ဆရာမ ( Teacher)

Words
206
Reading
1 min
Listen
Play
9y

FB_IMG_1520864289711.jpg

ကုမုဒြာကြာဖြူ တို့သည် လရောင်ကိုငံ့လင့်၍ ပွင့်ကြသည်။ ပဒုမ္မာကြာတို့သည် နေခြည်တွင့် မွေ့ပျော်ကြသည်။ သဇင်တို့သည် ကောင်းကင်ကိုမျှော်၍ ပွင့်လေ့ရှိသည်။ ကြာသည်ရေကိုမှီခို၍ စပါးပင်တို့သည် မြေကိုတွယ်တာကြသည်။ ဥဩတို့သည် တေးဆိုခြင်း၌မွေ့၍ ဟသာင်္ငှက်တို့သည် အလွန်ထက်မြက်ကြသည်။ မြင်းတို့သည် မြေပြင်၌ အပြေးမြန်၍ ငါးတို့သည် ရေ၌ အကူးသန်သည်။ သက်ရှိသက်မဲ့လောကသည်ပင် ဓလေ့ဘာသာ ဝါသနာနှင့် ရပ်တည်ရှင်သန်၍ လောကကို အလှဆင်နေမြဲပင်။ လူသားတို့တွင်လည်း မွေးရာပါ ဗီဇဝါသနာအမျိုးမျိုးနှင့် ဘဝတွင် မွေ့ပျော်ရာကို ရှာတတ်ကြပါသည်။ ဝါသနာကို အရင်းတည်၍ ထူးချွန်မှုကို ရှာဖွေကာ စိတ်တိုင်းကျဘဝကို ပုံဖော်တည်ဆောက်ကြလေ့ ရှိပါသည်။

ကျွန်ုပ်တို့သည် ပုတ်သင်ညိုတစ်မျိုးသာဖြစ်သည်။ နီးစပ်ရာ ပတ်ဝန်းကျင်အလိုက် အကျင့်စာရိတ္တဝင်တတ်သည် ဟု အင်္ဂလိပ်ဒဿ နဆရာကြီး ဂျွန်လောစ့်က ဆိုခဲ့ပါသည်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသော စကားလည်းရှိပါသည်။ ကျွန်တော်ရဲ့ဖခင်သည် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး မိခင်မှာမူ ကျောင်းဆရာမတစ်ဦး ဖြစ်ပါသည်။ မိခင်နှင့်အေနများခဲ့ရသည့်ကျွန်တော် ကျောင်းဆရာဖြစ်လိုသောဆန္ဒတို့သည် ဝါသနာဗီဇပမာ ရင့်သန်စွဲမြဲလာခဲ့သည်။

ဖခင်နှင့်ယှဉ်လိုက်ရင် မိခင်၏ ကျောင်းဆရာမအလုပ်သည် စီးပွားရေးရှုထောင့်မှကြည်လျှင် မှေးမှိန်လွန်းပါသည်။ ဂုဏ်ရှိရုံအလုပ်လုပ်နေခြင်းဟု ဖခင်က မကြာခန ခနဲ့တတ်သော်လည်း မိခင်က အပြုံးမပျက်။ ဆရာတစ်ဦး၏ သည်းခံခွင့်လွတ်စိတ်နှင့် တည်ငြိမ်စွာ တုံ့ပြန်မြဲပင်။ ဝမ်းမနာသားများကို ရင်ဝယ်သားပမာ မေတ္တာပွားများ၊ စေတနာထား၍ အကောင်းသို့မွမ်းမံ၊ အဆိုးဆို သည်းခံနှင့် ရှင်သန်နေထိုင်ခဲ့သော မိခင်၏ နှလုံးသား၌ ခွင့်လွတ်စိတ်သည် ခိုင်မာစွဲမြဲခဲ့လေပြီ။ စီးပွားရေသမား ဖခင်မှာမူ မကြာခန ဒေါသထွက်၊ လောဘတက်၍ သွေးတိုး နှလုံးရောဂါတို့ ရခဲ့သော်လည်း မိခင်ဆရာမမှာမူ သားတစ်ရာကြားတွင် ကြည်သာချမ်းမြေ့၊ နှလုံးမွေ့လျက်ရှိဆဲပင်။ မေတ္တာနှင့် အချိန်ကာလတို့သည် ကမ္ဘာတစ်ဝှမ်းလုံး၊ ဘဝအားလုံးတိုမှာ ဝယ်ယူ၍မရ၊ သုံးစွဲ၍သာရသော ပစ္စည်းနှစ်ခုဖြစ်သည်ဟု ဂယ်ရီဂျင်းနင်းက ဆိုခဲ့ပါသည်။ မေတ္တာတရားကို ပေါပေါများများ သုံးစွဲ၍ စိတ်နှလုံးချမ်းမြေ့ဖွယ်ဖြစ်သော ဆရာမတစ်ယောက်၏ ဘဝကို နားလည်တွယ်တာလာခဲ့ပါသည်။

ကန္တာရခရီးလမ်းကို လျှောက်လှမ်းလာရ၍ မောပန်းနွမ်းလျနေသော ခရီးသည်တို့အဖို့ အေးရိပ်ကို တောင့်တမြဲဖြစ်သည်။ သစ်ပင်၏ အရိပ်ကို ခိုလုံလိုက်ရလျှင် အေးမြကာ အမောပြေငြိမ်းမြဲဖြစ်သည်။ ရှေ့ဆက်မည့်ခရီးအတွက် အင်အားသစ်များ ရရှိမြဲ ဖြစ်သည်။ လောကနီတိကျမ်း၌လည်း အလွန်တရာ၊ သစ်ရိပ်မှာလျှင်၊ ချမ်းသာသည်ထက်၊ စုံမက်မြတ်နိုး၊ ဆွေမျိုးမိဘ၊ အရိပ်ရသော်၊ အေးမြသည်ပင်၊ တို့ထက်လျှင်လည်း ပဲ့ပြင်ဆရာအရိပ်မှာကား၊ ချမ်းသာပွား၏ ဟုဆိုထားပါသည်။

ဆရာတို့ကို ဘုရားနှင့်တစ်ဂိုဏ်တည်းထားအပ်သော အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များအဖြစ် သတ်မှတ်ကြသည်။ ဆရာတိုတွင် အတတ်ပညာအပြင် စေတနာ၊ အနစ်နာ၊ ဝါသနာ ဆိုသည့် နာသုံးနာကိုအရင်းတည်ရသည်။ ဆရာကောင်းတို့ရှိမှသာ တိုင်းပြည်၏ အနာဂတ်တာဝန်ကို ပခုံးပြောင်းယူမည့် လူငယ်တို့သည် ပညာပြည့်ဝ နှလုံးလှကြကာ နိုင်ငံအလှကို ဖန်တီးရယူနိုင်မည် ဖြစ်သည်။

ရခဲလှသော လူ့ဘဝနှင့် ကြုံကြိုက်ရခိုင်တွင် လူသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်သူအဖြစ် ရပ်တည်နေသူမှာ ဆရာဖြစ်ပါသည်။ ဆရာသည် ရေမြေ့သခင်ဘဝရှင်မင်း၏ ဘဝလမ်းကြောင်းတည့်မတ်အောင် ဆုံးမပဲ့ပြင် အတတ်သင်သူဖြစ်သည်။ မျက်နှာကြီးငယ် ဆင်းရဲချမ်းသာမရွေး၊ ဆရာမေတ္တာ၊ အကြင်နာဖြင့် ပြတ်သားစွာ ဆုံးမရဲသူဖြစ်သည်။ ဘဝတစ်လျှောက်လုံးတွင် လှပတင့်တယ်စေသော ပညာပန်းကို ဆင်မြန်းပေးနိုင်သူမှာ မြင်းမိုရ်တောင်ဦး မကကျူးသည့် ဆရာသခင် ကျေးဇူးရှင်ပင် ဖြစ်ပါသည်။

MSC-047
kokyawzinphyo@kokyawzinphyo
Photo Credit; facebook image

ဆရာမ ( Teacher) | Ecency