စေတနာလုပ်ရပ်
အပြစ်ဆိုတိုင်းလည်း စေတနာမပါဘူးလို့ ပြောလို့ရနေတာမျိုးတော့ မဟုတ်။စေတနာနဲ့လုပ်တဲ့အလုပ်ဆိုတိုင်းလည်း လက်ခံလို့ရနေတာမျိုးတော့မဟုတ် ။ ဘယ်လိုဖြစ်ဖြစ် လုပ်ရပ်တိုင်းမှာတော့ စေတနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စိတ်ဓာတ်တွေကို မြင်နေရတာချည်း။
တစ်ချို့လုပ်ရပ်တွေမှာ စေတနာအမှားဆိုတာတွေကလည်း ရှိသေးသားပဲ။ဂရုဏာဒေါသတို့ စေတနာအမှားတွေဆိုတာ ကျွန်တော်တို့ လူသားတွေနဲ့ ကင်းကွာလို့မရတဲ့ အရာတွေပဲ ဖြစ်နေမယ် ထင်ပါတယ်။
တစ်ခါတလေ အမှားတွေကတော့ မှားပြီးမှ စေတနာနဲ့ပါကွာလို့ ပြောလိုက်တဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်တွေထဲမှာ စေတနာပါကွာဆိုရုံနဲ့ ပြီးသွားတာမျိုးတော့ မဟုတ်ပါဘူး ။သူ့လုပ်ရပ်အတွက် သူ့စိတ်ဓာတ်ကို သိနေလို့ရနိုင်ပါတယ်။
စေတနာရှိတယ်ဆိုရုံနဲ့လည်း လုပ်ပေးလို့မရနိုင်တဲ့အခြေအနေတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ အထူးသဖြငိ့ ဒီနေ့လိုခေတ်ကြီးထဲမှာ ပိုဆိုးပါတယ်။ လမ်းမှာ ဆိုင်ကယ်တစ်စီး ဆီပြတ်လို့ စသဖြင့် အခက်အခဲဖြစ်နေတာကို ကိုယ်က တစ်ယောက်ထဲနဲ့ ရပ်ပြီး ကူသင့်မကူသင့် စဉ်းစားရတဲ့အခြေအနေတွေ ဖြစ်နေပါပြီ။
စေတနာဆိုတာ စိတ်ရဲ့စေ့ဆော်မှု စွမ်းအားပါတဲ့။
ကောင်းတာလုပ်သည်ဖြစ်စေ ဆိုးတာလုပ်သည်ဖြစ်စေ စိတ်ထဲမှာ အရင်ဖြစ်ပေါ်လာလေ့ရှိပါတယ်။ တချို့ အဆိုးကိစ္စတွေမှာ ကိုယ်တိုင် လုပ်လိုက်မိတာလည်း စိတ်ရဲ့စေ့ဆော်မှုကြောင့်ဖြစ်လို့ စေတနာဆိုး ဆိုတာမျိုး တွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ စေတနာကောင်းဆိုတာကတော့ တစ်ဖက်သား အကျိုးဖြစ်ထွန်းစေတဲ့ကိစ္စဖြစ်တာကြောင့် စေတနာကောင်းဆိုတဲ့ နာမည်ရတာဖြစ်ပါတယ်။
ဘယ်လောက်ပဲ စေတနာကောင်းဖြစ်နေပါစေ တစ်ဖက်လူအတွက် အဆိုးတွေကိုဖြစ်စေတယ်ဆိုရင်တော့ စေတနာအမှားပဲ ဖြစ်ပါလိမ့်မယ်။
စေတနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ရပ်တိုင်းမှာ စိတ်ဓာတ်တွေကို မြင်နေရတတ်လေ့ရှိတာကိုတော့ ငြင်းလို့မရတဲ့အချက်ပဲ ဖြစ်ပါတယ်။
စေတနာလုပ်ရပ်နဲ့ပတ်သက်လို့ အဖြစ်အပျက်ပေါင်း များစွာကို ကြုံခဲ့ရဖူးပါတယ်။ အခု ကျွန်တော်တို့ onlineငွေရှာနည်းမှာ ပိုကြုံရပါတယ်။
တစ်ဖက်လူကို မြင်နေရတာမဟုတ်ပဲ ကိုယ့်ဖက်က စေတနာထားပြီး လက်တွဲခေါ်လိုက်ပြီးမှ တစ်ဖက်က စိတ်ထားမမှန်ပဲနဲ့ ကိုယ့်ကို ကန်ထုတ်သွားတာမျိုးတွေ ကြုံနေရတာ အများကြီးပါ။
အဲ့ဒီအခါ စေတနာသည် လူတိုင်းနဲ့မတန် ဆိုတဲ့ စကားကို ကျွန်တော် အကြွင်းမဲ့ ထောက်ခံပစ်လိုက်ပါတယ်။
ကျွန်တော့်လုပ်ရပ်တိုင်းကရော စေတနာပါသလားလို့မေးရင် အမြဲတစေ စေတနာထည့်နေတာ မဟုတ်ဘူးလို့တော့ ပြောချင်ပါတယ်။ စေတနာကောင်း အဖြစ်ကို ပြောတာပါ။ တချို့စေတနာထားလိုက်တဲ့ လုပ်ရပ်တွေမှာ အမှားတချို့ကြောင့် အပြစ်တင်သွားကြတဲ့ အခါမျိုးလည်း ကျွန်တော် နဖူးတွေ့ ဒူးတွေ့ ကြုံဖူးနေရတာမို့ စေတနာလုပ်ရပ်တိုင်းလည်း တန်ပြန်စေတနာမပြောနဲ့ နားလည်မှုတွေပါ ပျောက်ဆုံးသွားတဲ့အထိ ဖြစ်သွားတာမျိုးတွေက ကြုံနေကျပါ..။
ခါးခါးသီးသီးဖြစ်ရလောက်တဲ့ စေတနာကို ကန်ထုတ်သွားတဲ့ အခြေအနေမျိုးတွေကတော့ ပြန်ပြောဖို့ စိတ်ကုန်လွန်းလို့ မပြောချင်တော့ပါဘူး။
ကျွန်တော်က စေတနာနဲ့မှားတဲ့အမှားဆိုရင် နားလည်ပေးသင့်သလောက် နားလည်ပေးပါတယ်။ စေတနာဆိုးနဲ့ လာတာ ဆိုရင်တော့ နောက်ထပ်တစ်ကြိမ်ဆိုတာ ခွင့်လွှတ်မှုမရှိတော့ပါဘူး။ စေတနာကောင်းအတွက်ဆိုရင်တော့ မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် ကျွန်တော့်အတွက်စေတနာမှန်ရင် welcome ချည်းပါပဲ။
စေတနာလုပ်ရပ်တိုင်းကတော့ စေတနာကောင်းချည်းလို့ မဆိုနိုင်ပါဘူး။စေတနာလုပ်ရပ်တိုင်းမှာ စိတ်ဓာတ်တွေပါ မှန်ကန်ကြမယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်..။
Htetnainglin
Msc 188
Photo from google