အယ်ပီဂျီအေနှစ်ပိတ်ပွဲကြီးနှင့် တစ်နှစ်တာ အကောင်းဆုံးဆုများ
ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဂေါက်တိုးဖြစ်သော အမေရိကန်အယ်လ်ပီဂျီအေတိုးသည် ၂၀၁၇ခုနှစ်အတွက် နှစ်ပိတ်ပြိုင်ပွဲကြီးအဖြစ် CME Group Tour Championshipအား နိုဝင်ဘာလ ၁၆ရက်နေ့မှ ၁၉ရက်နေ့အထိ ဖလော်ရီဒါပြည်နယ်ရှိ Tiburon Golf Club တွင်ကျင်းပခဲ့ပါသည်။ နှစ်ပိတ်ပွဲဆိုသည့်အတိုင်း ပွဲကြီး၏ ရလဒ်များအပေါ်မူတည်ပီးတော့တစ်နှစ်တာ အကောင်းဆုံးဆုများအတွက် အဖြေများထွက်လာမည်ဖြစ်ရာ ပွဲမစမီကတည်းက စိတ်ဝင်စားစရာဖြစ်နေခဲ့ပါသည်။
ပွဲမှ ဆုကြေးစုစုပေါင်း ဒေါ်လာ ၂.၅သန်းပေးထားပြီး ဗိုလ်စွဲသူက ဒေါ်လာ ၆၂၅.၀၀၀ရပါမည်။ ထို့အပြင် ယခုနှစ်အစပွဲမှ ယခုပွဲအထိ တစ်နှစ်တာ ရလဒ်များအပေါ် အမှတ်များပေးထားသော Race to CME Globe အမှတ်ဇယားကလည်း ရှိနေပြန်ပါသည်။ ပွဲကြီးအပြီးတွင် အမှတ်ဇယားအား အပြီးသတ်မည်ဖြစ်ကာ အမှတ်အများဆုံးရသူက Race to CME Globe ချန်ပီယံအဖြစ် အပိုဆောင်းဆုကြေးဒေါ်လာတစ်သန်းရပါမည်။ထို့အပြင် ပွဲပြီးပါမှ အယ်လ်ပီဂျီအေတိုး၏(၁)နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆု၊(၂)တစ်နှစ်တာဆုကြေးအများဆုံး ဂေါက်သီးမယ်ဆုနှင့် (၃)တစ်နှစ်တာ ပျှမ်းမျှရိုက်ချက်အနည်းဆုံးဂေါက်သီးမယ်ဆုများ မည်သူဆွတ်ခူးသည်က အဖြေထွက်ပေါ်လာပါမည်။
၂၀၁၇ခုနှစ်အတွင်း အယ်လ်ပီဂျီအေတိုးပြိုင်ပွဲများသည် အလွန်အကြိတ်အနယ်ရှိခဲ့ပါသည်။ ပထမဆုံးကျင်းပသောပွဲမှ ၁၅ပွဲဆက်တိုက်တွင် ကွဲပြားခြားနားသော ချန်ပီယံ၁၅ဦးပေါ်ထွက်ခဲ့ပါသည်။ ထိုကာလအတွင်း မည်သူမျှနှစ်ကြိမ်ဗိုလ်မစွဲနိုင်ခဲ့ပါ။ အမျိုးသမီးမေဂျာပွဲကြီး၅ပွဲတွင်လည်း မည်သူမျှမေဂျာတစ်ပွဲမကဗိုလ်မစွဲနိုင်ခဲ့ပါ။ တစ်ကမ္ဘာလုံးမှ ပေါ်ထွက်လာသောအလွန်ထူးချွှန်သည့် ဂေါက်သီးမယ်များ အကြိတ်အနယ်အပြိုင်အဆိုင်ရှိနေပုံပေါ်လွင်နေပါသည်။
အယ်လ်ပီဂျီအေတိုး၏ အခြားနှစ်ပတ်လည်ဆုတစ်မျိုးမှာ တစ်နှစ်တာအကောင်းဆုံး လူသစ်ဂေါက်သီးမယ်ဆုဖြစ်ပါသည်။ အယ်လ်ပီဂျီအေသည် ဆုတိုင်းအား အမှတ်ဖြင့်ရွေးချယ်ပါသည်။ တစ်နှစ်တာအကောင်းဆုံးလူသစ်ဂေါက်သီးမယ်ဖုကိုမူ ဆန်ဟွန်ပတ်ခ်(Sung Hyun Park or SH Park)ကရရှိသွားကြောင်း အောက်တိုဘာလ၁၈ရက်နေ့ကတည်းက အယ်လ်ပီဂျီအေကကြေညာခဲ့ပါသည်။ထိုသို့တစ်နှစ်တာပွဲစဉ်များမပြီးမီ ငါးပွဲအလိုကတည်းက အချိန်စောစွာကြေညာနိုင်ခြင်းမှာ အမှတ်ဇယားတွင် ဆန်ဟွန်ပတ်ခ်အား အခြားမည်သည့် ဂေါက်သီးမယ်မှ လိုက်မမီနိုင်တော့သောကြောင့်ပါ။ ပတ်ခ်သည် အသက်၂၄နှစ်ရှိပါပြီ။ မိခင်ကိုးရီးယားနိုင်ငံတွင် ၂၀၁၅ခုနှစ်ကစတင်အောင်ပွဲများရခဲ့ပေရာ ယခုအခါအထိ စုစုပေါင်း ၁၀ပွဲဗိုလ်စွဲပြီးပါပြီ။ ၂၀၁၇ခုနှစ်တွင် အယ်လ်ပီဂျီအေတိုးတွင် စတင်ပီး အခြေချကစားခဲ့သည်။ သူမသည် ဇူလိုင်လကကျင်းပခဲ့သော ယူအက်စ်အမျိုးသမီး အိုးပင်းမေဂျာပွဲကြီးအား စတင်ဗိုလ်စွဲခဲ့ပြီးနောက် သြဂုတ်လနောက်ဆုံးပတ်တွင် Canadian Pacific Women’s Open ထပ်မံဗိုလ်စွဲနိုင်ခဲ့ပြန်သည်။ ပွဲစဉ်ငါးပွဲကျန်စဉ်မှာပင် သူမက ဒုတိယနေရာတွင် ရှိနေသူအိန်ဂျယ်ယင်းအပေါ် ၇၉၈မှတ်ဖြတ်ထားနိုင်ခဲ့ပါသည်။ အမှတ်ပေးပုံမှာ တစ်ပွဲဗိုလ်စွဲတိုင်း အမှတ်၁၅၀ဖြစ်ပါသည်။ ဖြတ်ချရာတွင် မပြုတ်သူအားလုံးအား အဆင့်အလိုက် အမှတ်ပေးပါသည်။ အိန်ဂျယ်ယင်းအနေဖြင့် လက်ကျန်၅ပွဲစလုံး ဗိုလ်စွဲသည့်တိုင် အမှတ်တွင် ပတ်ခ်အားလိုက်မမီနိုင်တော့သောကြောင့် စောစီးစွာအဖြေထွက်သွားခြင်း ဖြစ်ပါတော့သည်။