မင်္ဂလာပါ။ ယခုတလော အိမ်တွင်းအောင်း နေရသည့် အဖြစ်ကြောင့် မိမိကိုကိုယ် ယုံကြည်ချက် မပျက်စီးအောင်မနည်း အားတင်နေရပါသည်။ ယုံကြည်ချက် ပျက်စီးသည် ဆိုသည်မှာ ကျွန်တော့ အတွက် အလုပ်ကလည်း မယ်မယ်ရရမရှိ ၊ ဝင်ငွေကလည်း မရှိ ၊ နေစဉ် အသက်တာသည် အဓိပ္ပာယ် မရှိလာသလို ခံစားရကာ ဘာမှ မလုပ်လိုတော့ခြင်း ဖြစ်ပါသည်။
စာရေး စာဖတ်လည်း မလုပ်ချင် ဒီအတိုင်း အိပ်လိုက်စားလိုက် Facebook ပွတ်ရင်း အချိန်ဖြုန်း နေမိခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ မဖြစ်အောင် မိမိကိုယ်ကို အလုပ်ပေးထားရပါသည်။ နေ့စဉ် စာအုပ်တအုပ် ကုန်အောင်ဖတ်သည်။ မိမိစိတ်ဝင်စား သည့် အကြောင်းအရာများ အား အင်တာနက်တွင် လိုက်ရှာဖတ်မည်။
တနေ့ အနည်းဆုံး တစ်နာရီ အားကစားလုပ်မည် စသည် ဖြင့် မိမိကိုယ်ကို အလုပ်ပေးထားရပါသည်။ ကြားဖြတ် အနေဖြင့် ပြောရလျင် ဤ ကဲ့သို့ နေအိမ် အကျယ်ချုပ်ကျရောက်နေသောကာလသည် မိမိဝါသနာပါရာအား တစိုက်မှတ်မှတ် လုပ်လျင် အလွန် အသုံးဝင် အကျိုးများသော အနေအထား ဖြစ်ပါသည်။
ကျွန်တော့ အမျိုးသမီး ကတော့ online မှ ဒီဇိုင်းများ ကြည့်ကာ အိမ်တွင် on line စက်ချုပ်သင်၍ ကိုယ့်ကိုကိုယ် အလုပ်ပေးနေပါသည်။ တခု ဟန်ကျသည်ကတော့ အိမ်တွင် အပ်ချုပ်စက် ၂ လုံး ရှိကာ ကရိယာ တန်ဆာပလာများလည်း အစုံရှိနေခြင်း ဖြစ်ပါသည်။
ကျွန်တော့ အစ်မကြီးနှင့် ခလေး ၃ ယောက်ကတော့ ကိုးရီးယား ကား ကြည့် ၊ on line မှ ကိုးရီယား စကား သင်တန်းတက်ကာ ကိုးရီးယား စကားလေ့ကျင့်နေကြပါသည်။ နားထောင်ဖန်များလျင် ကြားရမြင်ရဖန် များလျင် အလိုလို တတ်လာသည် ဟူသော စကားမှာအလွန်မှန်ပါသည်။
သူတို့အနေဖြင့် ကိုးရီယား ကား ကြည့်လွန်း၍ အတော်လေး ပြောနိုင်ဆိုနိုင် နေကြပါသည်။ ကိုရီးယားဘာသာဖြင့် သာမန် ထမင်းစား ရေသောက်ကတော့ အသာလေးဖြစ်နေပါသည်။ ကျွန်တော်ကတော့ ယခုနောက်ပိုင်းတွင် ရုပ်ရှင်ဇတ်ကား များကြည့်ရန်ထက် အဖြစ်မှန်အား ရိုက်ကူးထားသော ရုပ်ရှင် ၊ သို့မဟုတ် Documentary များအား ကြည့်ရန် ပိုအားသန်လာပါသည်။
အပစ်အခတ် အသတ်အဖြတ် စိတ်ကူးယျဉ် ဇတ်လမ်းများထက် သဘာဝကျသော ဖြစ်ရပ်မှန် ဇတ်လမ်းအား ပို၍ သဘောကျပါသည်။ အမှန်ဆိုရလျင် ကိုးရီးယားဇတ်လမ်း ကြည့်ကောင်းပါသည်ဟူ သော ရုပ်ရှင် အတော်များများ သည် စိတ်ကူးယျဉ်ဇတ်လမ်း များသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော် တကယ် အကြိုက်တွေ့ခဲ့သော Movie များ ရှိပါသည်။
ကျွန်တော် Movie Review ရေးခဲပါသည်။ မှတ်မှတ်ရရကျွန်တော်ရေးခဲ့သော Movie မှာ ဒါရိုက်တာ Feng Xiaogang ၏ Aftershock ဟူသော ရုပ်ရှင် ဇတ်ကား ဖြစ်ပါသည်။ နာဂစ် အမှတ်တရအဖြစ်ရေးခဲ့ခြင်း ဖြစ်ပါသည်။
တချိန်ကျလျင်ကျွန်တော်လည်း ကိုဒွန်ကဲ့သို့ Movie Review များ ရေးမည်ဟုအားခဲထားပါသည်။ ကျွန်တော်တို့ ဇတ်လိုက်ကိုဒွန်ကတော့ Covid-19 ကြောင့် ခြေချုပ်မိကာ Movie Review များ မရေးနိုင်သေးသည်ကတော့ စိတ်မကောင်းစရာ ဖြစ်ပါသည်။
ကျွန်တော့ Movie Review များ မရေးနိုင်သေးပါ။ ကျွန်တော် စာအုပ်ကောင်းများ တွေ့ထားသောကြောင့် ဖြစ်ပါသည်။ စာအုပ်ကောင်းဟု ဆိုရာတွင် အခြားသူများ အတွက်တော့ အချစ်ဇတ်လမ်းသည် စာအုပ်ကောင်း ဖြစ်သလို အချို့ အတွက်တော့ သရဲ နာနာဘဝ ဇတ်လမ်းများသည် စာအုပ်ကောင်းများ ဖြစ်ပါလိမ့်မည်။
ကျွန်တော့ အတွက်တော့ စာအုပ်ကောင်း ဆိုသည်မှာ ကျွန်တော့အား အတွေးရှည်စေသော ၊ သိချင်စိတ်အား နှိုးဆွပေးသော ၊ တခါစဖတ်လိုက်သည်နှင့် မပြီး မချင်း လက်က မချနိုင်သော စာအုပ်များအား ဆိုလိုပါသည်။ လက်ရှိ ကျွန်တော့ လက်ထဲတွင် စာအုပ်ကောင်းများ အတော်ရောက်နေပါသည်။
လက်နှင့် ကိုင်ဖတ်ရသော စာအုပ်များ ရှိသလို On line မှ စောင့်ဖတ်ရသော စာအုပ်များလည်း ရှိပါသည်။ လက်နှင့် ကိုင်ဖတ်ရသော စာအုပ်များ ကို နှောင်တွင် ဖေါ်ပြပေးပါမည်။ လက်ရှိ on line မှ အပိုင်းလိုက် ဆံ့တငံ့ငံ့ ဖတ်ရသော စာအုပ် နှစ်ခုမှာ " ဗေဒါ " နှင့် The Guys of Yangon ( 1930 ) ဖြစ်ပါသည်။
စာလေးမည်စိုးသောကြောင့် ပေမရှည်တော့ပါ။ ဖတ်မိလျင် စွဲစေရမည်ဟု အာမခံပါသည်။ တခုသာ မှာစရာရှိပါသည်။ ထိုစာအုပ်များ အရသာ ခံနိုင်ရန် လုံလောက်သော ဗဟုသုတ ပြည့်စုံဖို့တော့လိုပါလိမ့်မည်။ ထိုဗဟုသုတများ အပြည့်လိုချင်လျင် အင်စိန်အောင်စိုး နှင့် မင်းဒင်၏သက်ခိုင်စာအုပ်များအားဖတ်ပါလေ...
Henry Aung (Kachin)