မင်္ဂလာပါ ချစ်သော မိတ်ဆွေတို့ရေ...
နေညိုရင် ရွှေဘိုကို လွမ်းမိတယ် ဆိုပေမယ့် ဒီအပိုင်းတွင်
ဇာတိသွေးဇာတိမာန် ကို တတ်စေခဲ့သော၊ ရာဇဝင်သမိုင်း
လှခဲ့သော၊ ဘုန်းတန်ခိုးရှိန်ဝါ တောက်ပြောင်ခဲ့သော
သမိုင်းခြေရာ အထွဋ်အမြတ်နေရာတစ်ခုကို ဖော်ပြချင်ပါတယ်။
ထိုသမိုင်းရာဇဝင်ကို မိမိသိသလို စာတင်ရမည် ဆိုပါက...
အောင်မြေဌာနက စရပါလိမ့်မည်။ မုဆိုးဖိုရွာသူကြီး
ဦးအောင်ဇေယျသည် ဘုန်းတန်းခိုးတေဇော် တောက်ပြောင်မည့်
အကြောင်း နိမိတ်ကြီးသုံးပါး မြင်ရသည်တဲ့ဗျ ။
ထိုနိမိတ်ကြီးသုံးပါးမှာ...
နံပါတ်တစ် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျ လယ်တောထဲ
သွားစဉ်တွင် သူကိုင်ဆောင်သော တူရွင်းသွားကို မိုးကြိုးခသတဲ့။
နံပါတ်နှစ် မြွေကို ဖားမြိုနေသတဲ့။
နံပါတ်သုံး ကျားကို သမင်လိုက်နေသတဲ့။
ထိုနိမိတ်ကြီးသုံးပါးကို မြင်ရပြီးသကာလ ဦးအောင်ဇေယျ သည်
"ဤအရပ်သည် အောင်မြေ ဖြစ်လတ္တံ့၊ ငါသည် မင်း ဖြစ်လတ္တံ့"
ဟု ယုံကြည်ကာဖြင့် နိုင်ငံတော်ကြီး တည်ထောင်ရန် စတင်
ပါတော့သည်တဲ့ဗျ ။ ဤသည်တို့မှာ အရပ်ပြော ရာဇဝင်သာ
ဖြစ်ပါသည်။ အောက်မှပုံသည် အောင်မြေဘုရားဝင်း အတွင်းရှိ
ဝင်္ကဘာဘုရား ဖြစ်ပါသည်။ ဒုတိယပုံမှာ ကျွန်တော် အောင်မြေ
နင်းနေသောပုံ ဖြစ်ပါသည်။
ထိုနေရာကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏
နန်းတော်ရာ ဖြစ်ပါတယ်။ ရွှေဘိုမြို့စည်ပင်သာယာဈေးကြီး၏
အနောက်မြောက်ထောင့်အရပ်တွင် တည်ရှိပြီး ၊ ဈေးမြောက်ဘက်
လမ်းမှ အဝင်အထွက် မုဒ်ပေါက်တစ်ပေါက်သာ ထားရှိပါတယ်။
ယခုလောလောဆယ်တွင်ကား နန်းတော်ရာကို လေ့လာချင်လို့
လာသူများထက် လူငယ်စုံတွဲများ အပျော်လာကြရာနေရာလည်း
ဖြစ်နေပါတယ်။ ဝင်ကြေးအနေဖြင့် မြန်မာငွေ ၂၀၀ ကျပ် ပေး၍
ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
ရှေးဘုရင်များ ညီလာခံကျင်းပရာတွင် အသုံးပြုသော ပလ္လင်တော်
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဖို ၊ ကုန်းဘောင် ၊ ရန်ကြီးအောင် ၊
ရတနာသိင်္ဃ ၊ ရွှေဘို ဟု ငါးမည်ရသော နန်းတော်ရာနှင့်
တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် ကုန်းဘောင်ခေတ်
နိုင်ငံတည်ထောင်ပုံ သမိုင်းအကျဉ်းကို ပုံများတွင် ပါသော
စာများကိုသာ ဖတ်ရှုပါရန်။
ကျွန်တော်မှ ပြန်လည်ရေးသားနေလျှင် စာရှည်သွားမည်
စိုးသောကြောင့် ဤမျှသာ တက်ပြလိုက်ရာပါသည်။
အလောင်းမင်းတရားကြီး ကံတော်ကုန်၍ သင်္ဂြုဟ်ရာ ဂူဗိမ္မန်
အလောင်းမင်းတရားကြီးဦးအောင်ဇေယျ၏ နန်းတော်ရာနှင့်
ဇာတိသွေးဇာတိမာန် အကြောင်း တွေးမိတော့ ...
နဝမတန်း ကျောင်းသားဘဝတုန်းက ကျွန်တော့်အကြောင်း
သွားသတိရမိပါတယ်။ ဇာတိမာန်ပြခဲ့တာလေးပေါ့...
"တစ်နေ့လည်ခင်း နေ့ကျောင်းမတတ်ခင်တွင် ကျွန်တော်သည်
ကျောင်းဝင်းအပြင်ဘက်ရှိ ဈေးဆိုင်တစ်ဆိုင်သို့ ရောက်ခဲ့ပါတယ်။
ထိုအခါ မိမိနှင့်အတန်းတူ ကျောင်းသား သုံးဦးအဖွဲ့မှ ကျွန်တော့်
အား ရန်စပါတော့သည်။ ရန်စရခြင်း အကြောင်းမှာ သူတို့
ကြိုက်နေသော ကျောင်းသူမလေးများမှ ကျွန်တော့်အား အရေးပေး
ကြသောကြောင့် ဖြစ်ပါတယ်။ ထိုမိန်းကလေးများမှ ကျွန်တော့်
အား အရေးပေးသည်မှာ အတန်းထဲတွင် စာတော်သည်က
တစ်ကြောင်း၊ အထူးသဖြင့် မိန်းကလေးများ စိတ်ဝင်စားလေ့
ရှိသော ဗေဒင်လက္ခဏာကို ကျွန်တော်က အနည်းငယ် တတ်
မြောက်ဟောပြောပေး၍ ဖြစ်ပါသည်။
ရန်စခြင်းအကြောင်း ပြန်ဆက်ပါမည်။ ထိုကျောင်းသားများမှာ
ကညွတ်ကွင်းမြို့ခံ ကျောင်းသားများ ဖြစ်ပါတယ်။ ကျွန်တော်က
ရွှေဘိုမြို့ဘက်မှ ဆွေမျိုးများရှိရာ ကျောင်းလာတတ်ခြင်း ဖြစ်လေ
တော့ တစ်ကောင်ကြွက်သာသာပါ။ သို့ပေမယ် ခြင်္သေ့ အသွင်
ဆောင်ခဲ့ပါတယ်။
ထိုကျောင်းသားများမှ ကျွန်တော့်အား "ဟေ့ရောင် အညာသီး...
ရွှေဘိုသား မိုက်လားကွ" ဆိုလာသောအခါ ကျွန်တော်သည်
မိမိရှေ့တွင် ရှိနေသော ခြောက်လက်မပက်လည်အိမ်တိုင်အား
လက်သီးဖြင့် သုံးချက်ဆင့် ထိုးပစ်လိုက်တယ်။ ပြီးတော့မှ
"အေး...မိုက်လို့ တစ်ယောက်တည်း လာတာပဲ...ရွှေဘိုသား
အကြောင်း သိချင်လာကွာ" ဟု ပြန်လည် စိန်ခေါ်လိုက်ပါတယ်။
ထိုအခါတွင်တော့ ငနဲသား သုံးကောင်မှာ ရှေ့တိုးမလာခဲ့၍
ရန်ပွဲတော့ ဆက်မဖြစ်ခဲ့ပါဘူး။ ဇာတိသွေးဇာတိမာန်ကို ပြလိုက်
မိတဲ့ ကျွန်တော့်မှာတော့ လက်သီး ယောင်နာခဲ့ရသေးပေါ့။
ဪ လက်နာခံ၍ ဇာတိသွေး ပြခဲ့ရသော ရွှေဘိုသားလေး
ရွှေဘိုကို ဇာတိဂုဏ်ထုတ်ပြ၍ ပြန်လွမ်းမိတာလေးပါပဲ။
ခုတော့ ရွှေဘိုသားတို့ မွေးဌာနည်နှင့် ဝေးကွာသူများလည်း
အလွမ်းဖြေလို့ရအောင် အလွမ်းပြေ ဖော်ပြလိုက်ပါသည်။
#နေညိုရင်-ရွှေဘိုကို-လွမ်းမိတယ်...ဟုသာ...
မိတ်ဆွေများလည်း ဒေသန္တရ ဗဟုသုတပေါ့ဗျာ....
မိတ်ဆွေအားလုံးကို လေးစားစွာဖြင့်.....
ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်၊ ပျော်ရွှင်ကြပါစေ။
@billionairehein
MSC-193
Hein Khant Maung ကိုယ်တိုင် ဖုန်းကင်မရာဖြင့်
ရိုက်ကူးခံစားရေးသား တင်ပြပါသည်။