နေညိုရင် ရွှေဘိုကို လွမ်းမိတယ် (၂)

Words
297
Reading
2 min
Listen
Play
9y

မင်္ဂလာပါ မိတ်ဆွေတို့ရေ....
နေညိုရင် ရွှေဘိုကို လွမ်းမိတာလေး ဆက်ပြောပါရစေဦးဗျာ။

-အလွမ်းနဲ့ မတည့်တဲ့ကောင်ပါဗျာ...
အလွမ်းနဲ့ တွေ့ရင် အဆိပ်တတ်
အိပ်ပျက်ခဲ့ရတဲ့ ညတွေလည်း မနည်းခဲ့ပါဘူးဗျာ...

လွမ်း...ရင်ထဲလှိုက်လို့... အတိတ်ကို... လွမ်း...
ပြန် မြင်ယောင်မိတယ်... နွေလေရူး တိုက်ခတ်မြူးနေစဉ်မှာ...

ကိုတိုးကြီးရဲ့ သီချင်းစာသားလေးကို ညည်းဆိုရင်း...
နွေပေါက်လို့ ဌာနေကို ပြန်ရောက်မိတဲ့ အချိန်သမယလေးမှာ
ယခင် အတိတ်အကြောင်းလေးတွေ ပြန်ပြောင်းလို့ တွေးမိပါရဲ့။
orca-image-1522724054199.jpg_1522724054453.jpeg

လွန်ခဲ့သော ၂၀၁၂ ခုနှစ် လောက်ကပေါ့....
ကျွန်တော့်ချစ်သူဟာ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးရန်
ရွှေဘိုမြို့ ကညနရုံးသို့ လာခဲ့ပါတယ်။ ထိုအချိန်မှာ ကျွန်တော်
ကလည်း ခင်ဦးမြို့ကနေ ရွှေဘိုမြို့သို့ သွားခဲ့ပါတယ်။
အချိန်းအချက် လုပ်ထားတာ ဆိုတော့ ချစ်သူနှင့် တွေ့ဖို့ပေါ့ဗျာ။
ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးရာတွင် မနက် ၉နာရီခွဲ
လောက်တွင် ဆောင်ရွက်စရာများ လုပ်ဆောင်ခဲ့ပြီး၊ ညနေ
၃ နာရီလောက်မှ ရမည်ဆို၍ နေ့ခင်းပိုင်း တစ်ပိုင်းလုံး
ကျွန်တော့်ချစ်သူဟာ စောင့်နေရမည် ဖြစ်၍ ကျွန်တော့်
အတွက် ခွင်ပေါ့ဗျာ။ ပေါက်တကရတွေ လျှောက်မတွေးကြနဲ့
ဦးနော်...ရိုးရိုးလေး ချိန်းတွေ့ခဲ့တာ...ယုံပါ။
orca-image-1522724175033.jpg_1522724175192.jpeg

ကျွန်တော်တို့ ချစ်သူနှစ်ဦးဟာ ပထမဦးစွာ မောဓောမြင်သာ
မြို့ထောင့်စေတီ သို့ ဘုရားဖူးသွားခဲ့ကြပါတယ်။ "မောဓောမြင်သာ"
ဆိုသည်မှာ ရှေးယခင်က "မောင်တော်မြင်သာ" ဟု ကြားဖူးနားဝ
ရှိခဲ့ပါတယ်။ "မောင်တော်မြင်သာ" မိဖုရားတစ်ပါးမှ သူမ၏
မောင်တော် အဝေးရောက်နေစဉ်မှာ မျှော်မှန်းမြင်ယောင် ဖူးမြင်
နိုင်စေရန် ရည်ရွယ်၍ စေတီတည်ခဲ့သည်ဟု အရပ်စကား
ရှိခဲ့တာပါ။ ဒေသခံအများစုကတော့ မြို့၏ ထောင့်တစ်နေရာတွင်
တည်ရှိသောကြောင့် "မြို့ထောင့်စေတီ" ဟုသာ ခေါ်ဝေါ်ကြပါသည်။

မောဓောမြင်သာ မြို့ထောင့်စေတီ ဘုရားပွဲတော်ကို နှစ်စဉ်
တော်သလင်းလ၌ ခုနစ်ရက် ကျင်းပကြပါသည်။ ၄င်း ဘုရားပွဲ
မတိုင်ခင် ၄င်းဘုရားအနီးရှိ ဖောင်တော်ဦးဘုရားပွဲတော် နှစ်ရက်
စတင်ကျင်းပပါသည်။ ဖောင်တော်ဦးဘုရားပွဲသည် ဇာတ်သဘင်
ကြည့်ချင်ပွဲ ဖြစ်ပါတယ်။ " ကြည့်ချင်ပွဲ" ဆိုသည်မှာ အခကြေးငွေ
မပေးရဘဲ ကြည့်ချင်သူ လာကြည့်လို့ ရသောပွဲကို ဆိုပါသည်။
မြို့ထောင့်စေတီ ဘုရားပွဲတွင် ဇာတ်သဘင်၊ ရုပ်သေး၊ ခြင်း
အလှခတ်၊ သံကမ္ဘာလုံးထဲ ဆိုင်ကယ်စီး ဆပ်ကပ်၊ မြန်မာ့လက်ဝှေ့
နှင့် အခြားဖျော်ဖြေရေးပွဲပေါင်းစုံ အခကြေးငွေဖြင့် ပြသကြပါသည်။

ဤကား ကျွန်တော်တို့ ချစ်သူနှစ်ဦး ဘုရားဖူးသွားခဲ့တာကို
ပြန်လွမ်းမိရင်း မြို့ထောင့်စေတီနှင့် ပတ်သက်တာအနည်းငယ်ကို
ပြောပြတာပါ။
ကျွန်တော်တို့ချစ်သူနှစ်ဦးဟာ ဘုရားရင်ပြင်ပေါ်တွင်
သမီးရည်းစားအတွဲ အနေဖြင့် မသင့်တော်၍ ဘုရားကန်တော့
ပြီးလျှင်ပြီးခြင်း အေးအေးဆေးဆေး ချစ်စကား ပြောကြရန်
ကျုံးဘက်သို့ ထွက်ခဲ့ပါတယ်။ ထိုကျုံးမှာ မြို့ထောင့်စေတီ
ဘုရားပွဲအစတွင် လှေပြိုင်ပွဲ ကျင်းပလေ့ရှိသည့် ကျုံး ဖြစ်ပါသည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နန်းတတ်စဉ်က
တူးဖော်ခဲ့သော ကျုံး လည်း ဖြစ်ပါသည်။ ယခုအချိန်တွင်ကား
ထိန်းသိမ်းပြုပြင်မှု မရှိ၍ ကျုံး မှာ ရေညှိ အမှိုက်များဖြင့် ညစ်ပတ်
လို့ နေပါပြီ။
orca-image-1522724243417.jpg_1522724243558.jpeg

ထို့ကြောင့် ကျွန်တော်တို့ချစ်သူနှစ်ဦးဟာ မဟာနန္ဒာကန်ဘက်သို့
လေညင်းခံရင်း ချစ်စကားပြောကြဖို့ ဆိုင်ကယ်ဖြင့် သွားခဲ့ကြပါ
တယ်။ မဟာနန္ဒာကန်ဘောင်ပေါ်ရှိ အရိပ်ရသော နေရာတွင်
နှစ်ကိုယ်တူ တွဲထိုင်ကာ နှစ်ဦးသားပေါင်းဖတ်ကြဖို့ အရေး
ဆွေးနွေး တိုင်ပင်ကြရတာပေါ့ဗျာ။
orca-image-1522724547514.jpg_1522724547643.jpeg

သမီးရည်းစား ဆိုပေမယ့် "ကလူ၏သို့ မြူ၏သို့" တွေ ကျီစယ်
ပျော်ပါးနေတတ်တာတော့ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက
ကျွန်တော်က အသက် သုံးဆယ်နီးပါး၊ သူမကလည်း အသက်
၂၅ လောက်ရှိနေပြီဆိုတော့ ကလူကျီစယ်နေဖို့ စိတ်မရှိကြဘဲ
အတည်တကျ လက်ထပ်ယူကြဖို့၊ ဘယ်လို စီးပွားရှာမယ်၊
ဘယ်ပုံ ငွေစုကြမယ်၊ ဘယ်လိုအနေအထားမျိုး မင်္ဂလာဆောင်
ကြမယ်၊ ဒါတွေကိုပဲ အဓိကထား ပြောကြတာပေါ့။ ကျွန်တော်တို့
ချစ်သူ နှစ်ဦးဟာ မိဘအထောက်အပံ့ဖြင့် မင်္ဂလာ မဆောင်နိုင်တာ
ကို သိသည့်အလျောက် ကိုယ့်ဘာသာ ငွေရှာငွေစု လက်ထပ်ကြ
ဖို့ တိုင်ပင်ကြရတာပေါ့ဗျာ။ သမီးရည်းစား ဘာသာဘာဝ
နည်းနည်းလေးမှ မလုပ်ခဲ့ဘူးလို့တော့ မပြောဘူးနော်...။
ချစ်တာ တကယ်သိအောင်တော့ ပါးပါးလေး ချစ်ပြရသေးတာ
ပေါ့လို့...ဟုတ်ဘူးလား။

ဪ...လွမ်းစရာလေးတွေ ၊ လွမ်းစရာလေးတွေ...
ဟိုအရင်အချိန်တွေကဆို ပိုလွမ်းခဲ့ရတာပေါ့။ ခုတော့ သူမနှင့်
ကျွန်တော် မင်္ဂလာဆောင်ပြီးလို့ ပျော်နေကြပါပြီဗျာ။ ကြွားတာတော့
ဟုတ်ပါဘူး...စကားစပ်မိလို့ပါဗျာ။
ခုလို တစ်ခါတစ်ခေါက် ရောက်သွားပြန်တော့လည်း
အတိတ်ကိုပြန်တွေး လွမ်းမိတာလေးများ ပြောမိတာပါဗျာ။
orca-image-1522724617865.jpg_1522724618000.jpeg

#နေညိုရင်-ရွှေဘိုကို-လွမ်းမိတယ်... လို့....
ဆက်ပါဦးမည်....
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
billionairehein@billionairehein
MSC -193
Hein Khant Maung ကိုယ်တိုင် ခံစားချက်
ဖွင့်ဆိုရေးသားသည်။

နေညိုရင် ရွှေဘိုကို လွမ်းမိတယ် (၂) | Ecency