ယခင်မှအဆက် -2

Words
220
Reading
1 min
Listen
Play
9y

ယူစကတော့ သွားခေါခေါနဲ့ မျက်နှာ တင်းတိပ်တွေ ကွက်ချင်းထိုးပြီး ခါးတစ်ဖက် လိမ်၊
ခြေတစ်ဖက် ဆွဲနေသဲ့ ကျုပ်ကို သူ့ထက် အသက်ကြီးတဲ့ကြားက ယူထားတာကိုပဲ ကျေးဇူးတင်ရသေးတယ်
အောက်မေ့တာ။ ဘယ်ဟုတ်မှာတုံး… မသာက အရက်သောက်ချင်တာရော၊ ဖဲကလေး ပွတ်ချင်တာရော၊
မိန်းမရွှင် နှိုက်ချင်တာရော။
မနက်မိုးလင်းရင် အရက်နဲ့ အရင် မျက်နှာသစ်တာ။ အရက်နဲ့ ပလုတ်ကျင်းတာ။
မျက်ပေါက်တွေဆိုတာ ဘယ်တော့မှမပွင့်ဘူး။ အထက်မျက်ခမ်းနဲ့ အောက်မျက်ခမ်းများ
တွဲချုပ်ထားသာကမှ ချုပ်ရိုးပေါ်နေနိုင်သေးတယ်။ ရေကတော့ သူလည်း မချိုးဘူး၊ ကျုပ်လည်း မချိုးဘူး။

သင်္ချိုင်းနဲ့ခပ်ဝေးဝေးက ရေဘုံပိုင်မှာ သောက်ရေတော့ ရတယ်၊ ရေချိုးခွင့် မပေးဘူး။ ချိုးရင် ရေကဲ့ချိုး ပဲ။ အံမာ… သူက ကျုပ်ကို ရိုက်သေးနှက်သေးသာ။ ကျုပ်ကလေးတွေကိုလည်း
နှိပ်စက်ချင်သေးတာ။ ဘာမှတ်လို့လဲ ဒင်းက… ဒင်းကိုယူတုန်းက ထမင်းတောင် နပ်မှန်တဲ့ကောင်
မဟုတ်ဘူး။ မြေကျင်းအငှားတူးတဲ့ကောင်။ အရက်ပုလင်း ခါးထိုးပြီး နေပူကြီးထဲ ကျင်းအငှားတူးတဲ့ကောင်။
သင်္ချိုင်းထဲ နေ့တိုင်းတွေ့တော့လည်း နီးစပ်သွားတယ်ပြောပါတော့။ မရိုသေ့စကား မယူခင်က ဒင်းက ကျုပ်ကို အချောင်နှိုက်ချင်တာ။ ယူဖို့များ စိတ်ကူးခဲ့တာ မဟုတ်ဘူး။ ချဉ်ချဉ်တူးတူး သဘော ထားတာ။
ကျုပ်ကလည်း လင်နှစ်ယောက် ရခဲ့ဖူးတာပဲ၊ သိတာပေါ့။ ကျုပ်ကတော့ သံယောဇဉ်တွေဖြစ်လို့။

ကျုပ်တဲရိပ်ကလေး ခိုလိုက်၊ ကျုပ်သားလေး အရက် ဝယ်ခိုင်းလိုက်၊ ရတဲ့ပိုက်ဆံလေး
ကျုပ်အပ်ထားလိုက်နဲ့ နေရင်းက ညားတာ။ ညားခါမှ ပိုဆိုးလာတယ် ပြောပါတော့။ ဘာမှကို
မလုပ်တော့တာ။ မြေကျင်းတောင် မတူးတော့ဘူး။ ထိုင်စား ပဲ။ ကျုပ်သေတ္တာရွက်လို့ ရသာလေး
ထိုင်စားရင်း အိမ်မှာ ဘုရင်လုပ်တော့တာ။ ကြာရင် ကြာပြန်ပြီ၊ ထမင်းဆာရင် ဆာပြန်ပြီ၊ ပိုက်ဆံမပေးရင်
မပေးလို့၊ နည်းရင် နည်းလို့၊ မူးမူးနဲ့ နားအုံနားရင်း ထရိုက်ချင် ရိုက်တာ။

ကျုပ်ကတော့ ယူမိပြီကိုး၊ လင်သားကိုး။ကျုပ်တို့မိန်းမတွေ တစ်သက်လုံး သည်လို
အရိုက်အနှက်ခံလာရတာပဲ၊ ဆန်း မှတ်လို့။ စိတ်တော့ နာတယ်၊ ဘုရားစူး… ညာမပြောဘူး။ အခုတော့
ကျုပ်က အသက်ကလေးကလည်း ရလာပြီ။ မောလည်း မောတယ်။ ဒင်းကတော့ နေ့မူး ညမူးပဲ။
မနက်လည်း နေမြင့်မှ ထတယ်။ သည်ကြားထဲ မနက် မနက် အမူးနာဖြေဖို့ တဲ့၊ အရက်တစ်ပိုင်းလောက်က
ဝယ်ထားရသေးတာကလား။ စိတ်ပဲ ကုန်တယ်၊ တကယ်…

လင်ရယ်မယားရယ် လို့ တစ်အောင့်တစ်နား စကားပြောရတယ်၊ စိတ်ချမ်းသာရတယ် လို့ တစ်ခါမှ
မရှိသာ။
လင်ကံများ မကောင်းချက် ပြောတာပါ။ တစ်ခါတစ်ခါ သေသွားတဲ့အမေ့ကိုသတိရတယ်။
သည်အလုပ်က ရှက်စရာလည်း မဟုတ်ပါဘူး၊ ကောင်းရောင်းကောင်းဝယ်ပဲ။ စာမတတ် ပေမတတ်နဲ့
သည်လောက်ပိုက်ဆံရသာ လုပ်ပျော်တဲ့ အလုပ်ပါ။

ဒါပေမဲ့ ဒါက ဒါပဲ၊ အမေများ သိရင် ရင်ကျိုးမှာပဲ။ အမေတို့က ‘စားတော်ပြီး ငါးလူးငယ် ပါပါစ’
တောင် မကြားချင်ဘူး မဟုတ်လား။ ဘယ့်နှယ်လုပ်မတုံး ၊အညာကဆင်းလာကတည်းက ကိုယ့်ဘဝ
ကိုယ့်အကြောင်း၊ ကိုယ့်အထုံ ကိုယ့်ရေစက် သင်္ချိုင်းထဲနေရသာ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ လူပြုပြင်လို့ ရ
မှတ်လို့။

    အဲသည့်မနက်က ကိုစံမောင် သေတ္တာဆိုင်ရှေ့ လူသုံးလေးပြီး တွေ့ကတည်းက ကျုပ်

ရွက်ရတော့မယ်ဆိုတာ သိသားပဲ။ ရွက်လည်း ရွက်ရတာပါပဲ။ ခုနစ်ဆယ်နဲ့ တည့်တယ်။ သိပ်မဝေးဘဲ
ခုနစ်ဆယ်ရတာ။
image
A5
photos credit by google

ယခင်မှအဆက် -2 | Ecency