Thailand the Finalist

Words
177
Reading
1 min
Listen
Play
22d

ထိုင်းနဲ့ စင်္ကာပူတို့၏ ASEAN Championship Hyundai Cup ဆီမီးဖိုင်နယ် ဒုတိယကျော့ ပွဲစဉ်မှာ အိမ်ရှင် ထိုင်းအသင်း အနေဖြင့် ၁-၂ ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ ၁-၂ ဖြင့် ရှုံးနိမ့်ပေမဲ့လည်း ၂ ကျော့ပေါင်း ၄-၃ ဖြင့် အနိုင်ရပြီး ထိုင်း အသင်း ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့၏။ စင်္ကာပူ အနေဖြင့် နောက်တဆင့် တက်လှမ်းနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ပထမကျော့ မိမိ အိမ်ကွင်းမှာ ၁-၃ ဖြင့် ၂ ဂိုးပြတ် ရှုံးနိမ့် ထားခဲ့သဖြင့် ပြန်လာနိုင်ဖို့ ခဲယဉ်း သွားခဲ့လေ၏။

ဦးဆောင်ဂိုးကို ၄၅ မိနစ်မှာ စင်္ကာပူက အရင် သွင်း၏။ ၆၁ မိနစ်မှာ ထိုင်းအသင်းက ပင်နယ်တီမှ တဆင့် ချေပဂိုး ပြန်သွင်း၏။ ၆၅ မိနစ်မှာ ထိုင်းကစားသမား၏ ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်းယူမိရာမှ စင်္ကာပူတို့ ၁-၂ ဖြင့် ဦးဆောင်ခွင့် ရသွားခဲ့၏။ လက်ကျန် ပွဲချိန်မှာ စင်္ကာပူ အနေဖြင့် နောက်တဂိုး ရအောင် ကြိုးစားပေမဲ့ ထပ်မံ သွင်းယူနိုင်ခြင်းတော့ မရှိခဲ့ပေ။

ဒီနေ့မှာတော့ ဗီယက်နမ် နှင့် မလေးရှားတို့ ကစားကြမည် ဖြစ်၏။ ရှေ့ရက်က ပြောခဲ့သလိုပဲ ဗီယက်နမ် အသင်းကပဲ နောက်တဆင့် တက်သွားဖို့ များ၏။ ပထမကျော့ မိမိ အိမ်ကွင်းမှာ ၀-၂ ဖြင့် ရှုံးနိမ့်ထားသည့် မလေးရှားအဖို့ ဒုတိယကျော့ ဗီယက်နမ် အိမ်ကွင်းမှာ အနိုင်ရဖို့က ခက်ပေလိမ့်မည်။ ထင်မှတ် မထားတာတွေ လုပ်ပြနိုင်မလားကတော့ စောင့်ကြည့်သွားရပေလိမ့်မည်။

ခုနောက်ပိုင်း အာဆီယံ ဒေသတွင်း အသင်းတွေမှာ မွေးစားသား လက်ရွေးစဉ် ကစားသမားတွေကို ခပ်စိပ်စိပ် တွေ့လာနေရ၏။ ဒေသတွင်းမှာဆို ဖိလစ်ပိုင်အသင်းမှာ စတင် သတိထားမိ၏။ ထို့နောက် စင်္ကာပူ နောက်ပိုင်း အင်ဒိုနီးရှားနဲ့ ခုဆို ဗီယက်နမ်မှာပါ ပါဝင်လာခဲ့ပြီ ဖြစ်၏။ မွေးစားသား မပါသေးတာဆိုလို့ မြန်မာနဲ့ ထိုင်းလောက်သာ ကျန်တော့မည် ထင်။

မွေးစားသား ပါတိုင်း အောင်မြင်မှု ရမယ်လို့တော့ မဆိုလိုပေမဲ့ မွေးစားသားတွေကြောင့် အနေအထားတခုထိ ရောက်ခဲ့သည့် အင်ဒိုနီးရှားအသင်းကတော့ သက်သေပင်။ ပြီးခဲ့သော ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲမှာ သူတို့အသင်းက အတိုင်းအတာ တခုထိ ရောက်ခဲ့၏။ မြန်မာ အနေဖြင့် အအောင်မြင်ဆုံး မျိုးဆက်ဟု ပြောရမယ့် U-20 ကစားသမားတွေ အများစု ပါဝင်နေသည့် လက်ရှိ လက်ရွေးစဉ် အသင်းအနေဖြင့် ယခုချိန်ထိ ဘာကိုမှ သိသိသာသာ သက်သေ မပြနိုင်သေးတာကတော့ အတော်ဆိုးလှပေ၏။

(photos from ASEAN Championship Hyundai Cup page)