photo credit by facebook
သားရေကွင်းပစ်နေတဲ့ကလေးတစ်သိုက်ကိုကြည့်ရင်း ငယ်ငယ်တုန်းကသားရေကွင်းတွေကို မြေပြင်ပေါ်မှာကြဲပြီး ပါးစပ်နဲ့ကုန်းမှုတ်ခဲ့ကြတာကိုပြန်သတိရမိတော့ ပါးစပ်ကိုယောင်ယမ်းပီးပွတ်ခဲ့မိတယ်။မြေကြီးပေါ်မှာလေးဘက်ထောက်ပီး သားရေပင်းတွေကိုမှုတ်ရတော့ ပါးစပ်ထဲလည်း သဲတွေတော်တော်များများဝင်ခဲ့မှာ အသေအချာပါပဲ။
ကိုယ်အရွယ်ရောက်လာတဲ့အခါ ကိုယ့်တူမလေးတွေနဲ့အခြားကလေးတွေဆော့ကစားတာ ကြမ်းတမ်းနေရင် ကိုယ်မှာစိတ်တွေပူနေခဲ့တယ်။ကိုယ်တွေငယ်ငယ်က ထန်းပင်တက်တိုင်းဆော့တယ်ဆိုပီး တစ်ယောက်ခါးကိုတစ်ယောက်ကဖတ်ပီး အခြားတစ်ဖွဲ့ကကျောပေါ်ကို အတက်ခံဖို့အတွက် အုန်းပင်တစ်ပင်ကိုဖက်ပီးအစီးခံရတယ် ကျောပေါ်တက်ခွင့်ရတဲ့အဖွဲ့က လွှားကနဲ လွှားကနဲ ခုန်တက်ကြတာများ အောက်ကသူတွေ ကျောရိုးတွေများကျိုးသွားမလားဆိုတာ မစဉ်းစားခဲ့မိဘူး။
ကိုယ့်အဖေရဲ့ ဒီဘက်ခေတ်မှာကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့စက်ပစ္စည်းတွေကိုနားလည်လာကြပီလို့ ပြောကြတဲ့အခါ ကိုယ်တွေငယ်ငယ်က ကိုယ့်အဖေဝယ်ပေးတဲ့ သံပတ်နဲ့လှည့်ရတဲ့ဖားရုပ်လေးကို သတိရမိတယ်။အဲဒီအချိန်တုန်းကတော့ အဲ့ဒီသံပတ်ရုပ်လေးရှိတဲ့ကိုယ်က သူငယ်ချင်းတွေကြားမှာအကောင်ပဲပေါ့။ကိုယ့်အဖွားကတော့ ပျက်သွားမယ်ဆိုပီး နေ့တိုင်းပေးမဆော့ခဲ့တာကတော့ အမှတ်တရပါပဲ။
ကိုယ့်တူမသုံးနှစ်သမီးရဲ့ မနက်ကျရင်ပဲပြုတ်နဲ့ထမင်းနယ်ပီး အကြော်ပူပူလေးနဲ့စားချင်တယ်လို့ မီနူးထုတ်တတ်နေတာကိုကြည့်ပီး ကိုယ်တွေငယ်ငယ်က လူကြီးတွေကျွေးတာစားပီး ဘာတွေတောင့်တရမယ်ဆိုတာမသိခဲ့မိတဲ့အချိန်တွေတုန်းက လိုချင်တာတွေ စားချင်တာတွေ များများစားစားမရှိခဲ့တော့ စိတ်တွေအေးချမ်းခဲ့ဘူးတာကို ပြန်တမ်းတမိတယ်။
photo credit by facebook
ငယ်ဘဝဆိုတာ ပြန်တမ်းတလို့သာရပီး ပြန်သွားလို့မရတဲ့နေရာတစ်ခုဆိုတာသိသိကြီးနဲ့ ပြန်တမ်းတမိတဲ့အချိန်တိုင်း တစ်ခါလောက်တော့ပြန်ရချင်မိတယ်ဆိုပီး ရူးရူးမိုက်မိုက်စိတ်ကူးယဉ်ခဲ့ဘူးတယ်။ကိုယ်တစ်ယာက်တည်းတော့မဟုတ်ပါဘူး ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေနဲ့တူတူပေါ့။
ကိုယ့်ရုံးကအမတစ်ယောက်က ငါ့သားလေးဒီနှစ်ကိုးတန်းစတက်ကတည်းက ငါ့မှာတစ်ရက်မှစိတ်မအေးရပါဘူးဟယ်လို့ ပြောတတ်တာကိုနားထောင်ရင်း ကိုယ်တွေကိုးတန်းနှစ်တုန်းက ကျူရှင်ကအပြန် သူများခြံထဲက မာလကာပင်ရဲ့ကိုင်းကလမ်းပေါ်ရောက်နေတာကို ပိုင်ရှင်နဲ့မဆိုင်ဘူးလို့ တစ်ယောက်နဲ့တစ်ယောက်အားပေးရင်း တုတ်နဲ့ရိုက်ချခဲ့လို့ အိမ်ကိုလာပီး အတိုင်ခံခဲ့ရတာကိုတော့ မပြောပြဖြစ်ခဲ့ပါဘူး။
နောက်တစ်နေ့မနက်မှာတော့ ရုံးကအမရဲ့မျက်နှာမှာ ဒေါသအငွေ့အသက်ကိုတွေ့ရတော့ သူ့သားနဲ့တစ်ခုခုဖြစ်ပီဆိုတာတန်းသိခဲ့တယ်။အမကိုလည်း သားတော်မောင်ဘာတွေတစ်လွဲလုပ်ပြန်ပီလဲလို့ မေးမိတော့ အမရဲ့မပြောချင်ပါဘူးအေဆိုတဲ့ စကားကိုကြားရတဲ့အချိန်မှာတော့ ကိုယ်ထမင်းချိုင့်ကိုဖွင့်ပီး မနက်စာကိုကမန်းကတမ်းစားဖြစ်ခဲ့တယ်။သူ့ရဲ့မပြောချင်ပါဘူးရဲ့နောက်ကွယ်မှာ ကိုယ်မနက်စာငတ်သွားနိုင်တယ်ဆိုတာ ကိုယ်သာအသိဆုံးမို့ပါ။
မနက်စားပီးချိန်မှာ ကဲပြောပါအုံးသားတော်မောင်အကြောင်းလို့ စကားစလိုက်တာနဲ့ "မပြောချင်ပါဘူးအေ ငါသေသေချာချာပြောထားတယ် စာမေးပွဲတွေကို အောင်အောင်ဖြေ သူများတွေနဲ့ပြသနာမတတ်စေနဲ့ အမေတို့ကဒီဇာတိမဟုတ်ဘူး ဆရာမတွေနဲ့ တွေ့ရမယ့်ကိစ္စမျိုးမရှိအောင်နေလို့ သေချာပြောထားရက်နဲ့ မနေ့ကကျောင်းမှာပြသနာတတ်တယ်အေ" လို့ အစချီတဲ့အမရဲ့စကားကို ဘယ်လိုပြသနာတတ်တာလဲလို့ စကားထောက်ပေးလိုက်တော့ ဒီလိုဒီလိုဆိုပီး အစချီပြောပါလေရော။
ရုံးကအမသားနဲ့ သူ့သူငယ်ချင်းသုံးယောက်ကို ဆရာမကရှစ်တန်းအခန်းဘေးက လွတ်နေတဲ့အခန်းကို သန့်ရှင်းရေးသွားလုပ်ခိုင်းပါတယ်တဲ့ အဲဒီမှာဆယ်ကျော်သက်ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်း တစ်ယောက်က အမသားကို ညီမလေးကိုချစ်တယ်လို့အော်ရဲလားလို့မေးတယ်တဲ့ အော်ရဲရင်မုန့်ဝယ်ကျွေးမယ်ဆိုပီး ကြေးလေးကပါလာတော့ အမသားကလည်း သူအော်ရဲတယ်ဆိုပီး " ညီးမလေးကို ချစ်တယ်"ဆိုပီး အော်လိုက်တဲ့အချိန်မှာ ရှစ်တန်းအခန်းဘက်ကနေ ရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ကဖြတ်လာတာနဲ့ တိုးကြပါလေရော။
သူတို့အော်တုန်းကတော့ ဘယ်သူ့ရယ်မဟုတ် ဒီဘက်အခန်းလွတ်ကနေဟိုဘက်အခန်းကို ဘာရယ်မဟုတ်အော်လိုက်ကြပေမယ့် တည့်တည့်တိုးတဲ့ကောင်မလေးကသူ့ကိုပြောပါတယ်ဆိုပီး ဆရာမကိုသွားတိုင်တော့ ပြသနာတတ်ကြတာပေါ့။အဲဒီမှာတင်ဆရာမက သူတို့လေးယောက်ကိုခေါ်ပီး နင်တို့ကိုကျောင်းအုပ်ကြီးဆီပို့မယ် မနက်ဖြန်မိဘခေါ်ခဲ့ ဘာညာဖြစ်ပါလေရော။အဲဒီမှာတင် အမသားက တော်တော်စိတ်ညစ်သွားခဲ့တယ်။သူနဲ့ခင်တဲ့ဆရာမတစ်ယောက်ကို မျက်ရည်ခံထိုးပီး အသနားခံအကူအညီတောင်းတော့ အဲဒီဆရာမကသနားပီးကျောင်းအုပ်ကြီးဆီ အာမခံပေးတယ်။ကျောင်းအုပ်ကြီးကလည်း ဆရာမတစ်ယောက်လုံးကအာမခံပေးတော့ သူတို့တွေကိုခွင့်လွတ်ပေးခဲ့တယ်။နောက်တစ်ခါမင်းတို့တွေ တောအော်တောင်အော်အော်ရင် ခွင့်မလွတ်ဘူးလို့ သေချာပြောလိုက်တယ်။
သူတို့လည်း ကျောင်းအုပ်ကြီးကိုနောက်မလုပ်တော့ပါဘူးဆိုပီး ကတိတွေပေးပီးပြန်လာခဲ့ကြတယ်။ဒါပေမယ့်သူတို့စိတ်ထဲမှာတော့ ရှစ်တန်းကကောင်မလေးကို မကျေနပ်ကြပါဘူး။အကြောင်းတော့ ကောင်မလေးကရုပ်ဆိုးလို့ပါတဲ့လေ။
photo credit by facebook
နောက်နေ့မနက်ရောက်တော့ အဲဒီကောင်မလေးလာတဲ့အချိန်ကိုစောင့်ပီး ဒီရုပ်နဲ့များသူကိုပြောတယ်ထင်သေးတယ် အံ့သြတာပဲဆိုပီး မကြားတစ်ကြားပြောတော့ ကောင်မလေးကသူ့ကိုရုပ်ဆိုးပါတယ်လို့ပြောတာမခံနိုင်ဖြစ်ပီး ဆရာမကိုသွားထပ်တိုင်ပါလေရော။တစ်ခါကနေနှစ်ခါဆိုတော့ သူတို့ကိုအာမခံပေးမယ့်သူမရှိဘဲ မိဘခေါ်ခဲ့ဆိုတဲ့ တစ်ချက်လွတ်အမိန့်ကြောင့် အခုငါကျောင်းအုပ်ကြီးနဲ့ သွားတွေ့ရတော့မယ်ဆိုပီး ပွစိပွစိနဲ့ တစ်ယောက်တည်းဆက်ပြောနေရင်း ကိုးနာရီလောက်ငါကျောင်းကိုခဏသွားအုံးမယ်အေဆိုပီး ကိုယ့်ကိုအသိပေးနေပါသေးတယ်။
ခုခေတ်ကလေးတွေများ ခက်ပါတယ်အေ ယောက်ျားလေးမိန်းကလေး မဟုတ်ဘူး စကားတွေကိုစည်းကမ်းမရှိပြောချင်တာ ပြောတတ်ကြတယ်။အားနာရကောင်းမှန်း ရိုသေရကောင်းမှန်းမသိကြဘူးဆိုတဲ့စကားကို အမတို့ငယ်ငယ်တုန်းက ဒီလိုဘယ်ဟုတ်မလဲနော် စကားနဲ့ပြောမနေဘူး စာရွက်ကလေးကို ပန်းရောင်စာအိတ်ထဲထည့်ပီး လိုက်ပေးတာမဟုတ်လားလို့ ကိုယ်လှမ်းစလိုက်တော့ အမရဲ့ပြုံးဖြီးဖြီးမျက်နှာကြီးနဲ့ ကိုယ့်ကိုမျက်စောင်းထိုးသွားလေရဲ့။
@leeshang
MSC -230