စုံလင်သော လု့အတန်းအလွှာ အမျိုးမျိုးကြားထဲတွင် လူတိုင်း၏အကျင့်စရိုက်နဲ့ စာရိတ္တတို့သည် မတူညီနိုင်ကြပေ။အချိုကိုကြိုက်သူသည် အခါးကို ကြိုက်သူနှင့် ဆန့်ကျင်ဖက် ဖြစ်နေပေလိမ့်မည်။ထိုသူ နှစ်ဦးသည် အစားအသောက်တွင် ညှိယူ၍ရနိုင်လိမ့်မည်မဟုတ် ထိုအခါ အခြား အကြိုက်တစ်ခုခု ဥပမာ အနီရောင်ကို ကြိုက်တာချင်းတူသော အရောင်ကြိုက်ခြင်းတွင်သာ ပေါင်းစပ်၍ ရပေလိမ့်မည်။
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း ကျွန်တော်တို့ သာမန်လူတွင် မဆိုထားနှင့် စိတ်ကို သတ်နေကြသော ရဟန်းသံဃာ များထဲတွင်ပင် အကြိုက်မတူကြသောကြောင့် ပျက်စီးရခြင်း အကြောင်းများစွာကို တွေ့နိုင်ကြရပြီး ဖြစ်လေသည်။
တစ်ခါက ကျွန်တော်တို့ဆီမှာ တရားစခန်းပွဲ ဖွင့်ဖြစ်လေရာ တရားပြ ဆရာတော် နှစ်ပါးအား ပင့်မိလျက်သား ဖြစ်ကြရ၏။ ဆရာတော် နှစ်ပါးလုံး သိက္ခာကြီးမားကြပြီး စာတတ် ပေတတ်များပင် ဖြစ်ကြရသော်လည်း စာတတ်ရဟန်းတော်များပီပီ တရားဟောကြရာမှာ အလွန်တော်ကြ လေသည်။
သို့သော် အပြိုင်သဘောအရ ဟောကြသည့် တရားများမှာ ထေ့လုံး လေးများ ပါလာတတ်ကြ၏။ အချို့ဆို တရားအဓိပ္ပါယ်ကို သေချာ သိရမှသာ ဪ ထေ့လုံးလေးပါလား ငေါ့လုံးလေးပါလား ဟု သိကြရခြင်းပင်..။
ထိုထေ့လုံးတရားများကို ဦးစွာ သိသူမှာ ဘုန်းကြီးလူထွက် ဦးလေးကြီး ဖြစ်လေသည်။ ထိုဦးလေးသည် သံဃာကြောကို နပ်သူဖြစ်ပြီး ကျွန်တော်နဲ့ ဆွေရိပ်မျိုးရိပ်မကင်းသူ ဖြစ်လေသည်။
ထိုကဲ့သို့ ရဟန်းတော်များ၌ပင် ပြိုင်ဆိုင်ခြင်း မနာလို ဝန်သိုခြင်းများ ရှိသေးသာ် ဖြစ်ရာ ကျွန်တော်တို့ သာမန်ပုထုဇဉ်လောကတွင်မူ ဆိုဖွယ်ရာ မရှိတော့ပါ..။
အထူးသဖြင့် ကျွန်တော် ကျောင်းသားဘဝက မိန်းကလေးများသည် ပို၍ ပြိုင်ဆိုင်တတ်ကြသည်။ စာပြိုင်သည်။ အဝတ်အစားပြိုင်သည်။ အလှပြင်ရာတွင်လည်း ပြိုင်ကြလေသည်။
သို့ရာတွင် မိန်းကလေးများသည် အုပ်စုလိုက်နေကြပြီး အလွန်ပင် စည်းလုံးကြလေသည်။ ကျွန်တော်တို့မှာ သူမတို့ကို အပြိုင် လိုက်ကြရင်း သူငယ်ချင်း ချင်းချင်း ရန်သူများပင် ဖြစ်ရလေကုန်၏။
သို့ရာတွင် ထူးခြားချက်မှာ အလွန်စည်းလုံးလှသော အနှီ မိန်းကလေးများသည် စာမေးပွဲခန်းဝင်သည့်အခါ တစ်ယောက်နဲ့တစ်ယောက် အခေါ်အပြောမရှိ အလွန်မာနကြီးသွားတန်ကြပြီး စာမေးပွဲခန်းမှ ထွက်သည့်အခါမှသာ အရင်ကလို ပြန်ဖြစ်သွားရခြင်း ဖြစ်လေသည်။သူမတို့ မေးခွန်းလွှာများသည် တယုတယ တမြတ်တနိုး သိမ်းဆည်းခံများဖြစ်လာကြလေသည်။
ကျွန်တော်တို့ ယောက်ျာလေးများမှာမူ ဟိုတုန်းက မည်မျှပင်မုန်းတီးနေစေကာမူ စာမေးပွဲခန်းဝ တွင် အလွန်ချစ်ခင်ကြသော သူငယ်ချင်းများ ဖြစ်လာကြကာ စာမေးပွဲခန်းမှ အထွက်တွင်လည်း ချစ်ခင်မြဲပင်ဖြစ်သည်။ ကျွန်တော်တို့ မေးခွန်းလွှာများသည်ကာ အလွန်ရှုပ်ပွသော အမှိုက်များ အဖြစ်သို့ ရောက်ရလေသည်။ကျွန်တော်တို့ ပြန်မတည့်တော့ချိန်သည် ဘောလုံးကန်ချိန်တွင် ဖြစ်လေသည်။
မတူညီကြသည့် သဘောသဘာဝသည် ယောက်ျားလေးနဲ့ မိန်းကလေး ထိုမျှ ကွာခြားလေသည်။
မိတ်ဆွေသူငယ်ချင်းများသည် တူညီသော အရာဖြင့် လက်တွဲ ရှေ့ဆက်ရသည် ဖြစ်သော်လည်း..ကျွန်တော်တို့ ယောက်ျားလေးထုတွင်မူ ကောင်မလေးတစ်ယောက်ကို အကြိုက်တူကြပါက ရန်သူတွေ ဖြစ်ကြရလေကုန် သတည်း....
Writter @htetnainglin
Photo from google
Msc-188