သတိရတယ်အမရယ်။ကိုယ်နေထိုင်တဲ့နေရာက အလုပ်အကိုင်တွေက ကိုယ့်မိသားစုအတွက် လုံလောက်တဲ့ဝင်ငွေမရနိုင်တဲ့အခါမှာတော့ မိမိနေထိုင်ရာနိုင်ငံထဲကထွက်ပီး တစ်ခြားသောတိုင်းတစ်ပါးနိုင်ငံရဲ့မြို့ မှာ အလုပ်လုပ်ရင်း ပိုက်ဆံရှာပီး မိမိတို့ရဲ့နေအိမ်ကိုပြန်ပို့ကြတဲ့အချိန်ကာလမှာပေါ့။...
"သမီး..သမီးကအခုဆိုရင် ကျောင်းလည်းပီးသွားလို့ ဘွဲ့လည်းရပီ...အင်္ဂလိပ်စာသင်တန်းလည်းတက်ထားလို့ အင်္ဂလိပ်လိုနားလည်တယ်ပြောတတ်တယ် အဲ့ဒီတော့သမီးဘာလုပ်မယ်စိတ်ကူးထားလည်း"လို့ အမေဖြစ်သူကမေးတယ်။ သမီးကြီးကို အားကိုးတစ်ကြီးနဲ့ ရှေ့ဆက်မဲ့လမ်းကြောင်းတွေကို မေးမြန်းပါတယ်။ပညာလည်း အတော်အသင့်စုံနေပီဆိုတော့ ဝမ်းစာအတွက် အလုပ်လုပ်ရတော့မှာပေါ့ဗျာ။
"အမေ..သမီးသူနာပြုလုပ်ချင်တယ်..သူနာပြုလိုင်စင်ရပီဆိုရင် ဆေးရုံတွေ ဆေးခန်းတွေမှာ နေ့ဂျူတီ ညဂျူတီဆင်းရင် နေ့တွက်နဲ့ တစ်ရက် ၃၀၀၀ ရတယ်" အဲ့တုန်းကလည်း ၃၀၀၀ ဆိုတာ အတော်အသင့်များတဲ့ငွေပမာဏတစ်ခုပေါ့။ သားသမီးက အဲ့လိုဆန္ဒလေးကလည်းရှိ မိဘကလည်း ထောက်ပံ့ပေးနိုင်သေးတော့ သူ့သမီးကို သူနာပြုတက္ကသိုလ်ကို ဆက်တက်စေခဲ့တာပေါ့။
တက္ကသိုလ်တက်ရင်းနဲ့ပဲ ကလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ မနက်ဂျူတီဆို ကျွန်တော်ကသူ့ကို လိုက်ပို့ရတယ်။ညနေဆို သွားကြိုရတယ်။တကယ်လို့ ညဂျူတီကျရင်တော့ ညနေလိုက်ပို့ပီး မနက်ဖက် သွားကြိုရတာပေါ့။အချိန်တွေတော့ အတိအကျမမှတ်မိတော့ပါဘူးလေ။ဒီလိုနဲ့ အလုပ်လုပ်ရင်း ကျောင်းတက်ရင်း သူ့စီမှာ သူနာပြုလုပ်ငန်းနဲ့ပတ်သက်ပီး အသိမိတ်ဆွေတွေပေါလာခဲ့တာပေါ့။
ကျောင်းပီးလို့ သူနာပြုဘွဲ့ယူပီးတဲ့အချိန်မှာတော့ သူ့ရဲ့အခြားသူငယ်ချင်းတွေက နိုင်ငံခြားထွက်ပီးအလုပ်လုပ်မယ် ဒီမှာထက် ဝင်ငွေပိုကောင်းတယ်ဆိုလို့ သူလည်း သူ့သူငယ်ချင်းတွေနဲ့လိုက်ပီး နိုင်ငံခြားအင်တာဗျူးတွေဝင်ဖြေတယ်။ နောက်ကျတော့ အင်တာဗျူးအောင်သွားတယ်။ အင်တာဗျူးဆိုတာ နိုင်ငံခြားကနေမှ လူတွေ့လာစစ်တဲ့ အင်တာဗျူးမဟုတ်သေးဘူး။ မိမိပြည်တွင်းအဆင့်ပဲအောင်သေးတယ်။
နောက်ထပ်၃ရက်ခေါက်ကြာတဲ့အခါမှာတော့ နိုင်ငံခြားကနေမှ လာရောက်ပီးစစ်ဆေးဖို့အတွက် အင်တာဗျူးထပ်ခေါ်ပါတယ်။ အဲ့ဒီအင်တာဗျူးကိုလည်း ထပ်မံအောင်မြင်သွားခဲ့ပါတယ်။အဲ့ဒါဆိုပြည့်စုံပီလို့မထင်လိုက်ပါနဲ့ နောက်ထပ် ဆေးစစ်မှုတွေပြုလုပ်ရပါတယ်။ ကျန်းမာရေးကောင်းမွန်ရဲ့လား ကူးစက်ရောဂါတွေကင်းရဲ့လား စသဖြင့် စစ်ဆေးရပါတယ်။ စစ်ဆေးလို့အောင်မြင်မှသာလျှင် နိုင်ငံခြားကိုထွက်ပီးအလုပ်လုပ်ခွင့်ရမှာဖြစ်ပါတယ်။
အကုန်လုံးကိုအောင်သွားခဲ့ပါတယ်။အဲ့ဒီတော့ သူပျော်နေတာပေါ့။မပျော်ပဲနေမလား နိုင်ငံခြားလေ ဒီနိုင်ငံနဲ့မတူတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေရတော့မှာမို့ ပျော်နေတာပေါ့။မိသားစုအနေနဲ့ကတော့ ဝမ်းနည်း ဝမ်းသာပေါ့ဗျာ။ခွဲရမှာဖြစ်လို့ ဝမ်းနည်းပေမဲ့ ရှေ့ရေးကောင်းစားဖို့အတွက်ဝမ်းသာတာပေါ့။ကျွန်တော်ကတော့ငယ်သေးတော့ ဘာမှမသိသေးပါဘူး။
အမလည်း သူ့သူငယ်ချင်းတွေနဲ့ အတူတူသွားရမှာဖြစ်လို့် ပျော်နေတာပေါ့ဗျာ။ ခုဆိုရင် ၈ နှစ်ရှိနေပီပေါ့။ကိုယ့်အမကို အပြင်မှာထပ်မမြင်ရတာတွေ။ သူအလုပ်နားချိန်မှသာ video call နဲ့ အလွမ်းဖြေရတာပေါ့။သူလည်းပင်ပန်းရှာပါတယ်။သူများနိုင်ငံမှာက တကယ်ပေးသလို တကယ်လည်းလုပ်ရပါတယ်။စိတ်ပန်းလူပန်းပေမဲ့လည်း သူ့မိသားစုကိုပြန်ထောက်ပံ့ပေးနိုင်လို့ အမောပြေအပြုံးတွေကိုတွေ့နေရပါတယ်။
သို့ပေမဲ့လည်း မတွေ့ရသည်မှာကြာနေပီမို့ အရမ်းတွေ့ချင်လှပါပီမမရယ်။ပြန်လာခဲ့မယ်ဆိုရင်တော့ ငယ်ငယ်တုန်းကလို ရန်မဖြစ်ကြတော့ပဲ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေရှိတာကိုပိုတွေ့ရမှာပါ။ ကိုယ်စီကိုယ်စီ အသက်တွေရလာကြပီမဟုတ်ပါလားဗျာ။ မသိတတ်တဲ့အရွယ်မဟုတ်တော့ဘူးလေ။ငယ်ငယ်တုန်းကလို မုန့်တွေလုမစားတော့ပါဘူး ကိုယ်စားစရာရှိတာစားမယ် ထပ်စားဖို့လိုအပ်တယ်ဆို ထပ်ပီးချက်ပြုတ်စားသောက်ကြတာပေါ့။
ငယ်ငယ်တုန်းကတော့ တစ်ယောက်ကိုတစ်ယောက်အလျော့မပေးပဲ အမြဲရန်ဖြစ်မတည့်ကြပေမဲ့ ခုလိုခွဲခွာပြီးနေရတော့လည်း အရမ်းလွမ်းနေမိတယ်။ မတည့်အတူနေလို့ဆိုရလောက်အောင်လည်း နေ့နံမွေးနေ့အရလည်း ကျွန်တော်က အင်္ဂါ အမက တနင်္လာဖြစ်တာကြောင့် စိတ်ကြီးသူ ဒေါသကြီးသူ ခေါင်းမာသူများဖြစ်ကြပါတယ်။ခုလိုအသက်ရလာတဲ့အချိန်မှာတော့ နားလည်မှုတိုးပီး ပိုလွမ်းနေမိတာတော့ အမှန်ပါပဲဗျာ...
Writer caesarsupaimin
MSC-025