တစ်နေ့ စားနေကျ မုန့်ဟင်းခါးဆိုင်မှာ ဝင်ထိုင်ပြီး စားမယ်လုပ်တော့ မနက်တိုင်း လမ်းလျှောက်ရင် တွေ့နေကျ အဘိုးကြီးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်ဖြစ်သွားတယ်။
“ဘူးသီးကြော်နဲ့ တစ်ပွဲ”
ကျွန်တော်ကမှာလိုက်တာ။ ကျွန်တော့်ရှေ့မှာထိုင်လိုက်တဲ့ အဘိုးအိုက ဆိုင်ရှင်ကောင်မလေးကို
“အကြော်နဲ့တစ်ပွဲ ဘယ်လောက်လဲ” လို့ မေးလိုက်တယ်။
ကောင်မလေးက
“၅၀၀ ပါရှင့်”
သူက ဘောင်းဘီအိတ်ထဲက ပိုက်ဆံကိုထုတ်ပြီးတော့ ကြည့်နေတယ်။ ၅၀ တန်၊ ၁၀၀ တန်လေးတွေ။ ကျွန်တော်က ကျွန်တော့်ရှေ့မှာ လာချပေးတဲ့ ပန်းကန်ကို စားမယ်လုပ်နေတုန်း သူက ပိုက်ဆံလေးတွေကို တွက်နေတယ်။ ပြီးတော့ ထပြီး ထွက်သွားမယ်လုပ်တော့ ကျွန်တော်က
“အစ်ကို ထိုင်ပါဦး … သွားတော့မလို့လား” လို့ မေးလိုက်မိတယ်
တကယ်တော့ ကျွန်တော် သူများကို မစပ်စုတတ်ပါဘူး။ မရင်းနှီးရင်လည်း စကားမရှိ စကား မရှာ တတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ ဘယ်လို ဖြစ်မှန်းမသိဘူး။ သူ့ကို ပြောလိုက်တော့
“သြော် … အင်း … အင်း”
“ထိုင်ပါ အစ်ကို … ဘာစားမလဲ ဘာကြော်နဲ့လဲ”
“ဟို … ဟို”
“ထိုင်ပါအစ်ကို … သမီးရေ … ဘူးသီးကြော်နဲ့ တစ်ပွဲပေးပါကွယ်”
သူက ယောင်နန ထိုင်ပြီးတော့ လာချပေးတဲ့ မုန့်ဟင်းခါးကို စားရင်းက
“ဟိုလေ … အိမ်က ထွက်လာတာ ပိုက်ဆံထည့်မလာမိလို့”
“အစ်ကိုရယ် … ကျွန်တော်တို့ မနက်တိုင်း တွေ့နေတာပဲ မဟုတ်လား။ စားပါအစ်ကို။ ဒီနေ့ ကျွန်တော် ဒကာခံပါရစေ”
“မနက်ဖြန် ပိုက်ဆံပြန်ပေးပါ့မယ်”
“အစ်ကို့သဘောပါ”
စားသောက်ပြီးတော့ ကျွန်တော်က လက်ဖက်ရည် ဖြတ်ထားပေမယ့် သူနဲ့ စကားပြောချင်တာကြောင့်
“လက်ဖက်ရည်ဆိုင်ထိုင်ရအောင်အစ်ကို … အချိန်ရတယ် မဟုတ်လား”
“ရပါတယ် … ထိုင်လေ”
ကျွန်တော်က ကော်ဖီကြမ်းတစ်ခွက်မှာတယ်။ သူက လက်ဖက်ရည် ချိုစိမ့်ဆိုပြီး မှာတယ်။ လာချပေးတဲ့ လက်ဖက်ရည်ကို သူက တစ်ငုံသောက်ပြီးတော့
“ကောင်းလိုက်တာ … မသောက်ရတာ ကြာပြီ”
“လက်ဖက်ရည်သမားလား”
“ဆိုပါတော့ … သောက်လာတာ ငယ်ငယ်လေးကတည်းက”
“ကျွန်တော်လည်း လက်ဖက်ရည်သမားပဲ။ ဒါပေမဲ့ ဒီသင်္ကြန်ကစပြီး ဘလက်ကော်ဖီပဲ သောက်တော့တယ်”
“ခင်ဗျားကို မလိမ်ပါဘူးဗျာ … အမှန်အတိုင်း ပြောပါ့မယ် … ကျွန်တော့်မှာ ပိုက်ဆံ မရှိလို့ လက်ဖက်ရည်လည်း မသောက်နိုင်တာပါ”
“ဟာဗျာ”
“ကျွန်တော်က အငြိမ်းစားဝန်ထမ်းတစ်ယောက်ပါ”
“ကျွန်တော်လည်း အငြိမ်းစား ကျောင်းဆရာ”
သူက ကျွန်တော့်ကို သေသေချာချာကြည့်လိုက်ပြီး
“အင်း … ကျွန်တော် ခင်ဗျားကို နေ့တိုင်းတွေ့ပါတယ်။ နေ့တိုင်း လမ်းလျှောက်သလား”
“ဟုတ်ကဲ့”
“ကောင်းပါတယ်။ ကျွန်တော်ကတော့ ဒူးမနာတဲ့ နေ့ဆိုရင် လျှောက်တယ်။ ဒူးတွေ နာလာရင် မတ်တတ် ရပ်လို့တောင် မရဘူး။ အဲဒါဆိုရင် မလျှောက်တော့ဘူး”
“ကျွန်တော်လည်း လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဒူးနာလို့ လမ်းလျှောက်ပြီး ခုတော့ ပျောက်နေပြီ။ ဒူးနာမှာ ကြောက်လို့ကို လမ်းလျှောက်နေရတာ”
သူက လက်ဖက်ရည်ကို အရသာခံပြီး ဆက်သောက်ရာက ဆေးလိပ်ကို ထုတ်လိုက်ပြီး
“ဆေးလိပ်သောက်လား”
“ကျွန်တော် ဆေးလိပ်မသောက်ဘူး”
“ဒါဆိုရင် ကျွန်တော်သောက်တာ စိတ်မရှိနဲ့နော်”
“အစ်ကို မသောက်လည်း ပတ်ဝန်းကျင်မှာ မီးခိုးတွေ ထောင်းထောင်းထနေတာပါဗျာ”
သူက ဆေးလိပ်ကိုဖွာလိုက်ရင်း မျက်နှာချင်းဆိုင်က ဘတ်စ်ကားဂိတ်ကို ကြည့်လိုက်တယ်။ ပြီးတော့
“သားရေ … သားရေ” လို့ အော်ခေါ်လိုက်တယ်။
ဘတ်စ်ကားစောင့်နေတဲ့ သက်လတ်ပိုင်း လူငယ်တစ်ယောက်။ ကျောပိုးအိတ်၊ ထမင်းချိုင့်နဲ့ပါ။ ကောင်လေးက ကျွန်တော့် ရှေ့ကလူကို လှည့်ကြည့်လိုက်တယ်။ ခေါ်တဲ့သူက သားရေလို့ခေါ်တော့ သားဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ပြန်ကြည့်တဲ့ ကလေးရဲ့ အကြည့်ကို ကျွန်တော်မကြိုက်ဘူး။ သားလို့ ခေါ်လိုက်တော့ အဖေဖြစ်နိုင်ပါတယ်။ အဖေကို သားဖြစ်သူ ပြန်ကြည့်ပုံက ရန်သူကို မိုက်ကြည့် ကြည့်သလိုဖြစ်နေလို့ စိတ်မကောင်းဖြစ်မိတယ်။
“ဘာလဲ”
“အဖေ့ကို ပိုက်ဆံလေး ၅၀၀ လောက်ပါရင် ပေးခဲ့ပါလား”
“မပါဘူး”
“သြော် … အေးအေး … နေပါ … နေပါ … အဖေက ပိုက်ဆံမပါလာလို့”
သူတို့ သားအဖဆက်ဆံရေးက တစ်မျိုးကြီးပဲ။ ကျွန်တော်က ငေးကြည့်နေမိတယ်။ ကောင်လေးက ဘတ်စ်ကား လာလို့ ကားပေါ်ကို တက်သွားတယ်။ ကျွန်တော်က
“အစ်ကို ဒီဝိုင်းလည်း ကျွန်တော် ရှင်းမှာပါ”
“အားနာလိုက်တာ”
“ကိစ္စမရှိပါဘူး။ စောစောက … သားလား”
“ဟုတ်တယ်”
“အလုပ်သွားမှာနဲ့တူတယ်”
“အင်း”
“ဘယ်မှာ လုပ်သလဲဗျ”
“……………….. ဌာနမှာပေါ့”
“ဝင်ငွေကောင်းတဲ့ ဌာနပဲဗျ”
“ကျွန်တော့်ဌာနပဲလေ။ ကျွန်တော်ပဲ သားကို အလုပ်သွင်းပေးခဲ့တာ။ သားက ခုဆိုရင် ဌာနစုမှူးတောင် ဖြစ်နေပြီ။ ကျွန်တော်ပင်စင်ယူတော့ နေစရာလေး မပျောက်အောင် သူ့ကို အလုပ်သွင်းပေးထားရတယ်။ ရန်ကုန်မှာက သိတယ်မဟုတ်လား။ နေရေးက အရမ်းခက်တာလေ”
“မိသားစုနဲ့လား”
“ဇနီးက ဆုံးသွားတာ ၆ နှစ်ရှိပြီ။ သားနဲ့ မှီခိုနေရတယ်။ ပင်စင်လစာကလည်း မဖြစ်စလောက်ဆိုတော့ လူမလေး ခွေးမခန့်ပေါ့”
photo : google