ဒီရက်ထဲ စဉ်းစားမိနေတာက ဘယ်အရာတွေကို ရှက်သင့်ပြီးဘယ်အရာတွေကို မရှက်သင့်လဲ ဆိုတဲ့အကြောင်း။မရှက်သင့်တာတွေ ရှက်မိပြီး ရှက်သင့်ပြီး ရှက်သင့်တာတွေကို မေ့လျော့မိနေလား ဆိုတဲ့အကြောင်း....
လူအများစုမှာ လွဲမှားသော အရှက်တရားတွေ အကြောက်တရားတွေ ရှိတတ်ကြတယ်။
ဥပမာ- ရန်ကုန်မှာ Clean Yangon Campaign တွေ လုပ်ကြတယ်။ လူငယ်တွေ၊ ကျောင်းသားတွေ၊ ပရဟိတသမားတွေ၊ ကျော်ကြားသူတွေ အမှိုက်ကောက်ပြကြတယ်။ အချို့ကပြောကြတယ်။ တစ်လမှာ တစ်ခါနှစ်ခါကောက်တာနဲ့ အမှိုက်ကပြောင်မလား။ အပိုအလုပ်တွေလုပ်နေတာ ဘလာဘလာတွေပေါ့။
ရည်ရွယ်ချက်က အမှိုက်ကောက်တာ ရှက်စရာမဟုတ်ကြောင်း၊ အမှိုက်ပစ်တာသာ ရှက်စရာလိုကြောင်း၊ လူငယ်တွေ ကျောင်းသားတွေ ပရဟိတသမားတွေ ကျော်ကြားသူတွေကိုယ်တိုင် အမှိုက်ကောက်တယ်။အမှိုက်ကောက်တာဟာ ရှက်စရာမဟုတ်ကြောင်း သူတို့တွေတောင်ကောက်နေတာ ကိုယ်တွေလည်း ကောက်ရင်ရှက်စရာ မဟုတ်ကြောင်း သွယ်ဝိုက်မက်ဆေ့ခ်ျပေးနေတာ။
နေ့တိုင်း အမှိုက်လိုက်ကောက်နေရအောင် စည်ပင်ကမှ မဟုတ်တာ။
ဥပမာ- ဦးကျော်သူ အခေါင်းထမ်းတယ်။ သုဘရာဇာလုပ်တယ် (အပြောကြမ်းသွားရင် ဆောရီး။ ဦးကျော်သူကိုယ်တိုင်ပြောတဲ့စကားအတိုင်း ပြောတာပါ)
လူတွေဟာ အရင်က သုဘရာဇာဆို ကြောက်ကြတယ်။
သုဘရာဇာလုပ်ရမှာ ရှက်ကြတယ်။
ရွာထဲတောင်အဝင်မခံတာတို့၊ ဆေးဖော်ကြောဖက်မလုပ်ကြတာတို့ စသဖြင့် ရှိကြတယ်။နိဗ္ဗာန်ယာဉ်တွေ့ရင်တောင် နိမိတ်မကောင်းဘူးတို့
နိဗ္ဗာန်ယာဉ်ကွေ့လို့ ကိုယ့်အိမ်ရှေ့ကကွေ့ရင်တောင် အန္တရာယ်ဖြစ်တော့မယ် လူသေတော့မယ်ဆိုတဲ့ အစွဲတွေနဲ့ ထွက်ရန်ပြုတာမျိုးတွေ ရှိခဲ့တယ်။
ဦးကျော်သူကြီး နာရေးကူညီမှုအသင်းလုပ်တယ်။ နိဗ္ဗာန်ယာဉ်မောင်းတယ်။ အခေါင်းထမ်းတယ်။နိုင်ငံကျော်မင်းသားဆိုတဲ့ လူသိများမှုကြောင့် သူ့လုပ်ရပ်တွေကို လူတွေသိလာတယ်။ သတိထားမိလာတယ်။ သူပေးတဲ့ မက်ဆေ့ခ်ျကို ရလာတယ်။အခုဆို အတော်များများက ဒီအလုပ်ဟာ ရှက်စရာမဟုတ်ဘဲ မွန်မြတ်တဲ့ အလုပ်ဆိုတာ နားလည်လာကြတယ်။ ဝင်ရောက်လုပ်ကိုင်လာကြတယ်။ ခွဲခြားဆက်ဆံတာတွေ မရှိသလောက် ဖြစ်လာတယ်။
"အနိမ့်ကျဆုံးအလုပ်ကို အမြင့်မြတ်ဆုံးနှလုံးသားများကသာ လုပ်နိုင်တယ်"ဆိုတဲ့ စကားအတိုင်း သဘောပေါက်လာကြတယ်။ ဒါကတော့ စံနမူနာတွေကြောင့် ပြောင်းလဲလာတဲ့
အရှက်တရား အကြောက်တရားနဲ့ ပတ်သက်တဲ့ အရွေ့တွေပါ။မပြောင်းလဲသေးတာတွေလည်း ရှိတယ်။
မှန်တာ ပြောဖို့ ကြောက်ကြတယ်။မှန်တာ ပြောဖို့ ရှက်ကြတယ်။ မှန်တာ ပြောသူကို မုန်းကြတယ်။ မဟုတ်တာ လုပ်ရတာ မရှက်ဘူး။မဟုတ်တာ လုပ်တာကို လူသိသွားမှ ရှက်တတ်တာမျိုး။ အဓမ္မမှုတစ်ခု ဖြစ်တယ်ဆိုကြပါစို့။ အဓမ္မပြုကျင့်သူ မဟုတ်တာလုပ်သူက ရှက်ရမှာလားအဓမ္မပြုကျင့်ခံရသူ သားကောင်က ရှက်ရမှာလား။ရှင်းရှင်းလေးပါ.... မဟုတ်တာလုပ်သူက ရှက်ရမှာပေါ့။
ဒါပေမယ့် မြန်မာပြည်မှာကျ ပြုကျင့်ခံရသူက ဘယ်လိုနေလို့လဲမှ မသိတာ၊ ဘယ်လိုမြှူဆွယ်လို့လဲမှ မသိတာ စတဲ့ Victims Blaming လေး ထူလပျစ် ရှိနေတာမို့ ပြုကျင့်သူက မရှက်ရဘဲ ပြုကျင့်ခံရသူက ရှက်ရတဲ့ အဖြစ်တွေ အများကြီးပါ။ အဓမ္မပြုကျင့်ခံရပါတယ်ဆိုမှ မိသားစုကို သိက္ခာကျစေတယ်၊ မိသားစုကို အရှက်ရစေတယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ စိတ်ဒဏ်ရာထပ်ပေးတာတွေ ရှိသလို
တစ်ရှက်က နှစ်ရှက် မဖြစ်ရအောင်ဆိုပြီး လွှတ်ပေးလိုက်လို့ လွတ်မြောက်သွားတဲ့ လူယုတ်မာတွေ အများကြီးပါ။
ဒါဟာ လူ့အဖွဲ့အစည်းရဲ့ လွဲမှားတဲ့ အရှက်တရားတွေကြောင့်ပဲ။
မေးခွန်းက ဘာကို ရှက်ကြမှာလဲ
ဘယ်အရာကို ရှက်ရမှာလဲ
ဘယ်အရာက တကယ့်ရှက်သင့်တဲ့ အရှက်တရားလဲ။ လူတစ်ယောက်ရဲ့ အဝတ်အစားနွမ်းပါးတာက တကယ့်အရှက်တရားလား။
ကိုယ့်ကျင့်တရားတွေ ပေရေစွန်းထင်းနေတာကို တန်ဖိုးကြီးအဝတ်အစားတွေနဲ့ ဖုံးအုပ်ထားနိုင်ရင် အထင်ကြီးအားကျသွားပြီလား။
လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ချို့တဲ့တာကရော တကယ့်အရှက်တရားလား။
လူတစ်ယောက်ရဲ့ ငွေကြေးချို့တဲ့ခြင်းဟာရော တကယ့်အရှက်တရားလား။
ရုပ်ဝတ္ထုတွေကို ကိုးကွယ်ရင်း စိတ်ဓါတ်တွေ ဇောက်ထိုးကျနေတဲ့ အပြိုပြိုအလဲလဲSociety ကြီးကို
စိတ်ပျက်လက်ပျက် ဘေးထိုင်ကြည့်နေရုံမှအပ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။
ဖြတ်သန်းလာတဲ့ ခေတ်စနစ်ကိုက "ဦးရာလူစနစ်"တို့
ကိုယ်ဦးမှကိုယ်ရမှာ... အခြားလူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်မျိုး ရိုက်သွင်းပေးတာတွေ၊
ခေါင်းအုံးရိုက်ပွဲဆိုပြီး အခြားလူကို ရိုက်ချနိုင်မှ ကိုယ်winnerဖြစ်မယ်ဆိုတဲ့ စိတ်မျိုးတွေ ရိုက်သွင်းတာတွေ၊ မှန်တာပြောရင် ရွာပြင်ထုတ်ခံရမယ်ဆိုပြီး
မှန်တာပြောဖို့ ကြောက်ရွံ့စေခဲ့တာတွေ၊ ဒီလိုစနစ်ကြီးက ပေါက်ဖွားလာကြတဲ့ mindsetတွေကို ပြင်ဖို့ ဆယ်စုနှစ်ဘယ်နှခုလောက် အချိန်ပေးရဦးမလဲ။
ဒါမှမဟုတ် အဲ့ဒီ့mindsetတွေကပဲ အရာရာကို ဖုံးလွှမ်းတိုက်စားသွားတော့မှာလား ကိုယ်ဆက်မတွေးချင်တော့တဲ့ အကြောင်းအရာတွေကို
ချရေးမိခြင်းမျှသာပါပဲ။
ဘာပဲဖြစ်ဖြစ် အမှန်တရားဆိုတာ ရှက်စရာမဟုတ်ကြောင်း ကိုယ့်ကိုကိုယ် အမြဲဆုံးမနေပါဦးမယ်။
Credit. Google photo