီးရှိတယ်ဆိုတာ သတိရပါ။ မိမိဘာကြောင့် ဒီရာထူးကိုမရတာလဲဆိုတဲ့ feedback မှတ်ချက်ကို ပြန်ရအောင်လုပ်ပါ။ ဒီကနေမှ အတွေ့အကြုံကောင်းယူပြီး နောက်လျှောက်မယ့်အလုပ်တွေမှာ အလားတူအမှားမျိုး ထပ်မဖြစ်အောင် ကြိုတင်ပြင်ဆင်သွားနိုင်မှာ ဖြစ်ပါတယ်။