အင်တာနက် မဝရေစာ ( Henry Aung )

Words
320
Reading
2 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ယနေ့နံနက်က ဘာရယ်မဟုတ် နံနက်စာ စားရင်း ကျွန်တော့ အမျိုးသမီးနှင့် အင်တာနက် များ ဈေးတက်မည့် အကြောင်း ဆွေးနွေး ဖြစ်ခဲ့ပါသည်။ လက်ရှိ သုံးနေသော Wifi က တလလျင် ၂၅၀၀၀ ကျပ်သာ ရှိသည် ဆိုတော့ ကွန်ပြူတာ ၂ လုံး ဖုန်း ၂ လုံး အတွက်တော့ အဆင်ပြေနေပါသေးသည်။

wifi ရှိသည် ဆိုတော့ မိဘများနှင့် စကားပြောလျင်လည်း မိသားစု messenger chat group လေး ဖွင့်ပြီး ပြောကြသည် ဆိုတော့ အဆင်ပြေပါသည်။ တခုသာ ရှိပါသည်။ မီးပျက်ပြီ ဆိုလျင်တော့ ဖုန်းဘေ ကုန်ရပါပြီ။

ယခုနောက်ပိုင်း ဖုန်းဘေ ၁၀၀၀ ဖိုးထည့် ထားလျင် စကားပြောနေရင်းပင် Data ကုန်ကာ ပြတ်ကျသွားရသည့် အဖြစ်မျိုး ကြုံလာပြီ ဖြစ်ပါသည်။ ဆိုတော့ ဈေးတက်လာမည့် အင်တာနက် အတွက် မည်သို့ မည်ပုံ ကြံစည်ကြမည့် အကြောင်း တိုင်ပင်ရပါတော့သည်။

အကယ်၍ လက်ရှိ သုံးနေသော 12Mbp internet လိုင်းက ၅ သောင်း အထက် တက်သွားမည် ဆိုလျင်တော့ Internet ဆက်မသုံးတော့ပဲ ကျွန်တော် Hive Platform အတွက် မဖြစ်မနေသုံးရလျင် ဈေးသက်သာသော အခြားသော Internet များ ပြောင်း သုံးကြရန် ညှိနှိုင်း ကြရပါတော့သည်။

အမှန်တော့ ဤ internet များ ဈေးတက်လာခြင်း နှင့် ဖုန်း Data များ ဈေးတက်လာခြင်းသည် On Line ဝယ်ရောင်း သမားများ အတွက် အတော်လေးပင် ဒုက္ခရောက်ကြရတော့မည်ပင် ဖြစ်ပါသည်။

ပြင်ပတွင် ဆိုင်ခန်းဖွင့်ရန် အဆင်မပြေကြသောကြောင့် လုပ်ငန်း အားလုံးနီးပါး On Line Shop လုပ်သည့် ဘက်ပြောင်းလာကြချိန် ဤသို့ Internet များ ဈေးတက်လိုက်ခြင်းသည် စားသုံးသူ Customer များအတွက် နောက်တထစ် ဈေးတက်တော့ မည့် အနေအထားဖြစ်ပါသည်။

ထို့ အပြင် ရောင်းသူက Internet ဖိုး အကုန်အကျခံ၍ ရောင်းနေကြသည့် တိုင် စားသုံးသူများက ယခင်ကလောက် on line ပေါ်သို့ ဖေါဖေါသီသီ တက်နိုင်ကြတော့ မည်မဟုတ်ပါ။ အနည်းနှင့် အများ ဆိုသလို ဆိုးကျိုး ခံစားရတော့မည် ဖြစ်ပါသည်။

သေချာသည် တခုကတော့ ကျွန်တော်တို့ ယခုထက်ပို၍ ခက်ခဲလာကြမည့် သဘောပင် ဖြစ်ပါသည်။ အချို့ကလည်း ဆိုကြပါလိမ့်မည်၊ ယခင် Internet မရှိခင် ကတည်းက လူဖြစ်နေကြတာ ယခု internet မရှိလည်း ဘားမှ ပိုပြီး ဆုတ်ယုတ်မသွားပါဘူး ဟူ၍ ။

အမှန်တော့ တိုးတက်ခေတ်မှီသော နိုင်ငံ တနိုင်ငံတွင် လျပ်စစ်မီးနှင့် အင်တာနက်သည် အသက်ပင် ဖြစ်ပါသည်။ လျပ်စစ်မီးနှင့် အင်တာနက် မပါပဲနှင့် မည်သို့မျှ ခေတ်မှီ နိုင်ငံ တည်ဆောက်ရန် မဖြစ်နိုင်ပါ။

ယခုတော့ သဘာဝဓါတ်ငွေ့နှင့်လည် ပတ်သော ဓါတ်အားပေးစက်ရုံများကလည်း ရပ်ထားရ ၊ နွေရာသီ ရောက်လာလျင် ရေနည်း သည် အကြောင်းပြကာ လျပ်စစ်မီးက မလာတရက် ပျက်တရက်။ ဤ လျပ်စီးမီးပျက်လျင် တိုက်ခန်းတွင်း နေသူတို့ အလွန် ဒုက္ခရောက်ရပါသည်။

စားစရာ ချက်မစားရလျင် အပြင်က ဝယ်စား၍ ရပါသေးသည်။ အသုံးပြုရန် ရေက မီးလာမှ တင်ရသောကြောင့် မီးပျက်လျင် အိမ်သာပင် ရဲရဲ မတက်ဝံ့။ ဆိုးလိုက်သည့် ဘဝ။

အင်တာနက် စည်းကမ်း တင်းကျပ်ပါသည် ဆိုသည့် တရုတ်နိုင်ငံပင် သူတို့ မကြည့်စေချင်သော Facebook ကဲ့သို့သော အရာအား ပိတ်ပင်ထားသော်လည်း အခြားသော စီးပွားရေး လုပ်ငန်းများ တွင်ကျယ်စွာလုပ်ဆောင်နိုင်ရန် Internet အား လမ်းဖွင့်ပေးထားရပါသည်။

တရုတ်နှင့် အတူ အမေရိကန်တို့က ယခု လက်ရှိသုံးနေသော 4G Network ထက် ပို၍ အဆပေါင်းများစွာ ပိုမိုမြန်ဆန် သော 5G Lightning Network အတွက် စစ်ဖြစ်မတတ် နည်းပညာ ယျှဉ်ပြိုင် နေချိန် ကြင်စိုးတို့ကတော့ အင်တာနက် သုံးလျင် လူငယ်များ ပျက်စီးသည် အကြောင်းပြကာ ရှိသည့် 3G Network အား ပင် ပိတ်ပြစ်ချင်နေပါသည်။

အမှန်တော့ ယခုရသည် 3G Network ပင်လျင် VPN မခံလျင် မည်သို့မျှ သုံးရအဆင်မပြေပါ။ ဆိုတော့ သိပ်မကြာသော အချိန်မှ စပြီး ကျွန်တော်တို့လည်း အစားအသောက် / လျပ်စစ်မီး / အင်တာနက် ....မဝရေစာ စားရတော့မည် ဖြစ်ပါသည်။ နောက်ထပ် မဝရေစာ စားရန် ဘာများ ကျန်ပါသေးသနည်း ...?

Henry Aung ( Kachin )

08/01/2022 - Saturday - 18;04 Pm

အင်တာနက် မဝရေစာ ( Henry Aung ) | Ecency