လည်ပြန်ကြည့်သော အတွေးများ

Words
249
Reading
2 min
Listen
Play
9y

image
ဒီနေ့ ဘတ်စ်ကား စီးရတာ တော်တော်ကျပ်နေသည်။ ချွေးပြိုက်ပြိုက်ကျနေတာကို မသုတ်အား ကိုင်ထားတဲ့ တန်းကို အားပြုကာ ခြေကိုတောင့်လို့ လူးကာလိမ့်ကာ မောင်းနေတဲ့ ပြိုင်ကားအလား ဘတ်စ်ကားပေါ်မှာ လွတ်ထွက်မသွားအောင် ထိန်းနေရသည်။ မစီးချင်ပေမယ့်လည်း ကျပ်တည်းနေတဲ့ ဘတ်စ်ကားကို တစ်နာရီခွဲလောက် သီးခံကာ စီးရပေဦးမည်။ ဒါ Yangon Life Style ပဲလေ အမေ့ အိမ်က ကျောတစ်ခင်းစာနေရာ တစ်ခုရဲ့တန်ဖိုးကို ပြသသောနေရာ၊ ထမင်းဝိုင်းထဲက အချဉ်ဟင်းတစ်ခွက်ရဲ့အရသာကို လွမ်းဆွတ်သောနေရာ။ မှတ်တိုင်ပါတယ်ဗျို့ ဟုအော်ကာ တိုးထွက်၍ လမ်းပေါ်ခြေချလိုက်သည် ဟူး ခု မှပဲ အသက်၀၀ရှုရတော့တယ်။ ဆယ်ပေပတ်လည်ကျယ်သော သုံးထပ်သားပြား ပတ်လည်ကာထားသောအခန်းလေးထဲ ၀င်ကာ ထမင်းချိုင့်လေး ထား၍ ဘုရင့်နောင် ကားကွင်းသို့ ထွက်လာခဲ့သည်၊ အမျိုးသမီးကို သွားကြိုရဦးမည်။ ဘာလိုလိုနဲ့ အိမ်ထောင်ကျတာ ၂ နှစ်ကျော်ပြီ စားဝတ်နေရေးအတွက် နှစ်ယောက် လုံး မနက်လင်းလျှင် အလုပ်ကိုယ်စီ ပြေးရသည်။ မယ်မယ်ရရ စုမိသည်ဟု မရှိသေး ဆယ်ပေပတ်လည် သုံးထပ်သားပြား အခန်းလေးကို တစ်လ ၇၀၀၀၀ ပေး၍ နေရသည်မှာလည်း စိတ်ညည်းညူမိသည်မှာ အမှန်။ လစာအလုပ်အကိုင် အခွင့်အလမ်းပေါများသလို ကုန်ကျစရိတ်ကြီးလှသည်မှာလည်း မထူးဆန်းပါပေ။ သင်္ကြန်ပိတ်ရက်လေး နယ်ပြန်ရရင်တော့ အားလုံးလွှတ်ချပြီး စိတ်အေးလက်အေး နားလိုက်ဦးမည်ဟု တွေးလိုက်ရင်း ပြုံးမိသည်။
image
ဒီလိုနဲ့ လျှောက်လာရင်း သမိုင်းဘူတာဈေးသို့အရောက် ကြိုက်တာယူ ၁၀၀ ကြိုက်တာယူ ၁၀၀” နဲ့အော်ရောင်းနေသော ဈေးသည် ကိုတွေ့လိုက်ရသည်။ မိမိအား ပိုအံ့သြမိစေသော မြင်ကွင်းကား ရောင်းနေသော အမျိုးသမီးမှာ ထိပ်တန်း ဘဏ်တစ်ခု၏ Uniform ကိုဝတ်ဆင်လျှက် ၁၀၀ တန် ကော်ပစ္စည်းများအား ရောင်းချနေခြင်းပင်။ ယနေ့ Bank တွေကြားမှာ Bonus အများဆုံးရသော ဘဏ်ဝန်ထမ်းအမျိုးသမီးက အဘယ်ကြောင့်များ လမ်းဘေးဈေးသည်ဘ၀ နှင့်ဆက်စပ်နေသနည်း စဉ်းစားလို့မရပေ။ နောက်ပိုင်းသိလာရသော အချိန်အခါဝယ် ကျွန်ုပ်၏စိတ်ဝယ် လေးစားခြင်း၊ အားကျခြင်း တို့ဖြစ်ပေါ်လာရပေတော့သည်။ ဒီခေတ်ကြီးမှာ နှစ်ဦးစလုံး ၀င်ငွေရှိပါမှ လူတန်းစေ့နေနိုင်မှာငါ့မောင်ရေ” ဟု အမျိုးသမီးက ဘွဲ့ရ၍ ဘဏ်ဝန်ထမ်းဖြစ်သော်လည်း အမျိုးသားမှာ အတန်းပညာမရှိ၍ လမ်းဘေးဈေးသည်ဘ၀နှင့် အသက်မွေးဝမ်းကြောင်းပြုရသည်။ သို့သော် သူတို့တွင် သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ စိုးရိမ်စိတ်နှင့် ရှက်ခြင်း၊ ကြောက်ခြင်း အလျဉ်းမရှိသည်ကိုတွေ့ရသည်။ သမာအာဇီဝ စီးပွားရေးတစ်ခု လုပ်ကိုင်ရာတွင် လုပ်ငန်း သေးသည်ပဲဖြစ်ဖြစ်၊ ကြီးသည်ပဲဖြစ်ဖြစ် မိမိကိုယ်ကို ယုံကြည်မှုအပြည့်နှင့် လုပ်ကိုင်နိုင်ဖို့ အရေးကြီးသည် ကို တွေ့ရပါသည်။ တစ်ချိန်က မိတ်ဆွေတစ်ဦးကပြောဖူးသည် ငါ့သူငယ်ချင်း ငါ့လို ကွမ်းပစ္စည်းရောင်းပါလား အမြတ်မဆိုးဘူးဟု ပြောဖူးသည်။ ကျွန်ုပ်ကလည်း ကွမ်းပစ္စည်းရောင်းရသည်ကို စိတ်မ၀င်စား အားမကျမိ၍ ငြင်းဆိုမိခဲ့သည်။ ယခုတော့ သူငယ်ချင်းမှာ ကွမ်းပစ္စည်းနှင့်ပတ်သတ်၍ တော်တော်လေးအဆင်ပြေနေသည်ကို တွေ့ရတော့ မိမိကိုယ်ကို ရှိန်းတိန်းဖိန်းတိန်း နှင့် နောင်တရမိသည်။ အလုပ်ဟူသမျှဂုဏ်ရှိစွ ပင်ဆိုသည့်အတိုင်း လုပ်ရဲကိုင်ရဲဖို့သာ လိုအပ်ပါသည်။

ထိုဈေးမှာပင် ကျွန်ုပ် ပုဇွန်ခြောက်ဝယ်နေကျ အကိုကြီးတစ်ယောက်ရှိသေးသည် ကျွန်ုပ်အားပေးသည့်အခါတိုင်း အမြဲ ပိုပိုသာသာထည့်ပေးလေ့ရှိသည်။ ပုဆိုးအကွက် ကျဲကျဲဝတ်၍ နှင့် တောင်းလေးချကာ ဖင်ထိုင်ရောင်းရသည့် ပုဇွန်ခြောက်သည်နှင့် ၀ယ်ပါများတော့ ရင်းနှီးလာသောအခါ စကားစပ်မိကြသည်။ ကျွန်ုပ်က ရန်ကုန်တွင် နေစရိတ်ဈေးကြီး၍ တိုက်ခန်းမငှားနိုင် အဆောင်နေရသည့် ဘ၀အကြောင်းပြောမိသည်။ ထိုအခါတွင် ``ညီလေးမှာ ၁၅၀၀၀၀ လောက်တတ်နိုင်မယ်ဆိုရင်တော့ မုဒိတာအိမ်ယာက အကို့အိမ်ငှားမယ် ညီ” ဟုပြောလာသည်။ ကျွန်ုပ်မှာ အံ့သြခြင်းများစွာဖြင့် ဆွံ့အသွားရပေတော့သည်။ လူတစ်ယောက်ကို အမြင်ဖြင့် မဆုံးဖြတ်နိုင်ရာ ဟု ကိုယ်တွေ့သဘောပေါက်ခဲ့ရပြန်ပါသည်။ အချုပ်အားဖြင့် မည်သည့်အလုပ်မဆို လုပ်ငန်းအပေါ်မှာ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ယုံကြည်မှုနှင့် ရဲဝံ့စွာ လုပ်ကိုင်နိုင်ဖို့နှင့် လူအကြောင်းပေါင်းကြည့်မှသိ ဆိုသလို အမြင်ဖြင့် ဆုံးဖြတ်၍ မရသည် ကို တွေးဆ ရင်း နိဂုံးချုပ်လိုက်ရပါသည်။ မိတ်ဆွေအပေါင်းကျန်းမာ၊ ချမ်းသာကြပါစေဗျာ။
image
Photos credits from google
Author By
htinyarsai@htinyarsai (4:08pm)
MSC_203

လည်ပြန်ကြည့်သော အတွေးများ | Ecency