ဟိုးရှေးရှေးတုန်းကပေါ့ကွယ် .... အပိုင်း-၁

Words
317
Reading
2 min
Listen
Play
8y

Source


post မတင်တာကြာနေလို့ ဒီနေ့တော့ တစ်ခုခုပဲဖြစ်ဖြစ် တင်မယ် စိတ်ကူးမိပါတယ်။ ဘာတွေ တင်ရင်ကောင်းမလဲ စဉ်းစားတော့ ခေါင်းထဲမှာ ပေါ်မလာပါဘူး။ ဒါကြောင့် ကိုယ်သိတာလေးတွေကို စုစည်းပြီး ပုံပြင်လေးတွေအဖြစ် ပြုလုပ်လိုက်ပါမယ်။ သမီးလေးကြီးလာရင် ပြောစရာ ပုံပြင်လေးတွေလည်း ရသွားတာပေါ့။ ဒါကြောင့် သမီးလေးကို ပြောပြနေတဲ့ပုံစံနဲ့ ရေးလိုက်ပါမယ်။


သမီးလေးရေ ...

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ...

တောအုပ်ကြီးတစ်အုပ်မှာ ယုန်လေးတစ်ကောင်နေထိုင်တယ်။

သူက ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တိရိစ္ဆာန်မှန်သမျှကို ကူညီတာကြောင့် အကုန်လုံးက သူ့ကို ချစ်ကြတယ်။ သူကလည်း သူနေထိုင်တဲ့နေရာက တောတိရစ္ဆာန်အားလုံးကို ချစ်မြတ်နိုးတယ်။ ရာသီဥတုအခြေအနေကောင်းမွန်တာကြောင့် အစာရေစာပေါကြွယ်ဝပြီး တောအုပ်လေး ဘေးကနေ ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းလေးကြောင့်လည်း သောက်စရာရေ ဖူလုံကာ သူတို့နေထိုင်ရာနေရာဟာ အိုအေစစ်တစ်ခုလို ဖြစ်နေတာပေါ့ကွယ် ... အိုအေစစ်ဆိုတာ ဘာလဲ သမီးလေး သိလား ... မေကြီးပြောပြမယ် ... မေကြီးတို့က သာယာတဲ့နေရာကို နှိုင်းယှဉ်ရင် နိဗ္ဗာန်ဘုံနဲ့ နှိုင်းယှဉ်ကြတယ်။ ဒါပေမယ့် နိဗ္ဗာန်ဘုံဆိုတာ စာတွေ ပုံပြင်တွေထဲမှာသာ ရှိပြီး သာမန်လူတွေအနေနဲ့ ကြားဖူးသမျှ ချဲ့ကားပြောနေတာကြောင့် မေကြီးက အဲဒါနဲ့ နှိုင်းယှဉ်မပြတာပါ ... အိုအေစစ်ဆိုတာက ပူလောင်ခြောက်သွေ့တဲ့ ကန္တာရထဲမှာ ရေချိုရရှိပြီး အေးမြတဲ့နေရာလေး တစ်ကွက်ပေါ့ ... သာယာမှုဆိုတာ ပင်ပန်းဆင်းရဲမှုနဲ့ နှိုင်းယှဉ်မှ ပေါ်လွင်တာပါ။ ပင်ပင်ပန်းပန်း ခရီးဆက်ခဲ့ရတဲ့ သူတွေအတွက် အိုအေစစ်ဟာ ဘုရားပေးတဲ့လက်ဆောင်မွန်ပါပဲ သမီးရယ် ... အိုအေစစ်အကြောင်းကို သမီးသိပြီဆိုတော့ မေကြီးရဲ့ပုံပြင်ကို ထပ်ဆက်လိုက်ပါမယ်။

တစ်နေ့တော့ ဘာဖြစ်မှန်း မသိဘူး ... သူတို့တောအုပ်ဘေးမှာ စီးဆင်းနေတဲ့ စမ်းချောင်းလေးမှာ ရေတွေ တဖြည်းဖြည်းနည်းသွားပါတယ်။ ဒါကြောင့် အားလုံးဟာ ရေကို ချွေတာ သုံးစွဲနေကြရပါတယ်။ ရေမရှိတာကြောင့် အပင်တွေလည်း ညိုးနွမ်းခြောက်သွေ့လာပြီး အားလုံးဟာလည်း စိတ်မရွှင်ပျတော့ပါဘူး။ ကိုယ်ပိုင်တဲ့ အစားအစာ၊ ရေတွေကို သေချာသိမ်းဆည်းလာကြသလို ပျောက်ဆုံးမှုတွေလည်း ရှိလာပါတယ်။ ဒါကြောင့် အားလုံးဟာ တစ်ဦးနဲ့ တစ်ဦးရန်လိုလာကြပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် သက်ရှိသတ္တ၀ါအားလုံးဟာ အဆင်ပြေနေတဲ့အချိန်မှာသာ စိတ်ကောင်း စေတနာကောင်းကို မွေးမြူနိုင်ကြပြီး အဆင်မပြေတဲ့ အချိန်အခါရောက်ရင် ဖြူစင်တဲ့ စိတ်ထားဟာ အရောင်ဆိုးခြင်း ခံလာရတယ်ဆိုတာပါပဲ။ အချင်းချင်း မယုံမကြည်ဖြစ်လာပြီး ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ဒုနဲ့ဒေးပါပဲ။

ဒီအခြေအနေကြောင့် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယုန်ကလေးလည်း စိတ်ညစ်လာပါတယ်။ အရင်တုန်းက သူ ဟာသပြောရင် အားလုံးက လိုက်လံရယ်မောပေမယ့် အခုတော့ သူ့ကို မောင်းထုတ်လာကြပါပြီ။ အဲဒီလို အခြေအနေတွေ ဆိုးဝါးနေပေမယ့် တောတိရစ္ဆာန်တွေဟာ ဘာကြောင့် အခုလို ဖြစ်တာလဲဆိုတာကို အဖြေမရှာကြပါဘူး။ လက်ရှိ ကိုယ်ပိုင်ဆိုင်တာတွေ မပျောက်ပျက်အောင်ဘဲ ဂရုစိုက်နေကြပါတယ်။ ဒါဟာ လူတွေရဲ့ အတ္တကြီးမှု တစ်ကိုယ်ကောင်းဆန်မှုကို ထပ်ဟပ်စေတဲ့ အချက်ပါပဲ။

အားလုံးကို ကူညီပေးချင်တဲ့ ယုန်ကလေးဟာ ဒီအခြေအနေကို အဖြေရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူစုဆောင်းထားတဲ့ စားစရာလေးတွေကို သယ်ပိုးပြီး ရေစီးဆင်းဖူးတဲ့ စမ်းချောင်းလေးရဲ့ အပေါ်ကို တက်ခဲ့ပါတယ်။ တဖြည်းဖြည်း တက်လာလိုက်တာ တစ်နေ့နဲ့ တစ်ည ခရီးအကြာမှာတော့ ရေတွေ ဘာကြောင့် မစီးဆင်းသလဲဆိုတဲ့ အဖြေကို သိသွားပါတယ်။ ကျောက်တုံးကြီးတစ်တုံးက ရေစီးဆင်းတဲ့လမ်းကြောင်းကို ပိတ်ဆို့ပြီး ရေလမ်းကြောင်း ပြောင်းသွားတာကြောင့်ပါ။ အဲဒီနေရာမှာ သမီးလေး ဘာကို သင်ခန်းစာ ရလိုက်သလဲ။ တစ်နေ့နဲ့ တစ်ညသာ ပင်ပန်းမယ့်ကိစ္စကို ချက်ချင်း ထမလုပ်တာကြောင့် အားလုံးဟာ တစ်လကျော်ကြာအောင် ပြဿနာတွေ တက်နေခဲ့တယ်ဆိုတာပါပဲ။


Source


ယုန်ကလေးဟာ ကျောက်တုံးကြီးကို ရွှေ့မလို့ လုပ်တယ်။ ဒါပေမယ့် ကျောက်တုံးက ကြီးမားတာကြောင့် ဘယ်လိုမှ ရွှေ့မရဘူး ဖြစ်နေပါတယ်။ ဒါကြောင့် အကြံဥာဏ်ထုတ်ရတော့တယ်။ ဘေးနားက မြေကြီးမှာ မြုပ်နေတဲ့ သစ်ကိုင်းတစ်ကိုင်းကို ရအောင် ဆွဲထုတ်ယူပြီး အဲဒါကို ကုတ်တစ်ခုလိုသုံးပြီး ကျောက်တုံးကြီးကို ဘေးရောက်သွားအောင် တွန်းထုတ်တာပါ။ ကုတ်ဆိုတာက အတုံးတစ်တုံးပေါ်မှာ တင်ပြီး အစတစ်ဖက်က ကိုယ်ရွှေ့လိုတဲ့ ပစ္စည်းအောက်မှာ ထည့်ထားရတဲ့ တုတ်ချောင်း သစ်ချောင်းတစ်ခုပါ။ အခြားအစတစ်ဖက်ကို ဖိလိုက်ရင် ကျောက်တုံးအောက်က အစဟာ မ, တက်လာပြီး အင်အားအနည်းငယ်ရှိရုံနဲ့ လေးလံတဲ့အရာတွေကို ရွေ့သွားစေပါတယ်။

ဒီလို ကြိုးစားပြီး လုပ်တော့ ကျောက်တုံးကြီးဟာ ကြွတက်လာပါတယ်။ နောက်ဆုံး ဘေးကို ရောက်ပြီး ရေတွေဟာ နဂိုအတိုင်း စီးဆင်းသွားပါတယ်။ ယုန်ကလေးကလည်း သူ ကုတ်လို သုံးထားတဲ့ သစ်ကိုင်းချောင်းကို စီးပြီး ရေစီးအတိုင်း တောအုပ်ကို ပြန်လာခဲ့ပါတယ်။ ရေစီးအားကြောင့် မကြာခင်မှာပဲ တောအုပ်ကို ရောက်ရှိလာပြီး ပျော်ရွှင်နေတဲ့ တိရစ္ဆာန်တွေကို အမြင်မှာတော့ မောပန်းသမျှ ပြေပျောက်ခဲ့ရပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် အများအကျိုးကို ဆောင်ရင် ကိုယ်လည်း စိတ်ချမ်းသာပြီး ကိုယ့်အခက်အခဲလည်း ပြေလည်သွားမယ်ဆိုတာပါပဲ။

ကဲ ... ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ သမီးလေးလည်း ယုန်ကလေးအကြောင်းကို စဉ်းစားပြီး သာယာသော ညချမ်းလေး ဖြစ်ပါစေလို့ မေမေဆုတောင်းပေးပါတယ်။


Source


ဟိုးရှေးရှေးတုန်းကပေါ့ကွယ် .... အပိုင်း-၁ | Ecency