ကြတ်ရွာမှာ အိပ်ခဲ့ရတဲ့တစ်ည

Words
328
Reading
2 min
Listen
Play
8y

လူတစ်ကိုယ် ဝါသနာတစ်မျိုးဆီရှိကြလေသည်မှာ ဓမ္မတာပင်ဖြစ်လေသည်။ တစ်ချို့က ဆိုင်သံဗုံသံကြားရလျှင် ထ က ချင်လောက်အောင်အထိ ဝါသနာကြီးကြသလို တစ်ချို့ကြတော့လည်း တစ်ခုမဟုတ်တစ်ခုတော့ ဝါသနာရှိကြပေလိမ့်မည်။ ဘောလုံးပွဲဝါသနာပါသူ စကားအာပေါင်အာရင်းသန်စွာပြောရန် ဝါသနာပါသူ စသည်ဖြင့် ဝါသနာအမျိုးအစားတော့ ကွဲပြားကြပေလိမ့်မည်။ လူတွေ ဝါသနာတစ်ခုခုရှိနေကြရင်းရဲ့ အကြောင်းရင်းက အတိတ်ဘဝက အရှိန်နဲ့ ဆက်စပ်လေမလားဟုလည်း တွေးမိပါသည်။
the-past-of-pucking-hockey-review.jpg
Credit image source
တွေးမိရသည့် အကြောင်းရင်းကလည်းရှိပါသည်။ မြတ်စွာဘုရားလက်ထက်တော်က ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ ဆွမ်းခံကြွရင်း ရေအိုင်ငယ်များကို ဖြတ်ကျော်ရတဲ့အခါမှာ ပထမရေအိုင်နှင့် ဒုတိယရေအိုင်တို့ကို ရှောင်ကွင်း၍ ကြွလှမ်းသော်လည်း တတိယရေအိုင်ကိုမူ ခုန်ပေါက်၍ ကျော်လိုက်တယ်လို့ဆိုပါတယ်။ ထိုအခါ အတူသွားကြတဲ့ ရဟန်းတွေက ရဟန်းဖြစ်ပါရဲ့ အိနြေ္ဒမထိန်းပါပဲ ပြုမူခြင်းအပေါ်ကဲ့ရဲ့ကြတဲ့အခါ မြတ်စွာ ဘုရားက ရှင်သာရိပုတ္တရာရဲ့ အတိတ်ဘဝအကြောင်းကို ဟောတော်မူပါတယ်။ရှင်သာရိပုတ္တရာဟာ အတိတ်ဘဝတစ်ခုက မျောက်ဘဝမှာ ဖြစ်ခဲ့တဲ့အတွက် ရေအိုင်ကိုတွေ့တဲ့အခါမှာ ခုန်ကျော်ချင်စိတ်ဖြစ်သွားရတယ်လို့ ဘုရားက ဟောပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ယခုဘဝမှာ လူသားတွေ ဖြစ်နေရတဲ့ ဝါသနာဘာဂီ အထုံပါရမီတွေဟာ အတိတ်ဘဝနဲ့ ဆက်စပ်မှုရှိလေမလားဟု တွေးမိရခြင်းဖြစ်ပါတယ်။
context.jpg
Credit image source
အထက်တွင် ဆိုခဲ့သည့်အတိုင်း မှန်ခဲ့သည်ရှိသော် ကျွန်ုပ်သည်ကား အတိတ်တစ်ချိန်က ဘယ်လိုဘဝမျိုးတွင် ဖြစ်ခဲ့သည်မသိပေ။ လောင်းကစားဝါသနာက ငယ်ကတည်းက ကြီးခဲ့လေသည်။ ထိုကဲ့သို့ လောင်းကစားဝါသနာ ပါခြင်းကြောင့်လည်း ကျွန်ုပ်ဘဝတွင် မေ့နိုင်မည်မဟုတ်သော အခြင်းရာတစ်ခုကို ကြုံခဲ့ရဖူးပေသည်။

ကျွန်တော် မူလတန်းကျောင်းသားဘဝကပေါ့ဗျာ။ ကျွန်တော်တက်နေရတဲ့ မူလတန်းကျောင်းကလေးဟာ ခနော်ခနဲ့ နှင့်ယိုင်တိုင်တိုင် အနေအထားလေးပေါ့။ တစ်နေ့မြို့နယ်ပညာရေးမူးက ကျွန်တော်တို့ ကျောင်းလေးဆီရောက်လာပြီး ကျောင်းရဲ့ အခြေနေသိရှိသွားတဲ့အခါ နိုင်ငံတော်ဘက်ဂျက်တောင်းပြီး ခနော်ခနဲ့အနေအထားကနေ နံကပ်ကျောင်းဆောင်လေး ဖြစ်အောင် ဆောင်ရွက်ပေးသွားခဲ့ပါတယ်။ အဲဒီအခါ မူလတန်းကျောင်းအုပ်ဆရာမကြီးနှင့် ရွာသူ ရွာသားများ ပူးပေါင်းပြီး ကျောင်းအောင်ပွဲဆိုပြီး ဇာတ်တွေငှားကာ ကျင်းပကြပါတယ်။
DSC02179.JPG
Credit image source
အဲဒီအချိန်အခါက ကျွန်တော်တို့နယ်ဘက်မှာ ဇာတ်ပွဲတွေကျင်းပရင် လောင်းကစားဝိုင်းတွေပါ တွဲရက်ပါပါတယ်။ ကျွန်တော်က ငယ်သေးတော့ ပွဲကိုတစ်ယောက်တည်းသွားခွင့်တော့ မရပါဘူး။အမတွေနှင့်အတူသွားရပါတယ်။ အဲ့ဒီအချိန်က အိမ်ကဈေးရောင်းတော့ ပိုက်ဆံဆယ်ငါးကျပ်လောက် ကျွန်တော်ခိုးထားပြီး အမတွေနဲ့အတူ ပွဲကို လိုက်သွားပါတယ်။ တစ်ကျပ်ဖိုးလောက်ဆို ဗိုက်ကားနေအောင် အဲ့ခေတ်က မုန့်စားလို့ရသေးတဲ့အချိန်ပေါ့ဗျာ။

ပွဲခင်းထဲ စဝင်လာကတည်းက ခြောက်ကောင်ခုံတွေရှိတဲ့နေရာကို ကျွန်တော်မှတ်လာခဲ့ပါတယ်။ အမတွေက မိုးလင်းအောင် ပွဲကြည့်ကြမှာပါ ဖျာတွေရော ယူလာတာခင်ဗျ။ ပွဲမစခင်အချိန်ထိ မှင်ကောင်းကောင်းနှင့် ငြိမ်နေရပေမဲ့ ကျွန်တော့်စိတ်က ခြောက်ကောင် ခုံတွေဆီကို ရောက်နေပြီရယ်။ စတိတ်ရှိုးထွက်လို့ နည်းနည်းကြာတော့ အပေါ့သွားချင်တယ် ဆိုပြီး ဇာတ်လမ်းဆင်လိုက်ပါတယ်။ အဝေးကြီးမသွားဖို့ပဲ ပြောပြီး အမတွေက ဇာတ်ခုံပေါ် ဈာန်ဝင်နေကြပြီလေ။ ခါးကြားမှာ လိမ်ထားတဲ့ ပိုက်ဆံလေးဖြည်ပြီးတော့ ခြောက်ကောင်ခုံဆီကို ပြေးတော့တာပဲဗျို့။
FB_IMG_1525597361388.jpg
Credit image siurce
ကံဆိုးတယ် ပြောရမလားမသိပါဘူး။ ခြောက်ကောင်ထိုးလိုက်တာ ဘာမှမကြာဘူး ပိုက်ဆံက ပြောင်သွားပါလေရော။ ရှုံးတာနိုင်တာထက် လုပ်ချင်တာလေးလုပ်လိုက်ရတော့ ကျွန်တော်လည်းအတော်လေးကို နေသာထိုင်သာ ရှိသွားတာပေါ့ဗျာ။ အဲဒါနဲ့ ပွဲဈေးတန်းထဲ ဟိုဒီလျှောက်ကြည့်ရင်း လမ်းသလားနေလိုက်တာ ထူးဆန်းတာတစ်ခု သွားတွေ့တယ်ဗျို့။

ကျွန်တော်သိထားတာက ဇာတ်ခုံက တစ်ခုတည်းပါ။ အခုအမတွေ ကြည့်ကျန်နေခဲ့တဲ့ ဇာတ်ခုံရဲ့ ဆန့်ကျင်ဘက်အရပ်မှာ ဇာတ်ခုံ တစ်ခုကလည်း ကနေကြတယ်ဗျ။ ပွဲခင်းကတော့ တစ်ဆက်တည်း ဖြစ်ပြီး ဇာတ်နှစ်ခု အပြိုင်ကနေကြသလား ကျွန်တော် မျက်စိလည်သွားပါတယ်။ အနောက်ကိုပြန်လှည့်တော့လည်း အမတွေကြည့်နေတဲ့ ဇာတ်ခုံက ရှိနေတယ်ဗျ။ စူးစမ်းချင်စိတ်နဲ့ အခုတွေ့တဲ့ ဇာတ်ပွဲရှိရာဘက် ထွက်လာခဲ့ပါတယ်။

ဒီဘက်က ဇာတ်ပွဲက အစောကထလာခဲ့တဲ့ဇာတ်ပွဲထက် မီးအပြင်အဆင်တွေပိုကောင်းသလိုပဲဗျ။ ကနေကြတဲ့ ဇာတ်မင်းသားမင်းသမီးတွေကလည်း ဟိုဘက်ဇာတ်ပွဲထက် ပိုသာနေသလိုထင်ရတယ်။ ကျွန်တော်လည်း ကြည့်နေကြတဲ့ လူတွေကြားထဲခဏဝင်ထိုင်ကြည့်မယ် စိတ်ကူးပြီး ထိုင်ချလိုက်ပါတယ်။ အဲဒီမှာ ပွဲကြည့်နေတဲ့ အန်တီကြီးတစ်ယောက်က သူတို့ခင်းထားတဲ့ ဖျာပေါ် လာထိုင်ကြည့်ဖို့ ခေါ်ပြီး မုန့်တွေလည်း ကျွေးပါသေးတယ်။ ကျွန်တော်လည်း ဝယ်စားစရာ ပိုက်ဆံက မရှိတော့တဲ့အတူတူ သူတို့ကြွေးတာ စားပစ်လိုက်တာပါပဲ။

Video credit link
စားသောက်ပြီးတော့ ဗိုက်လေးလာပြီး ပွဲကြည်းရင်း အိပ်ပျော်သွားပါရောဗျို့။ အိပ်နေရင်း ကျောအောက်က အေးစက်စက်အထိအတွေ့ကြောင့် လန့်နိုးလာတော့ မိုးတောင်စင်စင်လင်းနေပါရောလားဗျာ။ ပါတ်ဝန်းကျင် အနေထားကို ကြည့်လိုက်တော့ ချုံတွေရှုတ်ရှက်ခတ်နေတယ်။ ကျွန်တော်အိပ်မိနေတဲ့နေရာကို ပြန်ကြည့်လိုက်တော့ လား လား ဘာကြီးလည်း သိလား။ လူသေထည့်မြုပ်ထားတဲ့ အုတ်ဂူအဟောင်းကြီးဗျ။ အုတ်ဂူကြီးမှန်းလည်းသိရော လန့်အော်မိတော့တာပေါ့ဗျာ။ကြောက်လိုက်တာဆို မပြောပါနဲ့တော့ဗျာ။ ကျွန်တော့်အော်သံကြောင့် မလှမ်းမကမ်းက လယ်ကွင်းထဲမှာ လယ်ထွန်နေတဲ့ ဦးလေးကြီးတစ်ယောက် ရောက်လာပြီး အကျိုးအကြောင်းမေး အိမ်ပြန်လိုက်ပို့လို့တော်သေးတယ်။

အိမ်ပြန်ရောက်တော့ အမတွေကလည်း ဆူလိုက်တာဆိုတာ ပွက်ပွက်ညံနေတာပဲဗျာ။ လျှောက်သွားနေလို့တဲ့။ လျှောက်သွားရင်း အခုလို ကြုံခဲ့ရတာလေ။ နောက်မှရွာက လူကြီးတွေ ပြောပြလို့ သိရတာက အဲ့ဒီနေရာဟာ သင်္ချိုင်းအဟောင်းကို ဖျက်ပြီး ကျောင်းနေရာ လုပ်ထားတာတဲ့။ ကျွန်တော်တွေ့ခဲ့ရတဲ့ ဟာတွေက ကြတ်သရဲတွေ ဖြစ်မယ်လို့ ဆိုကြပါတယ်။ လူကို အန္တရာယ်မပေးလိုက်လို့သာ တော်သေးတယ်ဗျာ။ အဲ့ဒီနောက်ပိုင်းတော့ အဲဒီမူလတန်းကျောင်းလေးမှာ တက်ခဲ့ရတဲ့ တလျှောက် အပေါ့သွားရင်တောင် နေ့ခင်းကြောင်တောင် တစ်ယောက်တည်းမသွားရဲတော့ပါဘူး။
home-alone-afraid.jpg
Credit image source
ထိတ်လန့်အောင် ခြောက်လန့်ခြင်းမခံခဲ့ရပေမဲ့ ကြတ်သရဲ ရွာမှာ တစ်ညတာ အိပ်ခဲ့ရဘူးတဲ့ အတွေ့အကြုံကို ရေးပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ steemit တွင်စာရေးသားသော မြန်မာများ အောင်မြင်ကြသူများဖြစ်ကြပါစေခင်ဗျာ။

Author>>>aungzawhtwe@aungzawhtwe

MSC : 014

ကြတ်ရွာမှာ အိပ်ခဲ့ရတဲ့တစ်ည | Ecency