ကျွန်တော်နှင့် Ganger

Words
260
Reading
2 min
9y
Listen to this post
~2 min

image
ကျွန်တော်ပထမနှစ်ကျောင်းသားဘဝ ကျောင်းစတက်တော့ အဆောင်နေကျောင်းသားဘဝ ရဲ့အရသာကို အပြည့်အဝ ခံစားရပါတယ်။ စီးစရာဆိုင်ကယ် မရသေးတော့ လမ်းထိပ်က ဟင်းလေးတွေပါဆယ်ဆွဲလို့ အဆောင်မှာစားသောက် အိပ်၊ တစ်ခါတစ်လေ အနီးနားကအဆောင်လေးတွေ ဂစ်တာလိုက်တီးတယ်။ ဒီလိုနဲ့ ကျွန်တော့မှာ ဂစ်တာတီးရင်း မေဂျာမတူ သူငယ်ချင်းသုံးယောက်ရခဲ့ပါတယ်။ ငမိုး၊ငထူး၊ ဖက်တီး လို့ခေါ်ပါတယ်။ စိတ်ဓာတ်ခြင်းတူတော့ ပေါင်းရတာ တစ်သားတည်းပါပဲ။ များသောအားဖြင့် ကျောင်းအပြင်မှာ လျှောက်သွားနေကြတာများပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ လဘက်ရည်ဆိုင်ထိုင်ကြတယ် မန်ယူပရိတ်သတ် အဖြစ်ခံယူကြတယ်(ရော်နယ်ဒိုက မန်ယူမှာပဲရှိသေးတယ်) ။ တစ်ခါတစ်လေ အရက်ကောင်းလေးတွေ အာဆွတ်ရှာဆွတ် သောက်ခဲ့ကြတယ်။ မနက်စာကို ဝမ်းတွင်း မြို့အထွက်က နွားမကြီးမှာ သုံးဆောင်တယ် နေ့လည်စာကို ကျောက်ပန်းတောင်း လက်ပံပျားမှာ ကြက်ကြော်နဲ့သွားစားတယ်။ ညနေ ရမည်းသင်းမှာ တို့ဟူးကြော်သွားစားကြတယ် ပျော်စရာပေါ့ဗျာ အဲဒီအချိန်က။
image
ကျွန်တော်တို့ထဲ မှာ ဖက်တီးက တော်တော်ပိုက်ဆံချမ်းသာတယ်။ ကျွန်တော်တို့ တစ်ပတ်စာရတဲ့မုန့်ဖိုးက သူတစ်ရက်စာပဲရှိတယ် ။ နောက်ပိုင်း ကျွန်တော်တို့လေးယောက်စုပြီး မြို့အထွက်မှာ အိမ်ငှားနေကြတယ်။ ကျောင်းတွေပြန်ဖွင့်ကြတဲ့ အချိန်မှာတော့ ဖက်တီး က ဖက်ကြမ်းအလိပ်ထဲက ဆေးမှုန့်တွေကို ထုတ်လို့ အရွက်တစ်ခုနဲ့ရောပြီး ပြန်ထည့်နေတာတွေ့ရတယ်။ အဲဒီနောက် ငမိုးနဲ့ ငထူး နှစ်ဖွာလောက် ဖွာပြီး အိပ်ပျော်သွားကြတယ်။ ဖက်တီးကတော့ ရယ်ရင်းပြောတယ် ဆေးခြောက်ခေါ် ဂန်ဂျာ ဆိုတာဒါတဲ့ ဖွာဦးမလားဆိုတော့ တော်ပြီ ငါရူဘီပဲသောက်တော့မယ်လို့ ငြင်းလိုက်တယ် သိပ်မကြာပါဘူး သူလဲအိပ်ပျော်သွားပါရော။ အဲဒီအချိန်မှာ ကျွန်တော်က သိမ်းငှက်သူရဲကောင်းကြည့်နေတာ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော့ဆေးလိပ်ကုန်သွားတော့ ခံတွင်းချဉ်လာတော့ ဖက်ကြမ်းလိပ်ကို ကိုင်လို့ ခဲဖို့ပြင်တယ်။ စိတ်ထဲမှာလည်း ဒီဖက်ကြမ်းလိပ်လေးက ဘယ်လောက်မူးနိုင်မှာလဲ တွေးမိလိုက်တယ်။ အဲဒီလိုနဲ့ မီးစညှိလို့ သောက်ဖြစ်ပါတော့တယ်။ သိမ်းငှက်သူရဲကောင်းထဲက ဂူးဂူး ရဲ့ အလှကို ကြည့်ရင်း လက်ထဲက ဖက်ကြမ်းကုန်သွားတာတောင် သတိမထားလိုက်မိပါဘူး။
image
နာရီဝက်လောက်ကြာတဲ့အခါ ကျွန်တော်ဟာ တီဗွီ ကြည့်နေတာမဟုတ်တော့ဘူး။ တီဗွီထဲက ဂူးဂူးနဲ့ အနီးကပ် တွေ့နေရပြီ သူ့လည်ပင်းက သွေးကြောစိမ်းစိမ်းလေးတွေ၊ နားသယ်စပ်က မွေးညင်းနုလေးများ လေတိုက်ရင် အို ယိမ်းနွဲ့စွာ ကဗျာဆန်နေလိုက်တာ။ စမ်းချောင်းလေးဘေး ငှက်ကလေးများရဲ့ အသံနဲ့ ရေစီးသံကြားမှာ ကျွန်တော့်ရင်ခုန်သံကို ဂူးဂူးရဲ့ ငြင်သာတဲ့အသက်ရှူသံတိုးတိုးလေးနဲ့ အတိုင်းသား ပြန်ကြားနေရတယ် သူ့ပေါင်လေးပေါ်အိပ်လိုက်ချင်မိတယ်။ အဲဒီအချိန်မှာ ဓားတွေနဲ့ ခုတ်ကြပါရောလား ဂူးဂူးကတော့ ကောင်းကင်ပေါ်ပျံတက်သွားတာ တွေ့လိုက်ရတယ် ကျွန်တော်မပျံတတ်ဘူး ဘယ်ရမလဲ နီးတဲ့ ဆယ်တီခုံအောက်ပြေးဝင်တာပေါ့  အဲဒီအချိန်မှာ သတိဝင်လာတယ် ဒါတွေအားလုံးဟာ စိတ်ထင်ယောင်ထင်မှားတွေဖြစ်နေတာ တကယ်မဟုတ်ဘူး ခေါင်းကိုယမ်းလို့ မျက်လုံးပွတ်ကြည့်လိုက်တော့ ဖွင့်လက်စ တီဗွီ ရယ် ပြာခွက်ထဲက ဖက်ကြမ်းတိုရယ် အိပ်ပျော်နေတဲ့သူငယ်ချင်းတွေ တွေ့လိုက်ရတယ်။ ကျွန်တော်လည်း ဆုံးဖြတ်လိုက်ပါတယ် ငါလည်းအိပ်သင့်ပြီလို့။ အဲဒီနောက် ဖွင့်ထားတဲ့တီဗွီကို ပိတ်လိုက်တယ် အောက်က EVD ကိုပိတ်တဲ့အချိန်မှာတော့ ပြဿနာကစပါလေရော အဲဒီ EVD စက်မှာ သွားချွန်ချွန်ကြီးတွေနဲ့ ကျွန်တော့လက်ကို ကိုက်ဖို့ပြင်နေတာတွေ့လိုက်ရတယ်။ ဟာ ဒီ EVD စက်က အရှင်ကြီးပဲ ဆိုပြီး ဘေးနားက ဖိနပ်နဲ့ တစ်ဘုန်းဘုန်း ရိုက်ပါတော့တယ်။ EVD စက် ငြိမ်သွားတော့ power ပိတ်လို့ရသွားပါတယ် ရဆို ပြားနေပြီလေ။ အဲဒီနောက် ပြာခွက်ထဲက ဆေးလိပ်က ခုန်ဆွခုန်ဆွနဲ့ လျှာထုတ်ပြောင်ပြတာ တွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်က လူလည်ပဲလေ ဆေးလိပ်တိုနဲ့ ရန်ဖြစ်စရာလား ဥပေက္ခာပြုလို့ အိပ်ဖို့ပြင်တယ်။ အဲဒီအချိန်မှာ ဆိုက်ကိုပဲဆိုရမလား အခန်းထဲက ဖွင့်ထားတဲ့ ဖန်ချောင်းက အော်နေတယ် သူ့အော်သံက ကျွန်တော့်အတွက် တော်တော်လေးကို အနှောက်အယှက်ဖြစ်စေတယ် ဒါ့ကြောင့် စောင်တစ်ထည်ကိုယူလို့ အခန်းထောင့်မှာ ခေါင်းမြီးခြုံလို့ ပုန်းနေလိုက်တယ်။ မနက်လင်းတော့ ညက ဖြစ်ခဲ့တာတွေအားလုံးမှတ်မိနေတယ်။ သူငယ်ချင်းတွေ မနက်လင်းတော့ ဖက်ကြမ်းပျောက်လို့ လိုက်ရှာတော့မှ ညကအကြောင်း ပြောပြလိုက်တယ်။ သူတို့ကပြောတယ် မင်းတစ်ယောက်တည်းရင်ဆိုင်နေတယ် ငါတို့နှိုးလိုက် ပြီးရောတဲ့။
image
လူငယ်သဘာဝ အသစ်အဆန်းတွေ့ရင် စမ်းသပ်ကြည့်ချင်ကြတာ သဘာဝပါပဲ။ ကိုယ့်ကိုယ်ကို နစ်မွန်းသွားတာ သတိထားမိဖို့တော့ လိုပါတယ်။ လိုအပ်တဲ့အချိန် ရုန်းထွက်နိုင်ဖို့ ခွန်အားရှိဖို့လိုပါမယ်။ နောက်အတွေ့ကြုံလေးများ ကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးပါ့မယ် ခင်ဗျာ။ 


Author By
htinyarsai@htinyarsai(8:14am)
MSC_203

ကျွန်တော်နှင့် Ganger | Ecency