Children & Dangerous in learning ! ကလေးငယ်နှင့် သင်ကြားရေး၏ အန္တရာယ်
ကလေးငယ်နှင့် သင်ကြားရေး၏အန္တရာယ်
Image credit - http://pbskids.org/learn/
ကလေးငယ်တစ်ဦးမွေးဖွားလာတာနဲ့ သူတို့အတွက် ပညာရေးဆိုတာလည်း ယှဉ်တွဲပါလာပါတယ်။ ငယ်စဉ်ကတည်းက စကားတီတီတာတာ ပြောတတ်အောင် မိဘတွေက သင်ကြားပေးခဲ့ရပါတယ်။ နောက်ပိုင်း အရွယ်ရောက်လာတော့လည်း မှောက်အိပ်တတ်အောင် လေးဖက်ထောက်တတ်အောင် တွားသွားတတ်အောင် လမ်းလျှောက်တတ်အောင် တစ်ဆင့်ခြင်း သင်ပေးခဲ့ရပါတယ်။ အဲဒီနောက် စကားပြောတတ်နိုင်တင်မက စာတွေပါ ဖတ်တတ်ပြီး လူလူချင်း ဆက်သွယ်တတ်အောင် ကကြီး ခခွေးကနေ အေဘီစီအဆုံး သင်ပေးပြန်ပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲ။ သူတို့ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးတာ အညွန့်တလူလူတက်လာတဲ့ သူတို့အနာဂတ်ကို ရေလောင်းပေါင်းသင်ပေးတာသာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကူးတွေ လွဲလာတာ တချို့ကို တွေ့မြင်ရတဲ့အခါမှာ အရမ်းအံ့အားသင့်ခဲ့ရပါတယ်။
ဆရာ/ ဆရာမတွေရဲ့တာဝန်က ကလေးငယ်တွေကို စာသင်ပေးရတာ မဟုတ်ပါဘူး။ ပညာသင်ပေးရတာပါ။ သင်ရိုးထဲက စာတွေ ကလေးတွေ ပါးစပ်ဖျားမှာ ရောက်ရင် ပြီးပြီဆိုတဲ့ သဘောနဲ့များ သင်နေသလား မသိပါ။ ကလေးတချို့ဟာ စာတော့ ရနေပါရဲ့။ အဲဒီစာဟာ ဘာစာလဲ မသိပါဘူး။ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ပြောပြပါရစေ။ ကလေးဟာ စာကို တတွတ်တွတ်နဲ့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူဆိုတဲ့စာကို လက်ညှိုးထောက်ပြီး တစ်လုံးစီ မေးကြည့်တဲ့အခါ သူဆိုတာ ဘာမှန်း မသိတော့ပါဘူး။ အေ ပီ ပီ အယ်လ် အီး အက်ပဲလ် ပန်းသီးဆိုတာတော့ သိပေမယ့် ပီကို လက်ညှိုးထောက်ပြီး အဲဒါက ဘာစာလုံးလဲဆိုရင် မသိတာပါ။ ကျောက်သင်ပုန်းပေါ်က ဆရာမရဲ့စာကို ကူးယူတတ်ပေမယ့် ခေါ်ပေးတဲ့စာကို ကိုယ့်စာအုပ်ပေါ်မှာ ချမရေးတတ်တာကိုလည်း မျက်မြင်ကိုယ်တွေ့ပါ။ ဒါဟာ ဘာကို ပြနေတာလဲ။ တိုးတက်မှုလား ဆုတ်ယုတ်မှုလား။ အိုးထိန်းသည်တွေရဲ့ရေသာခိုမှုကြောင့် ပုံပန်းမကျတဲ့အရုပ်တွေ ထွက်လာတာလား။ စဉ်းစားစရာဖြစ်နေပါတယ်။
ဟုတ်ပြီ ... အခုလိုမျိုး အခြေအနေတွေတော့ ဖြစ်နေပြီ ... အနာဂတ်မှာရော ထပ်ဖြစ်ဦးမလား။ အမေးရှိက အဖြေရှိဆိုသလို ... အနာဂတ်မှာ သတိမမူဘဲ ထပ်တူအမှားမျိုး ကျူးလွန်မယ်ဆိုရင်တော့ ဒီလိုအဖြစ်တွေက ဆက်ရှိဦးမှာပါ။ ဆရာ/ ဆရာမတွေဟာ ကလေးကို သေချာအာရုံစိုက်ပေးရပါမယ်။ သူတို့ဆိုပုံ သူတို့လုပ်ဆောင်ပုံ သူတို့ပြောပုံ အမူအယာတွေကို သေချာအကဲခတ်နေပြီး အမှားကို ပြန်ပေးရပါမယ်။ မိမိတာဝန်ကျေရုံ သဘောထား သင်ကြားမနေဘဲ ကိုယ်သင်ပေးတဲ့စာကို ဒီကလေးအနေနဲ့ သဘောပေါက်နားလည်လားဆိုတာကို ဆန်းစစ်ပေးနေရပါမယ်။
ထပ်မံသတိပေးပါရစေ။ ဆရာ/ ဆရာမတွေရဲ့လက်ထဲမှာ တိုင်းပြည်ရဲ့အနာဂတ်ပန်းပွင့်လေးတွေ ရှိနေပါတယ်။ သူတို့ကို မွှေးပျံ့အောင် ထိန်းသိမ်းမလား။ ခြောက်သွေ့အောင် ပစ်ထားမလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။ ဒါပေမယ့် အနာဂတ်မှာ ကိုယ့်လိပ်ပြာကိုယ်သန့်အောင် ဆောင်ရွက်ရမှာက မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ပါ။
Image credit >>> http://www.newkidscenter.com/Happy-Children.html
အနာဂတ်မှာ ပန်းများ လန်းဆန်းစေရန် ရည်သန်လျှက်
@linthitsar