ခပ်ညံ့ညံ့တွေးတတ်တဲ့ ကျွန်တော် ။
ခပ်ညံ့ညံ့ရေးတတ်တဲ့ ကျွန်တော် ။
ခပ်ညံ့ညံ့စာတွေပဲ ပိုင်ဆိုင်ခွင့်ရှိပါတယ်။
အတွေးအခေါ်ဆိုတာ လူတစ်ယောက်ရဲ့ ပုံရိပ်ဆိုရင်
ကျွန်တော့်ရဲ့ပုံရိပ်တွေက မလှပ ပါဘူး ။
အကြိမ်တစ်ရာကြိုးစားရင်တောင်
အခါတစ်ရာရှုံးနှိမ့်နေရတဲ့ အခြေအနေပါ ။
( အရေတွက်က
တစ်ထောင်မပြည့်သေးလို့နေမှာပါလေ ) ။
စဉ်းစားရင်း တွေးတောရင်းနဲ့ပေါ့ …
ပုံရိပ်တွေ လှပဖို့ -
အတွေးအခေါ်အကောင်းတွေ ။
ဟန်ချက်ညီသော လုပ်ဆောင်ချက်တွေ လိုတာပေါ့ ။
မှန်ကန်သော အကြောင်းတရားတွေ တွေ့ရှိဖို့ ။
အဆင်ပြေသော အကျိုးတရားတွေ ပိုင်ဆိုင်ဖို့ ။
ဘာတွေစတေးရမလည်း ။
ဘယ်အချိန်ထိ ပေးဆပ်နေရမလည်း ။
ကျွန်တော် မသိရှိနိုင်သေးပါ ။
ခဏတာ ငြီးငြူလိုက်မိတယ် …
- " ဘယ်လိုလည်း လောကဓံရယ်
မှောင်မိုက်တဲ့ညတွေက ရှည်ကြာလွန်းလိုက်တာ ။
တွေးလက်စ အပိုင်းအစတွေတောင်
အမှတ်တမဲ့ ခြောက်လှန့်ခံနေရ " ။ *
ချမ်းအေးလွန်းသော
ဆောင်းညတွေကို ပြန်လွမ်းမိပါရဲ့
ပူလောင်နေသော ဘဝတွေ အေးချမ်းစေဖို့ပါ ။
ရင့်ကျက်တည်ငြိမ်နေပါတယ် ဆိုတဲ့ပုံစံနဲ့
မှန်ရှေ့မှာ ကိုယ့်မျက်နှာကို ပြန်ကြည့်မိတိုင်း
အမြင်အာရုံရဲ့ ပုံရိပ်တွေက မှုန်ရီဝေဝါးဆဲပါ ။
ပုံစံမတူညီတဲ့ အခြေအနေတွေမှာ
အံဝင်ခွင်ကျဖြစ်ဖို့ …
ဘုရားရှင်ရှေ့မှာ ဆုမတောင်းပါဘူး ။
လေပြေတွေပဲ တိုက်ခက်မှာပဲ ။
မုန်တိုင်းတွေပဲ ရောက်လာမှာပဲ ။
လျှပ်စီးတွေပဲ ခြောက်လှန့်မှာပဲ ။
မိုးသားတွေပဲ သည်းထန်မှာပဲ ။
လောကဓံတွေပဲ ရင်ဆိုင်ရမှာပဲ ။
ကြောက်ရွံ့မှု တရားတွေကို
အဝေးဆုံးမှာ ထားခဲ့ရင်း …
ခွန်အားတွေကို စုစည်း ။
မားမားမက်မက်ရပ်တည်ရင်း ။
ကျွန်တော် အံကိုကြိတ်ထားလိုက်တယ် ။
အဲ့ဒီ နေသာလာမယ့် ' နေ့တစ်နေ့ ' ကိုရောက်ဖို့ …
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ