ချစ်ခြင်း

Words
96
Reading
1 min
Listen
Play
9y


photo credit by facebook

တွတ်တွတ်ရဲနေအောင်ပွင့်တဲ့
ပေါက်ပန်းပင်အောက်မှာ
တောင်းတစ်လုံးနဲ့
လက်ပံပွင့်ကောက်ဖို့စောင့်ဖူးရဲ့။

သနားသလိုကြည့်သွားကြတဲ့
လူတစ်ချို့ရဲ့မျက်လုံးတွေကို
မသိချင်ယောင်ဆောင်ဘူးတယ်
ချစ်တဲ့စိတ်က ငယ်ထိပ်မှာရောက်နေတော့
လက်ပံနဲ့ပေါက်ကိုတောင်
သဲသဲကွဲကွဲ ကိုယ်မခွဲတတ်ခဲ့ဘူး။

ချစ်လိုက်တာလေ
သူမ ပြုံးတဲ့အပြုံး
သူမမုန်းတဲ့အမုန်း
အရာအားလုံးကိုပေါ့။

ကိုယ့်အတွက်တော့
သူမကကောင်းကင်
သူမကမြေပြင်
သူမကသမုဒ္ဒရာကြီး
အရာအားလုံး သူမအတွက်ပြုံးခဲ့ရပေါ့။

သူမ၏ချစ်ခြင်း
မြစ်တစ်စင်းဖြစ်မယ်ဆို
ဟိုကမ်းဒီကမ်း
ကူးဖြတ်သန်းမယ့်
လှေတစ်စင်းသာဖြစ်ပါရစေ။

ဘောပင်ကိုစာရွက်ပေါ်မှာချပီး မျက်လုံးကိုမှိတ်လိုက်တဲ့အချိန်မှာတော့ သူမရဲ့ပုံရိပ်ကတစ်ရေးရေးနဲ့ ကိုယ့်အတွေးကိုစိုးမိုးလာခဲ့တယ်။ကိုယ်သူမကိုအရမ်းချစ်တယ်။ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့မျက်လုံးတွေကို တစ်သက်လုံးပဲပိတ်ထားချင်ခဲ့မိတယ်။သူမနဲ့ဆုံဖို့ဆိုတာ ကိုယိ့အတွက်တော့ စိတ်ကူးထဲမှာပဲဖြစ်နိုင်လို့ပါ။

ကိုယ် သူမကိုချစ်တယ်ဆိုတာ တစ်လောကလုံးမသိပေမယ့် ကိုယ့် ကိုယ်စောင့်နတ်ကအသိဆုံးပေါ့။တစ်လောကလုံးသိအောင်လည်း ဖွင့်ပြောရဲတဲ့စိတ် ကိုယ့်မှာမရှိခဲ့ဘူးလေ။ဒီလိုနဲ့ပဲ ကိုယ့် ကိုယ်စောင့်နတ်နဲ့ကိုယ်နဲ့သိရုံပဲ တိုးတိုးတိတ်တိတ်သူမကို ကြိတ်ပိုးရင်း ကိုယ့်ဘဝကိုကျေနပ်ခဲ့တယ်။

သူမနဲ့ပတ်သတ်ပီး ကိုယ့်မှာစိတ်ကူးတွေ အစီအစဉ်တွေအများကြီးရှိတယ်။တစ်နေ့နေ့မှာတော့ သူမလက်ကိုဆွဲပီး ကမ္ဘာမြေပေါ်ကအလှဆုံးနေရာတွေကိုသွားမယ်။လှပတဲ့ပန်းဥယျာဉ်ကြီးတစ်ခု သူမအတွက်ပျိုးထောင်ပေးမယ်။အကောင်းဆုံးစားဖိုမှူးတွေကိုငှားပီး သူမစားဖို့ ချက်ပြုတ်စေမယ် ဒါကတော့ ကိုယ့်စိတ်ကူးပေါ့။

လက်တွေ့မှာတော့ သူမနဲ့လမ်းမှာအမှတ်မထင်ဆုံရင်တောင် ကိုယ့်မှာခြေဖျားလက်ဖျားတွေအေးပေါ့။သူမ ကိုယ့်ကိုကျော်သွားချိန်ရောက်မှ သူမရဲ့ကျောပြင်ကို မျက်စိတစ်ဆုံးကြည့်မိတယ်။ညရောက်ရင်တော့ ကိုယ့်အိပ်မက်ထဲမှာသူမနဲ့တစ်ညလုံး ပျော်မဆုံးပေါ့။တစ်နေ့နေ့တော့ အားတင်းပီးသူမကို စကားတစ်ခွန်းလောက်တော့ပြောဖို့ ကိုယ်ကြိုးစားနေမိတယ်။ကိုယ့်စိတ်ကူးတွေ လက်တွေ့အကောင်အထည်ဖေါ်ဖို့ဆိုတာ စကားလေးတစ်ခွန်းကစရမယ်ဆိုတာ ကိုယ်သိတယ်လေ။

ဒီလိုနဲ့ပဲတစ်နေ့မှာတော့ ခမ်းနားတဲ့မင်္ဂလာခန်းမကြီးထဲက အလှဆုံးသတို့သမီးဝတ်ဆုံလေးကိုဝတ်ထားတဲ့ သတို့သမီးလေးက ကိုယ့်ကိုအလှဆုံးပြုံးပြနေလေရဲ့။သတို့သမီးရဲ့လက်မှာ လက်ထပ်လက်စွပ်လေးကို ဝတ်ပေးဖို့အတွက် သူမရဲ့လက်ကို တယုတယကိုယ်လှမ်းယူလိုက်တယ်။အဲဒီအချိန်မှာပဲ "အိပ်ယာကမထသေးဘူးလားဟေ့ ဘယ်အချိန်တွေရှိနေပီလဲ အိပ်ယာကမနှိုးရင် အလိုက်တသိနဲ့ဘယ်တော့မှမထဘူး။သားသမီးတွေများ မိဘကိုကူညီရကောင်းမှန်းကိုမသိဘူး" ဆိုတဲ့ အမေ့ရဲ့ကြိမ်းမောင်းမှုကြောင့် ကိုယ့်အိပ်မက်ကနိုးခဲ့ရပေါ့။
leeshang@leeshang
MSC -230

ချစ်ခြင်း | Ecency