မောင်ခိုင်နှင့်မဆွေ

Words
435
Reading
2 min
Listen
Play
9y


မဆွေ နဲ့ မောင်ခိုင်တို့ရှိကြပါတယ်။ သူတို့နှစ်ဦးမှာ မောင်ခိုင်က မဆွေထက် ၁ နှစ်အသက်ကြီးပါတယ်။ ခုချိန်မှာတော့ သူတို့ ၂ယောက်က ချစ်သူတွေဖြစ်ပါတယ်။ သူတို့တွေဘယ်လိုတွေ့ပီး ဘယ်လိုချစ်သူတွေဖြစ်ခဲ့ကြလည်းဆိုရင်တော့…..

မနက် ၆ နာရီအချိန် အိပ်လို့ကောင်းချိန်ပေါ့ဗျာ… ဘာလို့အိပ်လို့ကောင်းချိန်လည်းဆိုရင်တော့ နွေရာသီမို့လို့ပါ။ နွေရာသီဆိုတော့ ရာသီဥတုကပူတယ်လေ… အဲ့ဒါကိုမှ နေ့ခင်းဘက်ဆို ပိုပူတာပေါ့ဗျာ။ ညဘက်တွေလည်း ၁၀နာရီ ၁၁ နာရီ ဆို ရာသီဥတုက ပူနေတုန်းပါပဲဗျာ။ မောင်ခိုင်ဟာဆိုရင် ညဘက် အိုက်လို့… အိပ်မရဖြစ်တဲ့အခါတွေမှာ အိမ်ရှေ့ ဝရံတာကို ထွက်ပီး ခြင်ထောင် ထောင်အိပ်လေ့ရှိပါတယ်။ အဲ့ဒါမှ အိမ်ရှေ့ကလေလေးတွေအဖြူးဖြူးတိုက်လို့ စောင်လေးခြုံပီး ဇိမ်နဲ့အိပ်လို့ရတာပေါ့ဗျာ။အဲ့လိုဇိမ်နဲ့ အိပ်နေပေမဲ့လည်း နွေရာသီဖြစ်လို့ မနက်၅နာရီ လောက်ဆိုနိုးနေပါပီ။ အဲ့ဒီအခါ အိပ်ယာထပီးတော့ မျက်နှာသစ်သွားတိုက် အိမ်သာသွားပီး မနက်စာချက်ဖို့ ဈေးသွားရပါတယ်။ ဈေးကပြန်လာတော့ ၆နာရီဝန်းကျင်လောက်ရှိပီပေါ့။ အဲ့ဒီအခါ မောင်ခိုင်ဝယ်လာတဲ့ ဟင်းချက်စရာတွေကို အမေဖြစ်သူက ချက်ပြုတ်ဖို့ပြင်ဆင်ပါတယ်။ ကန်စွန်းရွက်ဆိုရင် အရွက်ခြွေတယ်၊ ပဲသီးဆိုရင် အဆစ်လေးတွေကနေ ချိုးချိုးပီးတော့ အပိုင်းလေးတွေလုပ်တယ်။ ကြက်သွန်ဖြူခွာတယ်၊ ကြက်သွန်နီခွာတယ်။ အဲ့ဒါတွေကို မောင်ခိုင်ကူလုပ်တဲ့အချိန်ရှိသလို ကူလုပ်ရင်း ဝေ့နေတဲ့အချိန်တွေလည်းရှိတာပေါ့ဗျာ။ ဈေးကနေပြန်လာပီး ဟင်းချက်ဖို့ မပြင်ဆင်ခင်လေးမှာပဲ မောင်ခိုင်ခြံထဲမှာ ခနတဖြုတ်လမ်းလျှောက်ရင်း ခြံထဲက အမေဖြစ်သူ စိုက်ထားတဲ့ ပန်းပင်လေးတွေကို လျှောက်ကြည့်နေတာပေါ့။ ။ ။
အဲ့ဒီအချိန်မှာ အိမ်ရှေ့ ခြံတံခါးနားက ပန်းပင်လေးကို ငုံ့ကြည့်ရင်းနဲ့ ခေါင်းပြန်မော့လိုက်တဲ့အချိန်မှာ အိမ်ရှေ့ခြံတံခါးနားကနေ သူ့ကို ချောင်းကြည့်နေတဲ့ မျက်စိတစ်စုံကို တွေ့လိုက်ရပါတယ်။ အဲ့ဒီ မျက်စိတစ်စုံနဲ့ မောင်ခိုင်နဲ့ အကြည့်ချင်းဆုံပီးတော့ အဲ့ဒီမျက်စိတစ်စုံပိုင်ရှင်က ချက်ချင်း လှည့်ထွက်သွားပါတယ်။…. မောင်ခိုင်လည်း ခနတော့ ကြောင်သွားပါတယ်။ ဘာလို့ကြောင်သွားလည်းဆိုရင် မောင်ခိုင်ကိုကြည့်နေတဲ့ မျက်လုံးတစ်စုံပိုင်ရှင်က မောင်ခိုင့်ကို ကြည့်နေရင်းပြုံးပီး လှည့်ထွက်သွားတာကြောင့်ပါ။ မောင်ခိုင်ကလည်း သူ့ကိုသိတာလား မသိတာလား…. သူကဘာလို့ပြုံးပီး လှည့်ထွက်သွားတာလည်း…. စသဖြင့် တွေးရင်း ကြောင်သွားတာပါ။ နောက်တော့ အိမ်ထဲ ပြန်ဝင်လာခဲ့ပီး အမေ့ကိုကူလုပ်ဖို့ ပြင်ဆင်ပါတော့တယ်။ အာလူးတွေ အခွံခွာတယ်။ ကြက်သွန်ဖြူတွေ အခွံခွာတာတွေကူပေးတာပေါ့။
ဒီလိုနဲ့ အချိန်တွေကုန်လွန်ခဲ့ပါတယ်။ ကုန်လွန်တဲ့အချိန်ကတော့ ရှေးရှေးတုန်းကအချိန်တွေပါ။ မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာကို သေသေချာချာ ရေရေရာရာ မသိသေးတဲ့အချိန်တစ်ခုပါ။ internet ဆိုရင် gtalk, mirc chat စတာတွေကိုပဲ သိကြတဲ့ခေတ်ပါ။ အဲ့ဒီမှာတော့ ညနေခင်းတစ်ခုမှ မောင်ခိုင်အင်တာနက်ဆိုင်သွားပီး gtalk တွေ mirc chat တွေသုံးဖို့ ထွက်လာခဲ့ပါတယ်။ ဆိုင်ရောက်တော့လည်း အင်တာနက်ကို ပုံမှန်အတိုင်းသုံးပါတယ်။ gtalk ကနေ သူငယ်ချင်းအသစ်တွေနဲ့ စကားပြောတယ်။ အလာပ သလာပ တွေပြောဖြစ်ပါတယ်။ မမြင်ဖူး မတွေ့ဖူးသူတွေနဲ့ပေါ့။ မောင်ခိုင်အနေနဲ့ကတော့ တက္ကသိုလ်ကျောင်းတက်နေတာ ဒုတိယနှစ်ဖြစ်လို့ သူငယ်ချင်းမိတ်ဆွေ အနည်းအကျဉ်းတော့ရှိပါတယ်။ သူတို့တွေနဲ့လည်း မိတ်ဆွေဖွဲ့ပီး အင်တာနက်ကနေ စကားတွေပြောတယ် စာအကြောင်းတွေပြောပါတယ်။ တစ်နေ့ကျတော့ မောင်ခိုင်ရဲ့ gtalk ထဲကို သူငယ်ချင်းအသစ်တစ်ယောက် invite လှမ်းပို့ပါတယ်။ မောင်ခိုင်ကလည်း ဒီလိုပဲ မိတ်ဆွေအသစ်ရတယ်ဆိုတော့ ပျော်ပျော်နဲ့ လက်ခံလိုက်တာပေါ့။ ပုံမှန်အတိုင်းပဲ စစတွေ့ချင်းလူဆို အမည်မေးတယ် အသက်မေးတယ် ယောက်ျားလား မိန်းမလားမေးတာပေါ့။ ။။
အမည်က မဆွေတဲ့ အသက်က မောင်ခိုင်ထက်တစ်နှစ်ငယ် မိန်းကလေးပေါ့။ အဲ့ဒါနဲ့ သူငယ်ချင်းတွေဖြစ်သွားပီး စကားတွေပြောဖြစ်တယ်။ နောက်နေ့ ဘယ်အချိန်ပြန်လာမယ်။ အားလား တွေ့လို့ရလားတွေနဲ့ အချိန်တွေ ပြန်ချိန်းဆိုပီး နှုတ်ဆက် အကောင့်ပိတ်ပီး ကိုယ်သုံးတဲ့ အင်တာနက်ဖိုး ရှင်း အိမ်ပြန်ပေါ့။ ဒီလိုနဲ့ မောင်ခိုင်နဲ့ မဆွေနဲ့ မကြာမကြာ စကားတွေ ချိန်းဆိုပြောဖြစ်လာပါတယ်။ နောက်ပိုင်း မောင်ဆွေ အလုပ်ရလို့ အလုပ်ဝင်လုပ်ရတဲ့အခါမှာတော့ သူတို့နှစ်ယောက် အဆက်အသွယ်ပြတ်သွားကြပါတယ်။ ဒါပေမဲ့ အဆက်အသွယ်ပြန်ရကြပါတယ်။ ဘယ်လိုရလည်းဆိုတော့ မဆွေရဲ့ဖုန်းနံပါတ်ကို မောင်ခိုင်က တောင်းထားတဲ့အတွက် ဖုန်းနံပါတ်က မောင်ခိုင် စီမှာ ကျန်နေခဲ့တာပေါ့။ မောင်ခိုင်လည်း တစ်နေ့ အလုပ်နားရက်ရောက်တော့ သူ့ဖုန်းထဲက ဖုန်းနံပါတ်လေးတွေကိုပြန်ကြည့်ရင်း မဆွေရဲ့ဖုန်းနံပါတ်မှတ်ထားတဲ့နေရာကိုရောက်လာခဲ့တယ်။ အဲ့ဒီအခါ ခေါ်ကြည့်အုံးမယ်လေးဆိုပီးတော့ ခေါ်ကြည့်လိုက်တာ မဆွေနဲ့တွေ့ပီး ပြန်အဆက်အသွယ်ရလာကြတာပေါ့။။။
အဲ့ဒီအခါမှာတော့ အရင်တုန်းကလို gtalk တွေ mirc တွေခေတ်မဟုတ်တော့ပါဘူး။ facebook တွေ Instagram တွေ စတဲ့ social media တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုတဲ့ခေတ်ဖြစ်နေပါပီ။ တစ်ယောက်ရဲ့ အကောင့်ကို တစ်ယောက် တောင်းပီးတော့ facebook ကနေ ပြန်အဆက်အသွယ်လုပ်ကြပါတယ်။ အဲ့ဒီအခါမှာတော့ တစ်ယောက် ဓါတ်ပုံကို တစ်ယောက် မြင်ဖူးလာကြပါတယ်။ မောင်ခိုင်မြင်ရတာကတော့ မျက်နှာဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ မဆွေပဲဖြစ်ပါတယ်။ မောင်ခိုင်ပျော်သွားပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်ခွင့်ရလို့ပေါ့။ ချစ်သွားပီး ရည်းစားဖြစ်ချင်တဲ့စိတ်ကိုတော့ မေ့ထားရပါတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာ လက်ရှိတွဲနေတဲ့ ရည်းစားရှိနေတာကိုး။ သူ့ရီးစားနဲ့ပုံကိုလည်း profile မှာတင်ထားတဲ့အတွက် မဆွေလည်း မြင်ပီးသားဖြစ်ပါတယ်။ ဒါပေမဲ့ မဆွေကတော့ ပုံမှန်ပါပဲ။ ခင်ခင် မင်မင် စကားပြောတယ်။ အလုပ်အကြောင်းတွေ သူငယ်ချင်းအကြောင်းတွေပြောရင်း နဲ့ အချိန်တွေကုန်ခဲ့တာပေါ့။ ။။
အလုပ်အကြောင်းတွေ ဖုန်းဆက်ပြောတာတွေ ဒီတိုင်း ပျင်းလို့ဖုန်းဆက်ပြောတာတွေ နဲ့ အဆက်အသွယ် မပြတ်ခဲ့ကြဘူးပေါ့။ တစ်နေ့တော့ မောင်ခိုင်ရဲ့ ချစ်သူက နောက်ရည်းစားရသွားခဲ့ပါတယ်။ မောင်ခိုင်လည်း အရမ်းဝမ်းနည်း ဒေါသဖြစ်ခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ မောင်ခိုင်ရဲ့ အချစ်ဦးဖြစ်နေလို့ပါ။ မောင်ခိုင်ရဲ့ ရည်းစားက နောက်ထပ်အသစ်ရတဲ့သူကတော့ သူနဲ့ အလုပ်အတူလုပ်တဲ့သူဖြစ်နေပါတယ်။ နေ့စဉ်နေ့တိုင်းမြင်တွေ့နေရပီး မတွေ့ဖို့ မောင်ခိုင်က တားလို့မရတဲ့အခြေအနေမို့ သူ့ရည်းစားနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ရဲ့ဖြစ်စဉ်တွေကို ခံစားရင်း ရင်ဖွင့်ဖို့ သူ့ရဲ့သူငယ်ချင်း မဆွေကို ဖုန်းဆက်ဖြစ်ပါတယ်။ ဖုန်းထဲကနေမှ သူ့ရဲ့အကြောင်းတွေကို ပြောပြရင်း ရင်ဖွင့်ပါတော့တယ်။ အဲ့လိုရင်ဖွင့်တဲ့အချိန်မှာ မဆွေကလည်း နှစ်သိမ့်ပေးပါတယ်။ စိတ်မဆင်းရဲဖို့အကြောင်းတွေ သူငယ်ချင်းတွေအများကြီးနဲ့ပျော်အောင်နေဖို့တွေ ပြောပါတယ်။ နောက်ဆုံးမှာတော့ မဆွေတစ်ယောက်လုံးရှိပါတယ် စိတ်မညစ်ပါနဲ့လို့အားပေးနှစ်သိမ့်ပေးတာတွေကို မောင်ခိုင်တစ်ယောက် ကြားရင်း ဝမ်းနည်းတာတွေပျောက်သလောက်ကို ခံစားလိုက်ရပါတယ်။ တစ်ယောက်နဲ့ပြတ်ပီး နောက်တစ်ယောက် ချက်ချင်းရလိုက်သလိုခံစားလိုက်ရပါတယ်။ ။။
အဲ့ဒီနေ့ပီးတော့ နောက်တစ်ရက်ကျတော့ သေချာအောင်သူပြန်မေးမိပါတယ်။ မေးမိတဲ့အခါမှာလည်း ဒီအဖြေပဲ ထပ်ရပါတယ်။ အဲ့ဒီအခါမှာတော့ သူသေချာသွားပီးတော့ စိတ်ဆင်းရဲတာတွေ လုံးလုံးမပျောက်တောင်မှ နေသာထိုင်သာရှိလာပါတယ်။ သူ့အနေနဲ့ အနာကို ချက်ချင်း ဆေးကုလို့ပျောက်သွားသလိုခံစားလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ မောင်ခိုင်ကတော့ မန္တလေးမြို့မှာနေပါတယ်။ မဆွေကတော့ မြစ်ကြီးနားမြို့မှာနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖုန်းအဆက်အသွယ်နဲ့ စကားတွေပြောရင်း နောက်ဆုံး သံယောဇဉ်တွေတိုးပီးတော့ အဖြေဖွင့်တောင်းတဲ့အချိန်ရောက်လာခဲ့ပါတယ်။ မဆွေလည်း ကြည်ကြည်ဖြူဖြူနဲ့ ခေါင်းညိမ့်လိုက်ပါတယ်။ အဲ့ဒီအခါမှာတော့ သူတို့တွေ ချစ်သူတွေဖြစ်သွားကြပါတယ်။ နေ့စဉ်ဖုန်းပြောကြပါတယ်။ မောင်ခိုင်ရဲ့အလုပ်ကတော့ ခရီးထွက်ရတဲ့အလုပ်မဟုတ်တော့ မဆွေရှိတဲ့မြစ်ကြီးနားကို မရောက်ဖြစ်ပါဘူး။ မဆွေကတော့ company က အစည်းအဝေးတွေထွက်ရတဲ့အခါ မောင်ခိုင်ရှိတဲ့ မန္တလေးကို ရောက်လာတဲ့အခါ သူတို့ နှစ်ယောက် တွေ့ဖြစ်ကြပါတယ်။ ၁နှစ်အတွင်းမှာ ၅ ကြိမ်သာ တွေ့ဖြစ်ခဲ့ကြပါတယ်။။။
နောက်တော့ မဆွေအလုပ်ကနေထွက်ခဲ့ပီး မောင်ခိုင်ရှိတဲ့ မန္တလေးကိုရောက်လာပီး မန္တလေးမှာ အလုပ်ရှာလုပ်ခဲ့ပါတယ်။ အလုပ်တစ်ခုရခဲ့ပီး နှစ်ယောက်သား မန္တလေးမှာဆုံဆည်းခွင့်ရခဲ့ပါတယ်။ ထမင်းစားလည်းအတူတူ၊ ဈေးဝယ်ထွက်လည်း အတူတူနဲ့ နှစ်ယောက်သားပျော်ရွှင်တဲ့ဘဝကိုရကြတာပေါ့။ တစ်ယောက်ပင်ပန်းလာရင် တစ်ယောက်က အားပေး ဖေးမရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့ကြတာပေါ့………..

Writer caesarsupaimin
MSC-025

မောင်ခိုင်နှင့်မဆွေ | Ecency