Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ယခုဆိုလျှင် မြန်မာနိုင်ငံတွင် တယ်လီဖုန်း sim card များကို တန်ဖိုးလျော့၍ ရောင်းချလာပြီးနောက်ပိုင်းတွင် လူတိုင်းစေ့နီးပါးမဟုတ်တောင် နိုင်ငံတွင်းလူဦးရေ၏ ထက်ဝက်ခန့်သည် ကိုယ်ပိုင် smart ဖုန်းလေးများကိုင်နိုင်လာကြပြီဖြစ်ပါသည်။
Image source
လူတိုင်းစေ့နီးပါး၏ လက်ထဲတွင် smart ဖုန်းလေးများကိုယ်စီနှင့် ဖြစ်နေကြပြီး ကမ္ဘာကြီး၏ ဘယ်နေရာတွင် ဘာဖြစ်နေသည်ကို အချိန်တပြေးညီ အင်တာနက်မှ တစ်ဆင့်သိရှိနေကြရလေပြီ။ မြန်မာနိုင်ငံ ဒေသအတွင်းတွင်လည်း ဘယ်နေရာဘာဖြစ်နေသည်ကို အရင်အချိန်အခါများလို သတင်းစာဖတ်မှ သိရသော အနေအထားမဟုတ်တော့ပဲ မိမိဖုန်းထဲမှ အင်တာနက်ကလေးကို ဖွင့်လိုက်ယုံဖြင့် သိရှိကြနိုင်ပေပြီ။ ကောင်းလေစွ ။ ကောင်းလေစွ။
Image source
သို့ရာတွင် ဘယ်အရာမဆို အကောင်းနှင့်အဆိုး ဒွန်တွဲနေတတ်သော နိယာမသဘောတရားအတိုင်းပင် လူတိုင်းဖုန်းကိုင်နိုင်ခြင်းသည် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ ကောင်းကျိုးများမှာ အဘယ်နည်း။
ကောင်းကျိုးများကတော့ အင်တာနက်အသုံးပြုခြင်းဖြင့် ပြည်တွင်းပြည်ပမှ သတင်းများကို အချိန်နှင့်တပြေးညီ သိနိုင်ခြင်း။ အပြင်တွင် မတက်နိုင်သော သင်တန်းများကို အွန်လိုင်းမှ တစ်ဆင့်တက်ရောက်သင်ယူနိုင်ခြင်း။ အပြင်တွင် ရှာဖွေဝယ်ယူလို့မရသော စာအုပ်စာပေများကို e-book အဖြစ်ဖတ်ရှုနိုင်ခြင်း။ အွန်လိုင်မှနေ၍ ဈေးရောင်းနိုင်ခြင်း စတာတွေအပြင် များစွာသော ကောင်းကျိုးများဖြစ်ပေါ်စေပါတယ်။ ယခုကျွန်တော်တို့ လုပ်သလို steemit တွင် စာရေး၍ ငွေရှာသကဲ့သို့ အခြား အွန်လိုင်းသုံး၍ ငွေရှာသောနည်းလမ်းများလည်းရှိပေရာ အင်တာနက်အသုံးပြုခွင့်ရခြင်းသည် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ပါသည်။
Image source
ဆိုးကျိုးများလည်း ရှိပါသည်။ ဘယ်လို ပုံစံတွေလည်းဆိုတော့ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ သူတစ်ပါးကတင်ပြီး ငွေညစ်တာ ချိန်းခြောက်တာ အစရှိတာတွေအပြင် အွန်လိုင်းအသုံးပြုမိမှ လိမ်ညာခံရတာတွေ ဘာတွေလည်း ခဏခဏကြားနေရပါတယ်။ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုသတင်းတွေကလည်း မရိုးရလေအောင် တစ်နေ့တစ်မျိုးနီးပါးလောက်ကြားနေရတတ်ပါတယ်။
အဆိုးဆုံးကတော့ အွန်လိုင်းကနေတစ်ဆင့်တွေ့ဆုံကာ ချစ်ကြိုက်ကြပြီး လိင်ပိုင်းဆိုင်ရာ အဆော်ကားခံနေရတဲ့ သတင်းမျိုးတွေပါပဲ။ အွန်လိုင်းကနေတွေ့ပြီး ချစ်ကြကြိုက်ကြတယ်။ ကောင်လေးကလည်း ကောင်မလေးကို ယုံလောက်အောင် တော်ကီတွေပစ်သွင်းနိုင်တယ်။ သစ္စာတွေဘာတွေ ဆိုပြ ကျိန်တွယ်ပြတယ်။ ကောင်မလေးကလည်း အယုံကြီးယုံပြီး အပြင်မှာ လူချင်းတွေ့ကြဖို့ အချိန်းချက်ပြုကြတယ်။ တွေ့တော့ ယုံမှတ်လို့ မိမိဘဝကို ပုံအပ်လိုက်တယ်။ သူလိုချင်တာလည်းရရော ကောင်လေးကထားသွားရော။ ဟော အဲဒါမှာ ပြသနာတွေဖြစ်ကျန်နေခဲ့ရော။ ဒါမျိုးသတင်းတွေကလည်း မမြင်ချင်မှအဆုံးမြင်တွေ့နေရတာပဲဗျ။
Image source
အဲဒါတွေကတော့ အွန်လိုင်းသုံးရင်းဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေပေါ့ဗျာ။ အပြင်မှာ လူချင်းမမြင်ဖူး မတွေ့ဖူးပဲနှင့် ပေးတဲ့ကတိသစ္စာတွေကို ယုံတဲ့မိန်းကလေးတွေကိုလည်း အံသြပါရဲ့ဗျာ။ အဲ သစ္စာဆိုလို့ ရေးရင်းတန်းလန်း လေရှည်ချင်တာနဲ့ အတော်ပဲ။ စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ သစ္စာအကြောင်း နည်းနည်းပွားရဦးမယ်။
အခုလူငယ်တွေက သစ္စာပြုတယ်တို့ သစ္စာရှိတယ်တို့ စကားကို တွင်တွင်ကြီးအသုံးပြုကြလွန်းတယ်ထင်တာပဲ။ သစ္စာတရားရဲ့လေးနက်ပုံ အစွမ်းထက်ပုံကိုကျ သိသူနည်းပါးမယ်ထင်တာပဲ။ သိတဲ့လူလည်းရှိတော့ရှိတာပေါ့နော်။ " ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ " ဆိုတဲ့စကားက အလကားထားခဲ့တာမဟုတ်ဖူးဘူးဗျ။
Image source
ဟိုးရှေးအခါကပေါ့ဗျာ မဏ္ဍဗျ သူကြွယ်နဲ့ သူ့ဇနီးဟာ ရသေ့ကြီး ကဏှာဒီပါယန ကိုအဖျော်ရည်ကပ်ပြီး စကားစမြည်ပြောဆိုနေတုန်းမှာ သူတို့ရဲ့သားကလေးကို အဆိပ်အင်မတန်ပြင်းတဲ့ မြွေကကိုက်လိုက်သတဲ့။ အဆိပ်ပြင်းတဲ့မြွေဆိုတော့ သမားတော်သွားပင့်ဖို့တွေ ဘာတွေ အချိန်ကမလုံလောက်တော့ဘူးလို့ဆိုပါတယ်။ အဲဒီအခါမှာ ရသေ့ကြီးက ကလေးအသက်ကို ကယ်တင်ဖို့အချိန်မရှိပေဘူး မှန်ရာကို သစ္စာဆို၍သာကုသနိုင်မယ်ဆိုပြီး ရသေ့ကြီးက အရင်သစ္စာဆိုပါသတဲ့။ ရသေ့ကြီးက ဘယ်လိုသစ္စာဆိုလဲဆိုတော့ " ငါသည် လူ့ဘောင်ကိုငြီးငွေ့၍ ရသေ့ပြုခဲ့ရာတွင် ခုနစ်ရက်သာ ကြည်လင်သောစိတ်ဖြင့် နေနိုင်ခဲ့ပြီး ခုနစ်ရက်လွန်သည့်နောက် ယနေ့တိုင်အောင် လုံးဝပင်စိတ်မကြည်လင် မပျော်ရွှင်ခဲ့ပါ အောင့်အည်း၍ သာနေခဲ့ရပါသည် ဤ မှန်သောသစ္စာစကားကြောင့် ကလေးတွင်တက်နေသောမြွေဆိပ်ပြေပျောက်၍ အသက်ရှင်ပါစေသတည်း " လို့ သစ္စာဆိုလိုက်တယ်တဲ့။
အဲ့ဒီအခါ ကလေးမှာတက်နေတဲ့မြွေဆိပ်က ခေါင်းကနေပြီး ရင်အထိကျလာတယ်လို့ ဆိုပါတယ်။ ရသေ့ကြီး သစ္စာဆိုပြီးတော့ မဏ္ဍဗျ သူကြွယ်ကလည်း သစ္စာဆိုပါတယ်။ဘယ်လိုဆိုသလဲဆိုတော့ " ကျွန်ုပ်သည် ရဟန်း ပုဏ္ဏားဧည့်သည်များ အိမ်ကိုရောက်လာသည့်အခါ တစ်ကြိမ်တစ်ခါမှ ကြည်ညိုနှစ်သက်ခြင်း အလျဉ်းမရှိပါ။ ဤသို့ ကြည်ညိုနှစ်သက်ခြင်းမရှိသည်ကို မည်သူကိုမျှ မသိစေအောင် ဖုံးဖိထားခဲ့ပါသည်။လှူတန်းခဲ့ရသော အလှူတို့သည်လည်း မလှူချင်ပဲနဲ့ ဟန်မပျက်လှူတန်းခဲ့ရပါသည်။ ဤ မှန်သော သစ္စာစကားကြောင့် သားငယ်၏အပေါ်တွင်တက်နေသော မြွေဆိပ်ပြေပျောက်၍ အသက်ရှင်ပါစေသား " လို့သစ္စာဆိုလိုက်တယ်တဲ့။
သူကြွယ်ကြီး သစ္စာဆိုပြီးတဲ့အခါ ကလေးမှာတက်နေတဲ့ မြွေဆိပ်ဟာ ရင်ကနေခါးလယ်ထိကျသွားပါတယ်တဲ့။ သူကြွယ်ကြီးပြီးတော့ သူ့မိန်းမအလှည့်မှာ သူကလည်းသစ္စာဆိုတယ်။ ဘယ်လိုဆိုသလဲဆိုတော့ " သူ့သားကိုကိုက်တဲ့မြွေကို သူအလွန်မုန်းပါတယ်တဲ့။ ဤမြွေကို မုန်းသည်နှင့်မခြား ထပ်တူထပ်မျှ ကလေးရဲ့ အဖေသူကြွယ်ကြီးကိုလည်း မုန်းပါတယ် ဤ သစ္စာစကားမှန်ကန်ပါက တက်နေသောမြွေဆိပ်ပြေပျောက်ပါစေ " လို့ သစ္စာဆိုတယ်တဲ့။
အဲဒီအခါ ကလေးမှာ ကျန်နေသေးတဲ့ မြွေဆိပ်တွေဟာ အကုန်ကင်းစင်သွားတယ်လို့ ဆိုပါတယ်။ အဲဒါစာအုပ်ထဲမှာ ဖတ်ဖူးတာပြောပြတာနော်။ သူတို့ဆိုခဲ့ကြတဲ့သစ္စာက ရီစရာကောင်းပေမဲ့ မှန်သောသစ္စာကို ပြုခဲ့ကြတာဖြစ်လို့ ကလေးငယ်မှာ တက်နေတဲ့ မြွေဆိပ်တွေ ကင်းစင်ခဲ့ရတယ်။
အဲဒီလို သစ္စာဆိုပြီးကြတဲ့နောက်မှာတော့ ရသေ့ကြီးရော သူကြွယ်ရော သူ့မယားရောဟာ သူတို့ရဲ့ မကောင်းမှုတွေကို စွန့်လွှတ်ပြီး ရသေ့ကလည်း ရသေ့ကောင်းဖြစ်သွားတယ်။ သူကြွယ်လင်မယားလည်း သဒ္ဒါတရားနဲ့ပြည်စုံပြီး မယားကလည်း လင်အပေါ်သစ္စာရှိတဲ့ မယားဖြစ်သွားပါတယ်တဲ့။
Image source
သစ္စာစကားဆိုတာ မှန်သောစကားကိုပြောဆိုပြီးတိုင်တည်တာသာဖြစ်ပါတယ်။သူ့ရဲ့အဓိပ္ပါယ်ကိုကလေးနက်မှုရှိနေပါတယ်။ အဲဒါကြောင့်မို့ သစ္စာ သစ္စာ ဆိုပြီးရမ်းသမ်းမဆို ရမ်းသမ်းမယုံကြပါနဲ့ဗျာတို့ရယ်လို့ ပြောကြားရင်း ရေးရတာလည်း လက်ညောင်းလာလို့ နားလိုက်ပါဦးမည်။
Author>>>@aungzawhtwe
MSC : 014