Cryptocurrency နှင့်ယုံကြည်မှု ( Henry Aung )

Words
476
Reading
3 min
Listen
Play
4y

111

မင်္ဂလာပါ။ ယနေ့ကတော့ Hive ဈေးက ပြား ၅၀ အထက်သို့ ပြန်ရောက်လာပြီမို့ မိမိ Wallet အား ကြည့်ရင်း စဉ်းစားခန်းဝင်နေမိပါသည်။ အခြားမဟုတ်ပါ။ Cryptocurrency ၏ လှည့်စားတတ်သည့် သဘော အကြောင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် Hive 3$ အထိ ရောက်လာသော အခါ အတော်လေး အားတက်မိခဲ့ပါသည်။ အရိုးသားဆုံးပြောရလျင် ၂၀၂၁ မတ်လမှ စပြီး ကျွန်တော့ KBZ တွင် သိန်း ဆယ်ဂဏန်းမျှသာ ချန်ထားခဲ့ကာ အားလုံး ထုတ်ယူခဲ့ပြီး ဖြစ်ပါသည်။ Kpay အလွယ်တကူ သုံးနိုင်ရန် အတွက် သာ ချန်ထားခဲ့ရခြင်း ဖြစ်ပါသည်။

ထိုအချိန်က ကျွန်တော့ အနေဖြင့် အတော်လေး လမ်းပျောက်သွားသလို ခံစားခဲ့ရပါသည်။ စီးပွားရေး တွင် ရပ်ထားလိုက်ရသလို ဘဏ်တိုးများအားလုံး နီးပါးလည်း ရပ်တန့်သွားခဲ့ရပါသည်။ သို့သော် Hive 3$ လောက်ထိ တက်လာသောအခါ " ငါလမ်းမပျောက်သေး " ဟူ၍ ခံစားခဲ့ရပါသည်။

အကယ်၍ ကျွန်တော့ တွင် Hive Wallet သာ မရှိထားလျင် အတော်လေး စိတ်ဓာတ်ကျသွားမည်မှာ သေချာပါသည်။ အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤသို့ ပြောရသနည်း ဆိုသော် ကျွန်တော့ Wallet သာ ပိုက်ဆံပေး၍ ( တနည်းအားဖြင့် ဝယ်စုထားသော ) စုထားသော Hive Power သာဆိုလျင် တမျိုး ဖြစ်သွားမည် ဖြစ်ပါသည်။

ယခုတော့ စာရေး၍ ရသော ဝင်ငွေလေးဖြင့် စုထားရသည်ဆိုတော့ Hive ဈေးမည်မျှ ကျသွားသည့်တိုင် Wallet တွင်ပြနေသော တန်ဖိုး Estimated value က ကျွန်တော့ အမြတ်ဖြစ်နေသော ကြောင့် "ငါမှာ အရှုံးမရှိဘူး" ဟူသော စိတ်သက်သာမှုကို ရစေပါသည်။

အမှန်တော့ မိမိငွေသားအား အသုံပြုကာ Cryptocurrency အတွင်း၌ ရင်းနှီးမြုပ်နှံခြင်းသည် အလွန်ပင် Risk ( အန္တရာယ် ) များလှပါသည်။ လွန်ခဲ့သော ရက်များကဖြစ်ပျက်သွားခဲ့သည့် Terra Luna Coin အားကြည့်လျင် သိသာ ပါသည်။ အချို့က Luna အနေဖြင့် အတိုး 20% ရသည်ဟူ၍ ပုံအောရင်းနှီးခဲ့ကြပါသည်။

ဒေါ်လာ သုံးသန်း ပုံအောထည့်ထားသူ ဒေါ်လာ ၁ သန်း ထည့်ထားသူ စသည်ဖြင့်။ YouTube ဗီဒီယို ဖိုင်တခုတွင် ကြည့်ရသည်မှာ ထို အမျိုးသား Luna တွင် ဒေါ်လာ ၁ သိန်း ရင်းနှီးမြုပ်နှံထားပါသည်။ ယခု သူ၏ ဒေါ်လာ ၁ သိန်း တန်သော Luna Coin များက USD ၃$ဒေါ်လာသာ တန်ကြေးရှိပါတော့သည်။

ဒေါ်လာ ၁ သိန်းအား မြန်မာငွေ ဒေါ်လာဈေး ၂၀၀၀ ကျပ်ဖြင့် တွက်လျင် တောင် သိန်း ၂၀၀၀ ကျပ် ဖြစ်ပါသည်။ တရက်တည်းဖြင့် မိမိ ငွေ သိန်း ၂၀၀၀ ဆုံးရှုံးသွားရသည်ဆိုတော့ မည်မျှ ခံစားရမည်နည်း။

ဒေါ်လာ ၁ သန်း ထည့်ထားသူဆိုလျင် မည်သို့ လုပ်မည်နည်း။ မည်သို့မျှ လုပ်မရပါ။ ကျွန်တော် ယခင်က ပြောခဲ့သည့် အတိုင်း Cryptocurrency သည် ယုံကြည်မှုတွင် အခြေခံပါသည်။ ယုံကြည်မှု ဆုံးရှုံးသွားသည်နှင့် မိမိလက်တွင် ရှိသော Cryptocurrency token / coin များက အိမ်သာသုံးစက္ကူ လောက်ပင် အသုံးမဝင်တော့ တန်ဖိုးမရှိတော့ပါ။

စက္ကူကမှ အိမ်သာတက်လျင် သုံး၍ ရနိုင်ပါသေးသည်။ ဤ Cryptocurrency ယုံကြည်မှုသည် အလွန်တည်ဆောက်ရခက်ပါသည်။ Luna တွင်လည်း ထို့အတူသာ ဖြစ်ပါသည်။ အချို့ကာ Luna အား 10$ တွင် ဝယ်ထားမည် အချို့က 30$ တွင် ဝယ်မည် အချို့က 50$ တွင် ဝယ်ထားမည်။ ဤ နည်းဖြင့် ယုံကြည်မှု တက်လာသည်နှင့် အမျှ Cryptocurrency တန်ဖိုးသည်လည်း တက်လာပါသည်။

အကြောင်းကြောင်း ကြောင့် ယုံကြည်မှု ဆုံးရှုံးသွားပြီ ဆိုသည်နှင့် မိမိ လက်တွင်ရှိသော Cryptocurrency အား ရသမျှ ဈေးဖြင့် ဦးစွာထုတ်ရောင်း နိုင်သူတို့ အရှုံးနည်း ကြမည် ဖြစ်ပါသည်။

ဒေါ်လာ 120$ နီးပါးအထိ တန်ကြေးရှိနေသော Cryptocurrency က ရုတ်တရက် ဈေးပြုတ်ကျသွားလျင် $ 100 ဝန်းကျင်ဖြင့် ဝယ်ထားသူတို့ ရောင်းထုတ်ရန် လက်တွန့်ကြမည်မှာ သေချာပါသည်။ ထို့အပြင် 70$ 50$ ဖြင့် ဝယ်ထားသူတို့က သူတို့ ဝယ်ရင်းဈေးထိ ပြုတ်မကျမှီ ရသမျှ ဈေးဖြင့် ထိုးရောင်း ချသော အခါ ဈေးကွက် ပျက်လာပါတော့သည်။

ဤတွင် 10$ 20$ ဖြင့် ဝယ်ထားသူများကလည်း ကြောက်လာကြကာ ရသမျှ ဈေးဖြင့် အမှီ ထိုးရောင်း ကြပါတော့သည်။ ဤ တွင် ဝယ်လိုအား မရှိတော့ပဲ ရသမျှ ဈေးနှိမ် ရောင်းကြသဖြင့် မိမိ လက်တွင် ရှိသော Coin / token များ ဈေးကျသထက် ကျလာပါတော့သည်။

ဆိုလိုသည်မှာ မိမိ 50$ ဖြင့် ဝယ်ထားသော Coin အား 40$ ဖြင့် ထိုးရောင်းလည်း မည်သူမျှ မဝယ် 30$ ဖြင့် ထိုးရောင်းလည်း မည်သူမျှ မဝယ် အဆိုးဆုံး ၁၀ ပြားဖြင့် ချရောင်းလျင်တာင် မည်သူမျှ မဝယ်သော အခါ မိမိလက်တွင် တန်ဖိုးမရှိတော့သောCoin များသာ ကျန်ရစ်နေပါတော့သည်။

ဤ နည်း​ဖြင့် မိမိငွေသားဖြင့် ဝယ်ယူထားသော Coin များ၏ တန်ဖိုးသည် ဒီဂျစ်တယ် ကိန်းဂဏန်းများ အောက်တွင် အငွေ့ပျံ ပျောက်ဆုံးသွားခဲ့ရပါတော့သည်။ ဤ ဆုံးရှုံးမှုအတွက် မည်သူ့အား အပြစ်တင်မည်နည်း ။ မည်သူ့အား တာဝန် ခံခိုင်းမည်နည်း ။

အကယ်၍ Terra Luna ၏ ခေါင်းဆောင်က နောက်ထပ် Cryptocurrency project ထပ်လုပ်၍ ဆုံးရှုံးမှုများအား ကာမိအောင် လုပ်ဆောင်ပေးပါမည်ဟု ကတိပေးသည့်တိုင် သူ၏ နောက်ထပ် ထွက်လာမည် Cryptocurrency project အား မည်သူ ယုံကြည်ကြတော့မည်နည်း။ ယုံကြည်မှု ဆိုသည်မှာ ထိုအရာ ဖြစ်ပါသည်။

Hive ဈေး ပြား ၄၀ အထိ ကျသွားသည်။ ပြား၄၀ တွင် တန်သည်ဟူ၍ ဝယ်မည့်သူ ရှိသလို ပြား၅၀ တွင်လည်း တန်သည်ဟူ၍ ဝယ်မည့်သူရှိနေသော ကြောင့် Hive ဈေးသည် အတက်အကျ ရှိနေပါသည်။ ဤသည်မှာ Hive အပေါ် ယုံကြည်မှု ရှိနေသော ကြောင့် ဖြစ်ပါသည်။

အကယ်၍ Hive သည်လည်း အကြောင်းအမျိုးမျိုးကြောင့် ယုံကြည်မှု ပျက်စီး သွားလျင် Luna ကဲ့သို့ပင် ကျဆုံးသွားမည် ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ အနေဖြင့် အရှုံးမရှိပါဟူသော အနေအထားအား ပိုင်ဆိုင်ပြီး ဖြစ်သော ကြောင့် သိပ်အများကြီး ဝမ်းနည်စရာတော့ မရှိပါဟု ပြောလိုပါသည်။

Henry Aung ( Kachin )

03/06/2022 - Friday - 17;58 Pm

Cryptocurrency နှင့်ယုံကြည်မှု ( Henry Aung ) | Ecency