Children are Future

Words
172
Reading
1 min
Listen
Play
9y

အရိပ်လုံလောက်စွာမပေးနိုင်သောသစ်ပင်ဘဝ

ကျွန်မက ဆရာမတစ်ယောက်ပေါ့ သိပ်ကြီးကျယ်ပြည့်စုံနေတဲ့ မြို့ကဆရာမတော့မဟုတ်ပါဘူး တောနယ်လေးတစ်ခုက ဆရာမပါ ဆရာဘဝကို ဝါသနာပါ မက်မောလို့ ရွေးချယ်ခဲ့ပါတယ် လစာကတော့ သိတဲ့အတိုင်းပါပဲ တိုးပေးဖို့ လည်း မပြောနေပါဘူး ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းမို့ ပါ

ကျတဲ့နေရာက တောစစ်စစ်ပေါ့ အိမ်နဲ့၂နာရီနီးပါးဆိုင်ကယ်စီးရတယ် လမ်းကြမ်းတယ် ပင်ပန်းတာပေါ့ ဒါပေမယ့် ကျောင်းရောက်လို့  ကလေးတွေမျက်နှာမြင်တော့လည်း အမောပြေတာပါပဲ သိပ်ဖြူစင်တဲ့ကလေးတွေ မနာလိုစိတ်မရှိဘူး လောဘမသိဘူး အဖြူရောင်စစ်စစ်တွေ ပေါ့

သူတို့ ဆီမှာ ဆင်းရဲချမ်းသာ ရုပ်ဆိုးရုပ်လှမခွဲဘူး ဆရာဟာ ဆရာပဲအတွေးနဲ့ ချစ်ကြပါတယ် သိပ်ဖြူစင်ကြတယ် အဆင့်အတန်း ဆင်းရဲချမ်းသာ သူ့ တို့ ရင်ထဲမရှိကြဘူးလေ တောရွာကဆိုတော့ စာတော့ မနဲလုပ်ခိုင်းရတယ် ခုတော့လုပ်လာကြပါပြီ ကြိုးစားလာကြတယ် တစ်ယောက်စာမရ ရင် တယောက်က ကူရှင်းပြကြတယ် စည်းလုံးကြတယ်

တစ်ခါတလေတော့ ဆင်းရဲလွန်းတာဟာအပစ်တစ်ခု လို့  ပြောရမလိုပါပဲ ဘာ့ကြောင့်လဲဆိုတော့ စာအုပ်တောင်မဝယ်နိုင်တဲ့ကလေးတွေဟာ သိပ်သနားဖို့ကောင်းလို့ ပါ သူတို့ ရဲ့ဆိုးဝါးတဲ့ကံတရားပေါ့ ဒီလို မပြည့်စုံတဲ့ကလေးတွေကို မိဘကလွဲချစ်ခင်သူ အလေးထားသူ တကယ်ရှားပါတယ် တချို့ဆို မိဘတွေက ပါ ပစ်ပယ်ထားကြတယ် နွေးထွေးမှုပေးသူမရှိဘူး လိုအပ်ချက်ဖြည့်ဆည်းပေးသူမရှိဘူး

လူ့ ဘဝဟာ သိပ်ကိုဆန်းကြယ်ရှုပ်ထွေးပါတယ် ကိုယ်ဘာလုပ်ချင်လဲ ဘာလုပ်နိုင်လဲသိဖို့ လည်း လိုမယ်ထင်တာပါပဲ ကျွန်မ ကိုယ်တိုင်လဲ ဒီလိုပဲတွေး လျှောက်လာခဲ့တာ ခရီးတဝက်တောင်ရောက်တော့မှာပေါ့ ဒါဆို ဘာမှမသိတဲ့ ပညာမထွန်းကားတဲ့ တောနေရာ မိဘတွေမထောက်ပံ့နိုင်တဲ့တောနေရာကကလေးတွေဆို ဘယ်လို လုပ်ကြမလဲတွေးမိတယ်

ကျွန်မတပည့်တွေထဲမှာတောင် ဥာဏ်မကောင်းလို့  စာမလိုက်နိုင်သူ စာပေ စိတ်မဝင်စားသူတွေရှိတယ် ကျွန်မတွေးတာက သူတို့ လေးတွေဘဝက မပြည့်စုံဘူး ဒါကြောင့် စာမတော်ရင်တောင် မြန်မာစာရေးတတ်ဖတ်တတ် သင်္ချာတွက်တတ်လောက်ဖြစ်ပြီး သူတို့  ဘဝရပ်တည်နိုင်မယ့် လက်မှုပညာလေးတွေသင်ပေးချင်မိတယ် ပညာရေးစနစ်ကြောင့် လပိုင်းမှီအောင်သင်နေရတော့ တစ်ခြားလည်း သိပ်မသင်ဖြစ်ပါဘူး လက်ရှိပညာရေးစနစ်ကလည်း လှေသာလှော်နေတာ လှော်တက်ကမပါဘူးဖြစ်နေတာ ဒီလိုပြောလို့ လည်း ဝန်ထမ်းတွေအပစ်မတင်ပါဘူး သူတို့ ခမျာလည်း မလောက်တဲ့လစာကို ခြစ်ခြုပ်သုံးပီး လုပ်နေရတော့
ကလေးတွေလည်း အဆင်မပြေ ဆရာတွေလည်းအဆင်မပြေပါဘူး ခိုကပ်နေသူကတော့သက်သာပါတယ် တကယ် လုပ်ပေးချင်တဲ့ဆရာတွေအတွက် တော့ ခက်ခဲမှုများစွာနဲ့ပေါ့
စာညံ့တဲ့ကလေးတွေကို မအောင်တာမရှိသင်ပေးရမယ်ဆိုတဲ့ အလုပ်ကလွဲလို့  ဘဝရပ်တည်မှုပညာရပ်ကို သင်ပေးနိုင်တဲ့ အနေအထားကလည်း ဒီနိုင်ငံအခြေအနေမှာမရှိလာသေးပါဘူး ဒီတော့ ကလေးတွေက နိုင်ငံသားကောင်းဖြစ်ဖို့ အခွင့်အရေးတွေဆုံးရှုံးရရှာတယ် ပြည့်စုံတဲ့ဘဝလေးတွေရဖို့  ခက်ခဲလာတယ် ကလေးတိုင်း မပြည့်စုံမှုများလာတဲ့အချိန် နိုင်ငံဟာလည်း တိုးတက်မှုနှေးလာရပါတယ်
ဒီလို လည်ပတ်နေတဲ့ သံသရာထဲမှာ ကျွန်မတပည့်တွေက ဘာမှမသိပဲ ဖြူဖြူစင်စင်ပြုံးနေလို့  ကျွန်မပိုဝမ်းနည်းရပါတယ်

ဒါပေမယ့် ဒီလို ဖြူစင်တဲ့အပြုံးလေးတွေကတော့ အစဉ်ဖူးပွင့်နေစေချင်ပါတယ်

mee chit
MSC109
image

image

image

Children are Future | Ecency