အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ဒီနေ့ရေးချင်ရာရေး အစီအစဉ်မှာ ကိုယ်တိုင်အတွေ့အကြုံလေးကို မျှဝေချင်ပါတယ်... ဒီအဖြစ်အပျက်ကို သူငယ်ချင်း အပေါင်းအသင်းတွေကို မကြာခဏ ပြောပြလေ့ရှိပါတယ်... ကိုယ့်လိုမဖြစ်ရအောင်ပေါ့ဗျာ... သေချာတာ တစ်ခုကတော့ ဆင်ခြင်သွားနိုင်တာပေါ့လေ... ဓမ္မကထိက ဆရာတော်အများစု ဟောတတ်တာလေး အရင် ပြောပြချင်ပါတယ်... ပစ္စည်းပျောက်တာ ကျယ်ကျယ်လောင်လောင် မပြောနဲ့ ရှက်စရာကောင်းတယ်တဲ့... ကိုယ့်ပစ္စည်းပျောက်တာ ဘာများရှက်စရာရှိသလဲလို့ မသိခင်က တွေးခဲ့ဘူးတယ်... ဆရာတော်များ ဆက်ဟောကြားတာက သူများပစ္စည်းကို ကိုယ်ကခိုးဖူးလို့ ကိုယ်ပစ္စည်းကိုလည်း အခိုးခံရတာတဲ့...
ခေါင်းစဉ်နာမည်ပေးလိုက်တာက ရှူး-တိုးတိုး ဘာ့ကြောင့် ပေးရသလဲဆိုတာ သဘောပေါက်လောက်ပါပြီနော်... သူများပစ္စည်း ကိုယ်က ခိုးဖူးလို့ ကိုယ့်ပစ္စည်းကိုလည်း သူများကခိုးသွားတာဆိုတော့ သူများကို သူခိုးလို့ ပြောရင် ကိုယ်လည်း သူခိုးဖြစ်နေပြီဆိုတော့ ရှက်စရာလို့မှတ်ယူမိတယ်... ကိုယ့်ပစ္စည်းတစ်ခု အခိုးခံရတိုင်း ရှက်စရာတစ်ခု တိုးလာသလိုပဲ... ကိုယ်တိုင်ကြုံခဲ့ရတာက နှစ်အတော်တော့ကြာခဲ့ပါပြီ... ဘုန်းကြီးဈာပနပွဲကို အဖွဲ့သားများနဲ့အတူ သွားခဲ့ကြတုံးကပေါ့... မပြောဖြစ်ခဲ့တာကြာခဲ့ပြီဖြစ်ပေမယ့် အခုမှာ လူရှေ့သူရှေ့ချပြရတာပါ...
ကားပေါ်ကဆင်းဆင်းချင်း သူငယ်ချင်းတစ်ယောက်က ဗိုက်ဆာတယ်လို့ဆိုတော့ ဈာပနမှာ စတုဒီသာကျွေးရုံတစ်ခုသွားစားလိုက်ပေါ့လို့ပြောပေမယ့် သူငယ်ချင်းဖြစ်သူက ရှက်တတ်လေတော့ ထမင်းကျွေးရုံထဲထိ ကိုယ်တိုင်လိုက်ပို့ရတယ်... ကိုယ်ကဗိုက်မဆာပေမယ့် အဖော်လိုက်ပေးလိုက်ပါတယ်...ကိုယ်ကတော့မရှက်တတ်ပဲ မျက်နှာပြောင်တာကိုး 😄 ထမင်းကျွေးရုံဆိုပေမယ့် ဘုန်းကြီးကျောင်းဖြစ်တော့ တိုက်ကျောင်းတစ်ခုပေါ်တက်စားရတာပေါ့... တိုက်ကျောင်းဖြစ်လေတော့ ကျောင်းပေါ်အတက်မှာ ဖိနပ်ချွတ်ထားခဲ့ရတယ်ပေါ့ဗျာ... ထမင်းစားပြီးလို့ ပြန်ထွက်လာတော့ ကိုယ့်ဖိနပ်ကလေးက ပျောက်ချင်းမလှပျောက်သွားလေတော့ အချိန်အနည်းငယ်စောင့်ပေမယ့်ပေါ်မလာ တွေ့ရာဖိနပ် ပြန်ကောက်စီးခဲ့တာပေါ့... လူလည်ပဲလေ... ကိုယ့်ဖိနပ်ခိုးသွားခံရလေတော့ သူများဖိနပ်ပြန်ခိုးတာပေါ့😁
သူများဖိနပ်ကို ဘယ်ဘဝ ဘယ်အချိန်က ခိုးခဲ့မှန်းမသိ ကိုယ့်ဖိနပ်ခိုးခံရတော့ သူများဖိနပ်ပြန်ခိုးတာပေါ့... ဒါဟာ သံသရာတစ်ပတ်ပြန်လည်အောင် လုပ်မိတာပဲဆိုတာ အဲဒီတုံးက မစဉ်းစားခဲ့မိဘူး... ဒီအကြွေးကို ပြန်ဆပ်ရတော့တာပဲ... မန္တလေးကို ပစ္စည်းသွားဝယ်တဲ့တော့ မရောက်တာကြာပြီဖြစ်တဲ့ မဟာမြတ်မုနိကို ဝင်ရောက်ဖူးမျှောချင်စိတ်ကြောင့် ဘုရားဝင်ကန်တော့ဖြစ်တယ်... မဟာမြတ်မုနိဘုရားရုပ်ပွားတော်ဘေး ဘုရားကန်တော့ဖို့ ထိုင် ဩကာသဆိုတာ ဩကာသတောင် ဆိုမရပဲ အမြှီးအမောက်မတည့်ဖြစ်နေတော့ ဦးသုံးကြိမ်ချလို့ လှည့်ထွက်ခဲ့ပြီး ဖိနပ်ထားရာလှမ်းကြည့်တော့ ဖိနပ်အသစ်ကလေးခမြာ အကြွေးဆပ်ဖို့ ပါသွားပါလေရောလား...
တော်ပြီ... နောက်ထပ် သံသရာအကြွေးမယူတော့ဘူးဆိုပြီး ခြေဗလာနဲ့ ပြန်မယ်ဆိုတော့ မဟေသီ လေဒီ မိဖုရားခေါင်ကြီးက ဘုရားစောင်းတန်းမှာ ဖိနပ်ရောင်းတဲ့ ဆိုင်တွေရှိပါတယ်... အသစ်ပြန်ဝယ်ပြီးစီးပေါ့တဲ့... အခုမှ မန္တလေးမြို့ထဲသွားမှာ ဖိနပ်မပါလို့မဖြစ်ဘူးဆိုပြီး အသစ်တစ်ရံဝယ်ပေးလေတော့ ဖိနပ်အသစ်နဲ့ပြန်ဖြစ်သွားခဲ့တယ်... အဲဒီအချိန်ကစလို့ သံသရာအကြွေးမပါဖို့ သူများပစ္စည်း ယောင်လို့တောင် မျက်စောင်းထိုးမကြည့်တော့ဘူးဗျို့... ရှက်စရာကောင်းတယ်လို့ နားလည်လာတဲ့အချိန်ကစလို့ ကိုယ့်ပစ္စည်း အခိုးခံရတယ်လို့ ပြောရမှာ အတော်ရှက်သွားတယ်... နောက်ထပ် အတွေ့အကြုံတွေရှိသေးပေမယ့် ကြုံမှပဲရေးတော့မယ်... ရှုး-တိုးတိုး နောက်ထပ် ဘယ်သူ့မှ မပြောပြတော့ဘူး... ခင်ဗျားတို့လည်း မပြောပါနဲ့နော် ရှုး-တိုးတိုး
အားလုံးကိုလေးစားလျှက် -