အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
တွေ့ကရာ မြင်ကရာ လက်ကမြင်းလို့ ဓာတ်ပုံတွေရိုက်ရိုက်တင်နေခဲ့တာ အတော်ကြာနေပြီ။ အခုလို မိုဘိုင်းဖုန်းတွေခေတ်စားလာတဲ့ကာလမှာ ကိုယ်တိုင်ဓာတ်ပုံရိုက်တဲ့သူတွေ ပိုပြီးများမယ်ထင်တယ်။ လူငယ်တွေကတော့ Selfie ဆွဲတတ်ကြပြီးတော့ လူကြီးတွေကတော့ အမှတ်တရပုံတွေကိုရိုက်ယူတတ်ကြတယ်။ အစကတည်းက ဓာတ်ပုံရိုက်ယူတတ်တဲ့ ဝါသနာရှိနေလေတော့ မြင်သမျှ ဓာတ်ပုံရိုက်တဲ့ အလေ့အကျင့်တစ်ခု တိုးပွားလာတယ်ဆိုရမှာပဲ။ မြင်ကွင်းကောင်းလေး ရှုခင်းလှလှလေးတွေများတွေရင် ဖုန်းကိုထုတ်လို့ ဓာတ်ဆရာလုပ်တော့တာပဲ။ မတတ်နိုင်ဘူး။ အကျင့်လား ဝါသနာလားတော့ မပြောတတ်တော့ပါဘူး။ ခုလည်းပဲ သွားရင်း လာရင်းနဲ့ တွေ့ကရာတွေကို ရိုက်လာတာ ပုံတင်ပြီးတော့ မျက်စိဒုက္ခပေးလိုက်အုံးမယ် 😁

မိတ္ထီလာဆိုတဲ့မြို့ကိုဖြတ်တော့ မိတ္ထီလာကန်နံဘေးရောက်လာတာပေါ့။ မိတ္ထီလာကန်နားရောက်လာတော့ လက်ကမြင်းတတ်တဲ့ဝါသနာအရ ကန်ရဲ့အလှအချို့ကို ဓာတ်ဆွဲလိုက်တာပေါ့။ မိတ္ထီလာကန်ဆိုတာကလည်း အထင်ကရကန်ကြီးတစ်ခုမဟုတ်လား။ ရှေးရှေးကာလ ဘိုးစဉ်ဘောင်ဆက် ပြောစကားအရ ကမ္ဘာဦးကတည်းကရှိနေတဲ့ကန်လိုလို ဘာလိုလိုတော့ကြားမိတာပဲ။ ဟုတ်တာလား မဟုတ်ပဲ ဂျင်းပဲထည့်ခဲ့ကြလေသလားဆိုတာတော့ ဘယ်သူမှမသိနိုင်ကြတော့ဘူး။ မိတ္ထီလာကန်ကို သျှစ်သျှားလို့ခေါ်တဲ့အပင်တွေ ပေါက်နေလို့ သျှစ်သျှားကန်လို့လည်းခေါ်ခဲ့ကြသတဲ့။ မင်္ဂလာကန် မေတ္တာကန် စတဲ့ အမည်နာမတွေလည်း တွင်ခဲ့တယ်လို့မှတ်သားဖူးပါတယ်။


အမည်နာမဆိုတာက ဘယ်လိုပဲခေါ်ခေါ်ပါ။ သမိုင်းတွေထဲမှာဖတ်ရင် စိတ်ထဲတစ်ခုခုလိုနေသလိုလိုခံစားနေရတတ်လို့ သမိုင်းစာတွေကို ပျင်းရင်တောင်မဖတ်ဖြစ်ခဲ့တာ နှစ်ပေါင်းအတော်ကြာသွားခဲ့ပါပြီ။ မိတ္ထီလာကန်ကို အစွဲပြုလို့ အနော်ရထာမင်းကြီးက မြို့ကို မိတ္ထီလာမြို့ရယ်လို့ သမုတ်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။ နှစ်ထောင်ချီနေ့တဲ့အရာတစ်ခုလို့ပြောရမယ့် ကန်က မိတ္ထီလာကန်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းတွေထဲမှာ ဘုရားရှင်တောင်ကြွလာခဲ့တဲ့ကန်လို့ဆိုထားတာကိုး။ တကယ်တော့ မိတ္ထီလာကန်က ရေလှောင်ကန်အမျိုးအစားလို့သိရပါတယ်။ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ရှိနိုင်ပေမယ့်လည်း သမိုင်းကိုမဖတ်ဖြစ်တော့ပါဘူး။ ဂျင်းတွေရော ကြက်သွန်နီ ကြက်သွန်ဖြူတွေပါ ပါနေတယ်လို့ ထင်လို့ပါ။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။


အမှန်နိုင်ဆုံးကတော့ လက်ရှိမြင်တွေ့ရတဲ့ ကန်ရဲ့ အလျား အနံ အကျယ်အဝန်းပဲဖြစ်ပါတယ်။ ကျန်တာတွေ မှန်တာ မှားတာ မသိတော့ပါဘူး။ ကန်ရဲ့ အလျားက အကျယ်ဆုံးနေရာမှာ (၇)မိုင် အနံက အကျယ်ဆုံးနေရာမှာ မိုင်ဝက်ရှိတယ်လို့ ဖော်ပြကြပါတယ်။ စတုရန်းဧရိယာက ၃.၅ စတုရန်းမိုင်ရှိတယ်ပေါ့။ မှန် မမှန် သိချင်တယ်ဆိုရင်တော့ လက်တွ့ သွားတိုင်းကြည့်ကြပေတော့။ မိတ္ထီလာကန်က ကန်(၂)ကန်ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ (၂)ကန်ပေါင်းစပ်ထားပေမယ့် ရေပြင်ကတော့ တစ်ဆက်တစ်စပ်တည်းပဲဖြစ်ပါတယ်။


တောင်ဘက်ခြမ်းက ကန်ကို တောင်ကန် လို့ခေါ်သလို မြောက်ဘက်ခြမ်းက ကန်ကို မြောက်ကန်လို့ခေါ်ပါတယ်။ အဲ-ထူးဆန်းတာတစ်ခုကတော့ မိုးရာသီကာလတွေမှာ မိုးရွာသွန်းတဲ့ရေတွေ မြောက်ကန်ထဲကို စီးဝင်ပြီး ကြည်လင်သွားမှ တောင်ကန်ထဲကို စီးဝင်ပါသတဲ့။ ကြည်လင်နေတဲ့ရေနဲ့ နောက်ကျိနေတဲ့ရေတွေဟာလည်း ဘယ်တော့မှ မရောနှောဘူးလို့သိရပါတယ်။ ရေကန်ဟာလည်း အကြောင်းမဲ့သက်သက် နောက်ကျိခြင်းမရှိဘူးလို့ဆိုပါတယ်။ အံ့ဖွယ်ကိုးပါးရှိတယ်လို့တော့ဆိုပါတယ်။ ဘယ်လိုအံ့ဖွယ်လည်းဆိုတာတော့ မသိပါဘူး။ အမှိုက်ကင်းတယ်။ မကောင်းတဲ့အနံ့အသက်မရှိဘူး။ ဒိုက် ရေမှော် ကြာပင်စတဲ့အပင်တွေလည်း မပေါက်ဘူး။ ငါးရံ့ ငါးပူတင်း ငါးခူ စတဲ့ ငါးမျိုးတွေ မရှိဘူးလို့ဆိုပါတယ်။ အတိတ် နိမိတ်ပြတတ်တယ်။ နတ်ကြီးတယ်လို့လည်း ဆိုကြပါတယ်။ ဒီထက်ပိုပြီး သိလိုရင်တော့ ကိုယ်တိုင်သာ ရှာဖတ်ကြပါတော့။
အားလုံးကို လေးစားလျှက် -