အရိုးစွဲ … အစွဲရိုး

kothan(28)
Published in
#esteem
Words
238
Reading
2 min
Listen
Play
8y

image

အရိုးစွဲ … အစွဲရိုး

စာမေးပွဲ အောင်စာရင်းကြည့်ကြသတဲ့။ အောင်သူပျော်၊ ရှုံးသူမှိုင်။ စာမေးပွဲက အားလုံးအပေါ် ဘာကြောင့် တန်းတူအခွင့်အရေးမပေးဘဲ ခွဲခြားလိုက်ရသလဲဗျာ။

တစ်ခုမေးပါရစေ … စာမေးပွဲအောင်လိုက်တာနဲ့ ဘဝတိုးတက်အောင်မြင်သွားပြီလား

ကျောင်းဆိုတာက ဂုဏ်ထူးတွေအများကြီးရဖို့အတွက် လေ့ကျင့်ပေးနေတဲ့နေရာလား။ ကျောင်းဆိုတာ ဂိုးအများကြီး သွင်းတတ်အောင် လေ့ကျင့်ပေးနေတဲ့ ဘောလုံးကွင်းကြီးလား။

ကျွန်တော်တို့ ကျွန်မတို့ အရည်အချင်းဆိုတာကို ကျေးဇူးပြုပြီး ဂုဏ်ထူးနဲ့ သတ်မှတ်ပေးပါ။ အနည်းဆုံးတော့ အဲဒီ အတားအဆီးကြီးကနေ “အောင်” ဆိုတာလေးလောက်တော့ စာရင်းပါအောင် လုပ်ပေးပါလို့ ကျောင်းတွေမှာ ခယရိုကျိုးစွာ လာနေရာရတာ “ပညာရေး” တဲ့လား။

ကောင်းပါပြီ … စာမေးပွဲကြီးလည်း အောင်ပါပြီ။ ဘွဲ့တွေလည်းရပါပြီ။ ဘဝအတွက် အသက်မွေးဖို့ အလုပ်ပေး နိုင်သလား။ ဘွဲ့လက်မှတ်ကြီးကိုင်ပြီး “အလုပ်လက်မဲ့” ဆိုတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ကျောင်းဆိုတဲ့ ခြံစည်းရိုး လှည့်ပတ် ခတ်ထားသော ဝင်းကြီးအတွင်းမှာ (ဟိုဟာမလုပ်ရ၊ သည်ဟာ မကိုင်ရ၊ ဟိုလို မပြောနဲ့၊ သည်လိုပြော၊ ပါတာဖတ်၊ ဖတ်တာရေး၊ မတွေးနဲ့) ဆိုပြီး လေ့ကျင့်သင်ကြားပေးခြင်း ခံနေရတာ “ပညာရေး” လား။

ကမ္ဘာမှာ စာမေးပွဲမရှိတဲ့ လူ့ဘောင်တွေကို တည်ထောင်နေတဲ့ နိုင်ငံရှိပါတယ်ဗျာ။ ပညာရေးမှာ ကမ္ဘာ့အဆင့် နံပါတ် “တစ်” တဲ့။ အဲဒီနိုင်ငံတွေမှာက ကလေးကို ဆရာတွေက ပိုင်းဖြတ်ပြီး သတ်မှတ်ပေးသတဲ့။

image

ဆရာက ပိုင်းဖြတ်တယ်ဆိုတာ မှန်ကန်ပါ့မလား။ သူတို့နိုင်ငံက ဆရာတွေရဲ့ အနိမ့်ဆုံးပညာအရည်အချင်းက မာစတာတဲ့။ ဆရာအတတ်သင်လက်မှတ်မရှိဘူးလား။ ပညာရေးလောကမှာ ဆောရီးပဲ။

တရုတ်မှာ ကလေးတွေကို စောင့်ကြည့် ပိုင်းဖြတ်ဖို့ ကွန်ပျူတာ (AI) စနစ်ကိုထွင်နေပြီဗျ။ တစ်ချိန်လုံး အတန်းထဲမှာ ကင်မရာနဲ့ စောင့်ကြည့်နေမှာ။ ကလေးရဲ့ မျက်နှာအနေအထားကို မှတ်သားပြီး ကလေးတွေ ဘာဖြစ်နေပြီဆိုတာ ဆရာတွေကို သတိပေးနေမှာ။ ကလေးတွေကို သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကွန်ပျူတာ မှတ်တမ်းအပေါ် မူတည်ပြီး အရည်အချင်းကို သတ်မှတ်မှာ။ ဆရာတွေကိုလည်း စောင့်ကြည့်ပြီးတော့ အိပ်ငိုက်ရင် ဂျောင်းပဲ။ သူများနိုင်ငံတွေမှာ ပြောင်းလဲမှုကို စတင်နေကြတာ ပြောပါတယ်။

နိုင်ငံတကာ ပညာရေးမှာ ကျောင်းသားတွေကို ဘာအလေးပေးသင်မလဲဆိုပြီး လမ်းကြောင်းတွေ ချမှတ်ပြီးပြီဗျ

Communication

Computer

Entrepreneurship

စင်ကာပူကလည်း ဒီလမ်းကြောင်းအတိုင်း ပြင်ဆင်နေတယ်။ သူတို့ကျောင်းသားတွေကို ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။ ကမ္ဘာနဲ့ဆက်သွယ်ပေါင်းကူးနိုင်ရမယ်။ ဒါကြောင့် ကမ္ဘာ့စာဖြစ်တဲ့ အင်္ဂလိပ်လိုကောင်းကောင်း တတ်ကျွမ်းရမယ်။ မြန်မာနိုင်ငံမှာကတော့ ဘွဲ့တွေများများရအောင် ဘာသာရပ်တွေကို မြန်မာလိုပြောင်းသင်ပြီး ဘွဲ့ရတွေ များများ မွေးထုတ်ပေးကြရအောင်ဆိုလားပဲ။

ကွန်ပျူတာဆိုတာ ဒီခေတ်မှာ ဘယ်သူနဲ့မှ ရှောင်လွှဲလို့မရတော့ဘူး။ ကျောင်းတွေမှာ ကွန်ပျူတာဆိုတာ မပြောချင်တော့ပါဘူး။ ပြောရလွန်းလို့ မောနေပြီ။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ဆိုပြီး ဖင်ပိတ်အော်သွားတဲ့ကောင်တွေနောက်မှာ ဖင်ဖွင့်ပြီး ပြောင်းအော်တာပဲရှိတယ်။ ကျောင်းပြီးရင် ကွန်ပျူတာ ပြန်သင်ရမှာ သေချာတယ်။

ကလေးတွေကို လုပ်ငန်းကျွမ်းကျင်အောင်သင်၊ အလုပ်နဲ့ပညာရေး ချိတ်ဆက်ပေး၊ ကျောင်းပြီးရင် လုပ်ငန်းခွင် ဝင်နိုင်ရမယ်ဆိုကာ လေ့ကျင့်ပေးမှ Entrepreneur လေးတွေဖြစ်လာမှာပေါ့။ ဒါကြောင့် ကျောင်းတွေမှာ တီထွင်၊ ဖန်တီး၊ ထိုးဖောက်၊ တွေးခေါ်၊ နှိုင်းဆ၊ ဆင်ခြင် ဉာဏ်အမြင်ရှိအောင်သင်တာမှ “ပညာရေး” တဲ့ဗျ။

စာအုပ်ထဲပါတာတွေကို အလွတ်ကျက်ပြီး အတိအကျပြန်ရေးမှ အမှတ်ပေးလို့ရတဲ့ ပညာရေးမှာ ကျွန်တော်တို့ ကလေးတွေဟာ သနားစရာလေးတွေပါ။

စင်ကာပူကို ကျော်ချင်ရင် အနည်းဆုံး စင်ကာပူ ဘာတွေ လုပ်နေတယ်ဆိုတာလောက်တော့ သိထားသင့်ပါ တယ်ဗျာ။

အင်း … အထက်ကလူတွေ စာလေးဘာလေးဖတ်ကြဦးဗျ။

အင်းလေ ဒီနိုင်ငံမှာက စာဖတ်ဖို့မှ မလိုတာ။ စာဆိုတာ တွေ့လိုက်ရင် အလွတ်ကျက်နေကြတာဆိုတော့ အထက်ကို တင်ပြဖို့ အလွတ်မရသေးလို့နေမှာ။

စိတ်မကောင်းလိုက်တာ

တင်ညွန့်

photo : google

image

အရိုးစွဲ … အစွဲရိုး | Ecency