"သားရေ မင်းဖိနပ်က နိုးနေတယ်"
အဲ့သလို အမေဖြစ်သူက ပြောလိုက်သည့်အခါ
ရှမ်းကြီးသည် သူ၏ ခြေထောက်မှ စီးထားသော
ဘယ် ညာဖိနပ် အလွဲများကို ချွတ်၍ အတည့်ပြန်စီး
သည်။ ရှမ်းကြီးဆိုသည်က သုံးနှစ်အရွယ် ကလေးငယ်
တဦးဖြစ်သည်။ ထိုကလေးက ထမင်းစားနည်းသည်။
ထမင်းစားနည်းဆို သူက တနေ့ကို ရွိုင်ရယ်ဒီ
သုံးဗူးကုန်သည်။ မနက်အိပ်ရာနိုးသည်နှင့် ရွိုင်ရယ်ဒီ
ပုလင်းအရည်ကို နို့ဘူးသို့ပြောင်းထည့်ပေးရသည်။
ထို ရွိုင်ရယ်ဒီနို့ဗူးကို သောက်နေတတ်သည်။
နေ့လယ်ခင်းမှာလည်း နောက်ထပ်တဗူးကို ဖောက်၍
နို့ဗူးအတွင်းသို့ ထည့်ပေးကာသောက်ပြန်သည်။
နေ့ခင်းမှာ တော့ ထမင်းတလုပ် နှစ်လုပ်သာစားသည်။
ကြက်သားပြုတ်ကြော် အနည်းငယ်စားသည်။
အားလူးကြော် အနည်းငယ်စားသည်။ ထိုသို့ စားရင်း
လက်က ဖုန်းကိုကိုင်ကာ ဟိုဆွဲ ဒီပွတ်လုပ်ကာ
ကြည့်နေတတ်သည်။ ဖုန်းမှ ဂိမ်းများကို ဟိုကလိ
ဒီကလိလုပ်ရင်း ထမင်းစားသည်။ ညနေမှာ
ရွိုင်ရယ်ဒီတပုလင်းကုန်သည်။
ထိုရှမ်းကြီး အမည်ရှိ ကလေးငယ်က သုံးနှစ်အရွယ်သာ
ရောက်နေသည် စကားကို ကောင်းစွာ ရေလည်ပတ်လည်
မပြောတတ်သေးပေ။ သို့ပေသိ သူက
သူလုပ်ချင်သော အရာများကို လူကြီးအား
လက်ညိုးထိုး၊ တွန်းထိုး၍ ခိုင်းတတ်သည်။ ခေါင်းညိမ့်
ခေါင်းခါ ရက်စ် နိုးနှင့် ပြောဆို ခိုင်းတတ်သည်။
စကားသာ ကောင်းစွာ မပြောတတ်တာ
ဖုန်းမှအင်္ဂလိပ်စကားလုံးများကိုမူ နားရည်ဝနေ
သည်။
တခါတလေ ရှမ်းကြီး၏ အင်္ဂလိပ်စကားပြောများကို
သေချာနားထောင်းကြည့်မှသာ နားလည်သည်။
သူ့အမေနှင့် သူ့အဘွားကတော့ ရှမ်းကြီးပြောစကား
များကို ဘာသာပြန်နိုင်ကြသည်။ နေ့လယ် နေ့ခင်း
များမှာ ရှမ်းကြီး အဖေအမေတို့က အလုပ်သွားကြသည်။
ရှမ်းကြီးက သူ့အဖွားနဲ့ နေခဲ့သည်။ အိပ်ခန်းထဲမှာ
မြေးအဘွား ဖုန်းတလုံးနှင့် ပွဲကနေကြရသည်။
အခန်းထဲ ပွဲကသည်ဆိုသည်မှာ အိမ်ခန်းက မှောင်သဖြင့်
မီးလုံးအစိမ်းအနီများထွန်းထားသည်။
အခြား မီးလုံးများကို ထွန်းပါက ရှမ်းကြီးက နိုးဟု
ပြောကာ ငိုသဖြင့် ရောင်စုံမီးများထွန်းရသည်။
နေ့လယ်ခင်းမှာလည်း ခြင်များပေါသဖြင့် ခြင်ထောင်
ထောင်ထားရသည်။ ခြင်ထောင်အတွင်း မြေအဘွား
နှစ်ဦးမှာ ဖုန်းမှသီချင်းသံဖြင့် အငြိမ့်ပွဲ၊ ဇာတ်ပွဲ
ကသည်နှယ် နှစ်ဦးထဲဖြင့် ပွဲစည်နေသည်။
တနေ့မှာ ငလျင်လှုပ်သည်။ ငလျင် လှုပ်သောအခါ
သူရို့ မြေးအဘွားက ထုံးစံအတိုင်း အိမ်ခန်းထဲမှာ
ပွဲကနေကြသည်။ ငလျင်လှုပ်၍ ယိမ်းထိုးသဖြင့်
အဘွားဖြစ်သူက အတော်နဲ့ မထနိုင်။ မြေးရှမ်းကြီးက
ထထိုင်ပြီး အဘွားဖြစ်သူ၏ လက်ကိုဆွဲကာ ဂိုး ဂိုး
ဟု ပြောရင်း ဆွဲရင်းနဲ့ အိမ်ရှေ့ရောက်လာကြသည်။
ရှမ်းကြီး၏ အဖေကလည်း အိမ်သို့ ဆိုင်ကယ်ဖြင့်
အတင်းမောင်းပြန်ခဲ့သည်။ ရှမ်းကြီးတို့အိမ်သားများ
က ငလျင်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ပေသိ
သူရို့အိမ်က သွပ်မိုး၊ သစ်သားကာ၊ ထရံကာအိမ်
ဖြစ်သည်။ ငလျင်လှုပ်တော့ ပြာယာခပ်ကုန်ကြသည်။
ညနေ လူစုံမှာ ရှမ်းကြီးအဘွားက သူ့မြေးက
သူ့ကို ဆွဲခေါ်ကြောင်းပြောကာ အမောဖြေ ရီမော
ကြရပါလေသည်။
@htwegyi
June 30, 2026