အယုံမလွယ်ပါနဲ့
တစ်ယောက်တည်း ကျတ်မှိတ် ခံစားရတဲ့ စိတ်ဒုက္ခအပါအဝင် လူ့လောကမှာ လူတွေအချိန်ကုန်ခံ ဖြေရှင်းနေကြရတဲ့ ပြဿနာတော်တော်များများဟာ အယုံလွယ်လို့ ဖြစ်ကြတာပါ။
လူများစုက ယုံလွယ်တယ်။ ပြီးတော့ အားနာတတ်ကြတယ်။
တစ်ခါတလေ ယုံလွယ်တာတင်မကဘူး ယုံပါ ယုံချင်တယ်။ ပစ်စလခတ်ကို ယုံလိုက်ချင်တာ။ ဘာမှ သိပ်စဉ်းစားမနေချင်ဘူး။ ဒီထဲ ကိုယ်လည်း ပါပါတယ်။
မယုံရဘူးလို့ တွေးရင် သာသာယာယာ နေလို့မရဘူးလေ။ ယုံလို့ရတယ်လို့ တွေးရင် သာသာယာယာ နေလို့ရတာကိုး။ သက်သာတဲ့အလုပ် လုပ်ချင်တာနော်။
အဲဒီယုံလွယ်တဲ့သူနဲ့ လိမ်မယ့်သူနဲ့ တွေ့တဲ့အခါ အလိမ်ခံရတယ် လှည့်စားတာခံရတယ် အဖြီးခံလိုက်ရတယ် အလှီးခံလိုက်ရတယ်ဆိုတဲ့ လူ့လောကရဲ့ မရိုးနိုင်တဲ့ဇာတ်လမ်းတွေ ကြုံတွေ့ရပြီနော်။
လူ့လောကမှာ လိမ်တဲ့သူတွေ ဘာကြောင့်ဒိလောက် အတင့်ရဲသလဲဆိုတာ ကြည့်ရင် သူတို့လိမ်တာ ခံရတဲ့သူတွေက မရဲရင့်လို့ပါ။ ငြိမ်ခံနေလို့ပါ။
ငြိမ်ခံတာကလည်း အကြောင်းအမျိုးမျိုးရှိမှာပါ။ ရှက်လို့လည်း တစ်ကြောင်း၊ နောက်တစ်ခုက လိမ်တဲ့သူက ရင်းနှီးတဲ့သူဖြစ်နေလို့ အကြောင်းကြောင်းတွေ ထောက်ထားပြီး ငြိမ်နေလိုက်ရတယ်။ ရင်းနှီးတဲ့သူတွေဆို လူ့သဘာဝအရ အချင်းချင်းတွေပဲလေ ဆိုပြီး ပိုယုံလွယ်မိတယ်။
အဲဒီတော့ ရေရှည်စိတ်ချမ်းသာချင်ရင် လွယ်လွယ် ယုံလိုက်တာမျိုး သတိထားပါ။ ရင်းနှီးတဲ့သူတွေကို ပိုသတိထားပါ။ လိမ်တဲ့သူနဲ့ အလိမ်ခံရသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြတာ များပါတယ်။ ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အဲဒါအမှန်တရားပါ။
နောက်ပြီးတော့ အလိမ်ခံရတဲ့သူတွေဟာ သူတို့ခံလိုက်ရလို့ကို လူ့လောကကို တစ်နည်းတစ်ဖုံ အကျိုးပြုတဲ့သူတွေ ဖြစ်နိုင်ပါသေးတယ်။
အဲဒါဘယ်လိုလဲဆိုတော့ ..
အလိမ်ခံရတဲ့သူတွေဟာ သူတို့အလိမ်ခံရတဲ့ဇာတ်ကြောင်းတွေကို လူတွေသိအောင်လုပ်ခြင်းအားဖြင့် လူ့လောက လူ့အသိုင်းကြီးကို စောင့်ရှောက်နိုင်ပါတယ်။
ငြိမ်ခံနေတာဟာ လူ့လောကကြီး လူ့အသိုင်းအဝိုင်းကြီး ပိုကောင်းလာဖို့ ကိုယ့်ဘက်က ကိုယ်လုပ်နိုင်တာ ရှိပါရဲ့နဲ့ တာဝန်မယူရာ ရောက်ပါတယ်။
ခုခေတ် လူတွေမှာ မယုံရတဲ့လူတွေ များတဲ့၊ မယုံရတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေနေရပါတယ်။
လိမ်တဲ့သူတွေ၊ မသိရင် မသိသလို လှည့်စားပြီး ရအောင်ယူသွားမယ့်သူတွေ၊ နည်းတဲ့ ၊ လူ့အသိုင်းကြီးဖြစ်လာအောင် လုပ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။
မတရားမှုတစ်ခု လှည့်စားမှုတစ်ခု ကောက်ကျစ်မှုတစ်ခု ကြုံရ ကြားရတိုင်း လူသိအောင်လုပ်ပါ။ အဲဒီလိုလုပ်တဲ့သူတွေ များလာရင် မကောင်းမှုကို လုပ်ရဲတဲ့သူ နည်းလာပါလိမ့်မယ်။
ရေရှည် စိတ်ချမ်းသာမှု ရချင်တယ်ဆိုရင် အယုံမလွယ်ပါနဲ့။
ကိုယ့်ဇာတ်လမ်းကို အနည်းဆုံး နောက်တစ်ယောက်ကို ပြောပါ။
သူတို့ သင်ခန်းစာရသွားပါစေ။
လူ့အသိုင်းအဝိုင်းကြီးကို ဒီလိုနည်းနဲ့ စောင့်ရှောက်ပါ။
photo: google