ဒီနေ့ ASEAN Championship Hyundai Cup Group A ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များ ရှိ၏။ အကယ်လို့ မြန်မာအသင်းသာ အုပ်စု အဆင့်က တက်နိုင်ခဲ့ရင် Group A က အသင်းတွေနှင့် တွေ့နိုင်သည်မို့ အဆိုပါ အုပ်စုက အသင်းတွေ အနေအထားကိုလည်း စောင့်ကြည့်ထားဖို့ လိုမည် ဖြစ်၏။ Group A မှာ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ ကမ္ဘောဒီးယားတို့ ပါဝင်နေ၏။
မြန်မာ အသင်း ပါဝင်နေသည့် Group B မှာ လိုပင် နောက်တဆင့် တက်ဖို့ အသင်း ၃ သင်း အကြိတ်အနယ် ရှိနေခဲ့၏။ ဒီနေ့ ပွဲစဉ်တွေက ဘယ်အသင်း တက်မယ် ဆိုတာ အဆုံးအဖြတ် ပေးသွားပေလိမ့်မည်။ ဗီယက်နမ်က ၇ မှတ်ဖြင့် အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၁၊ စင်္ကာပူက ၇ မှတ်ဖြင့် အဆင့် ၂၊ အင်ဒိုနီးရှားက ၆ မှတ်ဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေ၏။
ဒီနေ့ မြန်မာ စံတော်ချိန် ၇ နာရီခွဲမှာ စင်္ကာပူနှင့် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ တချိန်ထဲ ယှဉ်ပြိုင်သွားရဖို့ ရှိနေ၏။ ဗီယက်နမ်က ကမ္ဘောဒီးယားနှင့် ရင်ဆိုင်ရမှာ ဆိုတော့ နောက်တဆင့် တက်ပြီဟု ကြိုပြောထားလို့ ရပြီ ဖြစ်၏။ ကမ္ဘောဒီးယားသည် ဗီယက်နမ်၏ ပြိုင်ဘက် မဟုတ်ပေ။ ကြည့်ကောင်းမှာက စင်္ကာပူနှင့် အင်ဒိုနီးရှား ပွဲစဉ် ဖြစ်၏။
သရေကျရုံဖြင့် စင်္ကာပူ နောက်တဆင့် တက်မည် ဖြစ်ပြီး အင်ဒိုနီးရှားကတော့ အနိုင်ရမှကို ဖြစ်ပေလိမ့်မည်။ စင်္ကာပူကော အင်ဒိုနီးရှားကော ကမ္ဘောဒီးယားနှင့် တီမောတို့ကို အနိုင်ကစားထားခဲ့ကြပေမဲ့ စင်္ကာပူက ဗီယက်နမ်နဲ့ သရေ၊ အင်ဒိုနီးရှားကမူ ဗီယက်နမ်ကို ရှုံးနိမ့်ထားခဲ့၏။ ထို့ကြောင့် အင်ဒိုနီးရှား အနေဖြင့် နောက်တဆင့်တက်နိုင်ဖို့ စင်္ကာပူကို မဖြစ်မနေ အနိုင်ကစားဖို့ လိုမည် ဖြစ်၏။
နက်ဖြန် ထိုင်းနှင့် မြန်မာ၏ ASEAN Championship Hyundai Cup အုပ်စု နောက်ဆုံးပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာစံ ည ၇ နာရီခွဲတွင် ကစားမည် ဖြစ်၏။ ထို့အတူ မလေးရှားနှင့် ဖိလစ်ပိုင် အသင်းတို့၏ အုပ်စု နောက်ဆုံး ပွဲစဉ်ကို တချိန်ထဲ တပြိုင်ထဲ ကစားမည် ဖြစ်၏။
(photos from ASEAN Championship Hyundai Cup page)