ယနေ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။
နှစ်စဉ် သီတင်ကျွတ်လပြည့်နေ့ ရောက်တိုင်း
မိုးရွာသည်။ ယနေ့တော့ မိုးမရွာတော့ဟု
အောင်းမေ့သည်။ သို့ သော် မိုးက ရိုးရာမပျက်
နေ့ခင်းမှာ ရွာချလာသည်။ အမေ့ကို ရေချိုး
ပေးပြီး အိမ်ရှေ့ကုတင်ပေါ် အိပ်ခိုင်းထားသည်။
မိုးက ပထမ အနည်းငယ်ရွာလာသည်။
မိုးက အနည်းငယ်သာရွာသည်ဟု ထင်မိသည်။
သို့ပေသိ သီတင်းကျွတ်မိုးက ပြောမရပေဘူး။
မိုးက သဲရင် သဲမှာဟုပြောကြရင်း အမေ့ကို အိမ်ပေါ်သို့
တင်လိုက်ကြသည်။ အမေ့ကို အိမ်ပေါ်သို့
တင်ပြီသည့်နှင့် ခဏမှာ မိုးက သဲသဲမဲမဲရွာချလာ
ပေလေသည်။ တော်သေး အမေ့ကို အိမ်ပေါ်သို့
တင်အပြီးနှင့် မိုးအသဲဖြစ်သွားသည်။
ကျွန်တော်တို့က အမေနဲ့ အလုပ်ရှုပ်နေစဉ် အိမ်
အနောက်ဖက်မှ အမ က လှမ်း၍ အော်ပြောသည်။
"ဟဲ့ ငါ့ကို ထီးမိုးပေကြအုံး၊ မိုးတွေက ပက်
နေတယ်"
အမက သူတယောက်ထဲ အိမ်အနောက်မှာ
မုန့်ပြားသလက်လုပ်နေသည်။ သူ့သမီး
ကျွန်တော့်တူမက ကျောင်းပိတ်ရက်မှာ
မုန့်တခုခုလုပ်စားတတ်သည်။ ယနေ့မှာ
မုန့်ပြားသလက်လုပ်စားကြသည်။
မုန့်ပြားသလက်သည်ကား ကျွန်တော်တို့
မိသားစုနှင့် မစိမ်းသော မုန့်ဖြစ်သည်။
ကျွန်တော်တို့ ငယ်စဉ်က အမေသည်
မုန့်ပြားသလက် လုပ်ရောင်း၍ ကျွေးမွေးခဲ့သည်။
အမေသည် မုန့်ပြားသလက် တင်မက
အခြားသော မုန့်လက်ဆောင်၊ သာကူယို
မုန့်များကိုလည်း လုပ်၍ ရောင်းချသည်။
အထူးသဖြင့် မုန့်ပြားသလက်က အမေ
အချိန်ပို၍ရောင်းချခဲ့သော မုန့်ဖြစ်သည်။
ထို မုန့်ပြားသလက် ကို အမေ သည်ပင်
ရောင်ချခဲ့သည်မဟုတ် အမေ့ အမ ကျွန်တော်တို့
အဒေါ်ကြီးပင် ရောင်းချခဲ့သည်။
ပြောရမည်ဆိုပါလျှင် မုန့်ပြားသလက် သည်
ကျွန်တော်တို့ မျိုးဆက်အတွက် အမှတ်တရ
ဖြစ်ခဲ့သည်။ မုန့်ပြားသလက် လုပ်ခြင်းမှ
ညှော်ရခြင်း၊ မီးခိုးများမျက်လုံးတွင်ဝင်ခြင်း
တို့ကြောင့် မျက်လုံးများတိမ်စွဲခဲ့သည်။
ထိုကြောင့် မုန့်ပြားသလက်လုပ်သည့် မုန့်အိုးကင်း
များကို အခြားသူများအားပေးလိုက်သည်။
ထိုမုန့်အိုးကင်းများရှိနေပါမူ ဆက်လက်
ရောင်းချနေမည်ဖြစ်၍ အခြားသူကို ပေးကာ
သံယောဇဉ်ဖြတ်လိုက်ကြသည်။
မုန့်ပြားသလက် ကို ဆန်ကြမ်းစကွဲ(ဆန်ခွဲ)ကြိတ်၍
အရည်ဖျော်ပြုလုပ်ရသည်။ ကျွန်တော့်အမေ၊
အဒေါ်ကြီးတို့ခေတ်က ဆန်ကြမ်းစကွဲကို
ကျောက်ကြိတ်ဆုံဖြင့် ကြိတ်ကြသည်။
ကြိတ်မည့် ဆန်ကြမ်းစကွဲကို တညရေစိမ်၍
ကြိတ်ရသည်။ ထိုသို့ ကြိတ်သည့်အခါ အကြမ်း
ကျောက်ကြိတ်ဆုံနှင့် အနုကြိတ်ဆုံဟူ၍
နှစ်မျိုး နှစ်ခါကြိတ်ရသည်။ ပထမဦးစွာ
အကြမ်းကြိတ်ပြီးမှ ဒုတိယအနုကြိတ်ဆုံးမှာ
ထပ်မံကြိတ်သည်။
ဆန်ခွဲကို ကြိတ်ဆုံးမှာ ကြိတ်နေစဥ် သီးမွှေး
ငှက်ပျောသီးလေးထဲ့၍ကြိတ်ရသည်။
သို့မှ မုန့်၏ထူးခြားမှုကိုခံစားရသည်။
ကြိတ်ပြီးသော မုန့်ရည်များကို ရေနွေး၊
ဆောဒါများဖြင့် ထပ်မံဖောက်ရသည်။
သို့မှ ကြွတ်ကြွတ်ရွရွမွမွ မုန့်ပြားသလက် ကို
စတော်ပဲ၊ နံနံပင်၊ အုန်းသီများဖြင့် စားချင်စဖွယ်
ဖြစ်ပေသည်။ ယခုအခါမှာတော့ နံနံပင် မထဲ့
တော့ပဲ ဆူးပုတ်ကြီးနှင့် ခရမ်းချဉ်သီးများက
အစားထိုးလာသည်။
မုန့်ပြားသလက်နှင့် ကျွန်တော်တို့ ဝေးခဲ့သည်မှာ
အတော်ကြာခဲ့ပေသည်။ ဝေးခဲ့သည်ဟုဆိုစေ
မုန့်ပြားသလက်ကို ကျွန်တော်တို့က ယနေ့ထိ
စွဲမက် ကြိုက်နှစ်သက်ကြဆဲပင် ဖြစ်သည်။
@htwegyi
October 17, 2024