ငပိန်း
--- ** --
ကျနော်တို့ နေ့စဉ် ငပိန်း ငပိန်းလို့ ပြောနေတတ်ကြပေမယ့် ကျနော်တို့ မြန်မာအသိုင်းအဝိုင်းနဲ့ သိပ်မရင်းတဲ့ ကမ္ဘာကျော် ငပိန်းတစ်ယောက် ကမ္ဘာပေါ်တွင် တကယ်ရှိခဲ့ပါသည်…။ပိန်းဆိုသော သူ့နာမည်နှင့် လိုက်အောင် ၁၇၇၆ ခုနှစ်တွင် လူပြိန်းတွေး (Common Sense )ဆိုသည့် စာတန်းတစ်စောင်ကို ရေးသားခဲ့ပါသည်…။
ထိုစာတန်းသည် လွတ်လပ်ရေးရမှသာ အမေရိကန် စည်းလုံးညီညွှတ်မှုနှင့် တောင်တင်းခိုင်မာမှုရရှိမည်ဖြစ်ကြောင်း လွတ်လပ်သော ဖရယ်ဒယ် သမ္မတနိုင်ငံ ထူထောင်နိုင်ရန် ဘုရင်စနစ် အာဏာရှင် စနစ်များကို တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ထိုစာတန်းတွင်ဖေါ်ပြထားသည်…။၎င်းစာတန်းကို ထိုအချိန်ကပင် ပုံနှိပ်ပြီး စောင်ရေ ၅သိန်းခန့်ရောင်းချရလေသည်…။သောမတ်ဂျက်ဖာဆင် လို အမေရိကန်လွတ်လပ်ရေး ကြေညာစာတန်းတွင် လက်မှတ်ရေးထိုးခဲ့ကြသော ပုဂ္ဂိုလ်များတောင် သူ၏ လူပြိန်းတွေးဆိုသော စာတန်းကြောင့် စိတ်အား တက်ကြွခဲ့ရသည်…။
လူပြိန်းတွေးဟူသော စာတန်းကို မရေးခင်ကလည်း အကျပ်အတည်း (The Crisis)အမည်ရှိသော စာတန်းကို ရေးသားထုတ်ဝေခဲ့သည်…။ထိုစာတန်းသည်လည်း အမေရိကန်ပြည် လွတ်လပ်ရေးရရန်အတွက် နှင့် လွတ်လပ်ရေးတိုက်ပွဲဝင်တပ်များ စိတ်ဓာတ်ကျဆင်းနေမှုကို မြင့်တင်ပေးရာတွင် အရေးပါသော စာတန်းတစ်ဆောင်ဖြစ်ခဲ့ပေသည်…။သူ၏ အားပါပြင်းထန်လှသော စကားလုံးသည် အမေရိကန်ပြည်ကြီးကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ထောက်ပံခဲ့ပါသည်…။
ပိန်းဆိုသည့် လူသည် ဓါးသွားထက် ကလောင်သွားထက်သော လူတစ်ယောက်သာဖြစ်သည်ဟု ဆိုရပေမည်…။ပိန်းသည် အင်္ဂလန်ပြည်၌ မွေးဖွားသူဖြစ်သည်…။ထို့ကြောင့် ၁၇၈၇ ခုနှစ်မှ ၁၈၀၂တွင် အင်္ဂလန်နှင့် ပြစ်သစ်ပြည်များသို့ ပြန်လည်သွားရောက်နေထိုင်ခဲ့သည်…။ပြစ်သစ်နှင့် အင်္ဂလန်တို့တွင် ဝါဒဖြန့်ချီရေးသမားအဖြစ် ပါဝင်ပတ်သက်ခဲ့သည်…။
၁၇၉၁/၁၇၉၂တွင် လူ့အခွင့်အရေးများ ( The Right of Man) ကျမ်းကိုရေးသားထုတ်ဝေခဲ့သည်…။ထိုကျမ်းသည် လူသားလုံခြုံမှု လွတ်လပ်ခွင့်ကို အဓ်ကတောင်းဆိုခဲ့သည်…။ပိန်းသည် အင်္ဂလန်ကို ဘုရင်စနစ် ဖျက်သိမ်း၍ သမ္မတအစိုးရထူထောင်ရန် အကြံပေးပြန်သည်…။ထိုအကြံပေးမှုကြောင့် ဝန်ကြီးချုပ်ပစ်( Pitt)က သူ့အား နိုင်ငံတော် သစ္စာဖောက်မှုနှင့်တရားစွဲသောကြောင့် ပြစ်သစ်ပြည်သို့ ပိန်းထွက်ပြေးရပြန်သည် …။
( ပိန်းတကယ် ပိန်းသလိုပဲနော် …)
ပိန်းကို အစွန်းရောက်နေသူဟု စွတ်စွဲခဲ့ကြသော်လည်း ယခုအခါ သူ၏ "လူ့အခွင့်အရေး" အယူအဆများကို နိုင်ငံအများအပြားက လက်ကိုင်ထားလာကြပြီဖြစ်သည်…။
ပြစ်သစ်ပြည်၌လည်း ပိန်းက ပြစ်သစ်သမ္မတနိုင်ငံထူထောင်ရန် လှုံ့ဆော်စည်းရုံးခဲ့ပြန်သည်…။သူ၏ ထိုလှုံ့ဆော်ရေးစာတန်းများကြောင့် ပိန်းကို တော်လှန်ရေးသမားများ လေစားခဲ့ကြပြန်သည်…။သို့သော် တော်လှန်ရေးအောင်ပြီး လူဝီ ဘုရင် ၁၆ကို သေဒဏ်အစား နယ်နင်ဒဏ်ပေးရန်ပြောသဖြင့် ပြစ်သစ်တော်လှန်ရေးခေါင်းဆောင်ပိုင်းနှင့် သဘောထားကွဲကာ အကျဉ်းချခံရပြန်သည် …။
ပါရီ၌နေစဉ် သူ၏ ဘာသာရေးခံယူချက်နှင့် အတွေးအခေါ်များကို ဖော်ပြသည့် ဆင်ခြင်တုံတရားခေတ် ( The Age of Reason) ကို ကျမ်းပြုထုတ်ဝေခဲ့ပြန်သည်…။ပိန်းက ထာဝရဘုရားကို ယုံကြည်သော်လည်း သာသနာပိုင်များ၏ တရားသေ အယူဝါဒများကို လက်မခံခဲ့ချေ…။
သူ၏ ဘာသာရေးယုံကြည်မှုမှာ သဒ္ဓါကြည်ညိုမှုတွင် မတည် ဆင်ခြင်တုံတရား၌သာ တည်သည်ဟု ဆိုသည်…။ပိန်း၏ ဆင်ခြင်တုံတရားခေတ်ကျမ်းကို သာသနာပိုင်များ အလွန်ဒေါသထွက်ခဲ့၏…။ထို့ကြောင့် ပိန်းကို ဘာသာမဲ့ဟု စွပ်စွဲခဲ့ကြပြန်သည် …။
ပိန်းသည် ပြောရေးဆိုခွင့် လွတ်လပ်မှု
ဘာသာရေး လွတ်လပ်ခွင့်
လူတစ်ဦးခြင်း ဂုဏ်သိက္ခာကို လေးစားဖို့
လူလူခြင်း စာနာထောက်ထားမှုတို့ကို အမြဲတစေ လိုလားတောင်းဆိုခဲ့ပါသည် …။နောက်မတွန့်တန်း တိုက်ပွဲဝင်ခဲ့ပါသည်…။လူအများကို လှုံဆော်စည်းရုံးနိုင်ခဲ့သည်…။
ထိုခေတ်က သူ၏ စာများသည် နိုင်ငံရေးခေါင်းဆောင်များ စစ်ဗိုလ်ချုပ်များ ဘာသာရေးခေါင်းဆောင်များထက် ခေတ်ကို ပြောင်းလဲစေခဲ့ပါသည်…။ထိုကြောင့်
"ငပိန်းဆိုသည်မှာ ကလောင်သွားသည် ဓါးသွားထက် ပိုထက်ကြာင်း …"သက်သေပြခဲ့သူဟု ဆိုရမည်ဖြစ်သည် …။
ငပိန်း၏ နာမည် အပြည့်အစုံကတော့
သောမတ် ပိန်း (Thomas Pains ) [ ၁၇၃၇-၁၈၀၉]ဖြစ်ပါသည်…။
မြန်မာပြည်၌ သောမတ်ပိန်းကို မွေးပါက ငပိန်းဟု ခေါ်ခံရမည် ဖြစ်သောကြောင့် သူ့အား ငပိန်းဟု ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်…။
ဥပမာ ပိုင်ပါသူကို ငပိုင်
ပြည့်ပါသူကို ငပြည့် လို့ခေါ်ဆိုလေ့ရှိသည့်အတိုင်း ပိန်းပါသော သောမတ် ပိန်းအား ငပိန်းဟု ဖော်ပြလိုက်ခြင်းဖြစ်ပါသည်…။
ကဲ ယခုကစပြီး သင့်ကို ငပိန်းဟုခေါ်တိုင်း သင်ဟာ ခေတ်တစ်ခေတ်ကို ပြောင်းလဲခဲ့တဲ့ ကလောင်တစ်ချောင်းနဲ့ နှိုင်းယှဉ်ပြီး ခေါ်တယ်ဟု ထင်မှတ်ကာ ဂုဏ်ယူလို့ရပါပြီ …။