ဘာလုပ်ကြမည်နည်း

andyap(36)
Published in
#myanmar
Words
157
Reading
1 min
Listen
Play
8y

မနေ့ကရုံးမှာစကားပြောရင်း လုပ်ဖော်ကိုင်ဖက်တယောက်က သူ၏ညီမဖြစ်သူမှာ လောလောလတ်လတ်ဘွဲ့ရပြီး အဂ်လိပ်စာသင်တန်းတက်ချင်သည်ဆို၍ မည်သည့်သင်တန်းတက်လျှင်ကောင်းအံ့ဟု အကြံဉာဏ်တောင်းလာသည်။ ကျနော့်မှာပုံမှန်အားဖြင့် သူများတကာကိုအကြံဉာဏ်ပေးလေ့မရှိပါ။ များသောအားဖြင့်ကျနော်တို့ဗမာတွေကအစွန်းရောက်သည်။ အကြံပေးလျှင် လုံးဝလိုက်မလုပ်သူနှင့် ပေးသောအကြံကိုမိမိ၏အခြေအနေနှင့်လျှော်ညီစွာ ပြုပြင်စီမံခြင်းမရှိပဲ အတုံးလိုက်အတစ်လိုက် အကောင်အထည်ဖော်သူဟူ၍နှစ်မျိုးသာရှိသောကြောင့်ဖြစ်သည်။ ကိုယ့်အကြံအတိုင်းလုပ်လို့အောင်မြင်သွားလျှင်တော်သေး၏။ မအောင်မြင်လျှင်အချောင်အဆဲခံရမည်ဖြစ်သည်။ ထို့ကြောင့်အကြံပေးခဲသည်။ သို့သော်ယခုမူ ဘွဲ့ရခါစလူငယ်ဆိုသဖြင့်ဝင်လျှာရှည်မိသည်။ မိမိခေတ်ကပြောမည့်သူမရှိ ပြမည့်သူမရှိ၊ လူကြီးတွေစကားထဲ လမ်းဆုံးကာယောင်ဝါးဝါးဘဝကအတော်ကြာခဲ့သဖြင့် နောက်တက်ကလေးတွေကိုတော့ တတ်နိုင်သမျှပြောပြချင်သည်။

အခုလည်းကြည့် တက္ကသိုလ်တက်ပြီးကာမှ အဂ်လိပ်စာတက်မည်တဲ့။ ကျနော်ကဘာလုပ်ချင်လို့တက်မှာလဲမေးသည်။ “ဘာမှတော့မဟုတ်ပါဘူး။ တောကဆိုတော့ကျောင်းပြီးတယ်၊ စပီကင်တက်မယ်၊ အဲ့လိုပေါ့” ဆိုတော့ကျနော်ကပြောရသည်။ စပီကင်ဆိုတာကို သင်တန်းမတတ်သင့်သည့်အကြောင်း။ တကယ်တော့အဂ်လိပ်စာသင်ရသည့်ရည်ရွယ်ချက်မှာ အဂ်လိပ်ပြောတာကိုနားလည်ပြီး ပြန်ပြောတတ်ဖို့သာဖြစ်သည်။ ပြောတတ်ရင်ရပြီ။ ဘာဌာန်ကရိုဏ်းမှကျဖို့မလို။ ကိုယ်ပြောတာသူနားလည် သူပြောတာကိုယ်နားလည်လျှင်ပြီးပြီ။ အဂ်လိပ်လိုရေးထားသည့် အင်တာနက်မှလေ့လာဖွယ်ရာများ၊ Youtubeမှပြောသည်များကို နားလည်လျှင်ဖတ်နိုင်ရင်ရပြီ။(ကိုယ့်လုပ်ငန်းလိုအပ်ချက်က အဂ်လိပ်စကားကို လန်ဒန်သံ Queen’s English ပြောတတ်မှရမည်ဆိုလဲ တမျိုးပေါ့) Speaking သင်တန်းကိုဇောင်းပေးတက်ဖို့မလို။ မိမိလုပ်မည့်အလုပ်၏ဆိုင်ရာ ဗဟုသုတပညာရပ်များကိုသာ ဇောင်းပေးလေ့လာသင့်သည်။ အဂ်လိပ်စကားဆိုတာ ပညာရပ်ဆိုင်ရာများကို ရှာဖွေဖတ်ရှုလေ့လာရင်း၊ ဂိမ်းကစားရင်း၊ ရုပ်ရှင်တွေကြည့်ရင်းဖြင့် ဖတ်တတ်ပြောတတ်သွားမည်သာဖြစ်သည်။ ဌာန်ကရိုဏ်းကျဖို့ သိပ်မလို။ စင်ကာပူသားတွေ Singlish ဖြင့်လုပ်စားနေကြတာ အခုမြင်တဲ့အတိုင်းပဲ။

ကျနော်တို့မြန်မာလူငယ်တွေ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်မှာ ကြာပြီဟုပြောသည့်အချိန်ကာလထက်ကြာနေပြီ။ ငယ်စဉ်ကတည်းကမိမိဖြစ်ချင်သည့်၊ ဝါသနာပါသည့်၊ ရူးသွပ်သည့်အလုပ်ကို လုပ်ခွင့်ပေးမထားသောပညာရေးနှင့် လူကြီးမိဘတွေကြားအူကြောင်ကြောင်ဖြစ်နေကြသည်မှာ ကျနော်တို့ကိုယ်တိုင်ပင်ပါဝင်ခဲ့သည်။ ကျနော်တို့နောက်သလိုပြောင်သလိုပြောခဲ့ကြသည့် “ဆရာဝန်ကြီးလုပ်မှာလား၊ စစ်ဗိုလ်ကြီးလုပ်မှာလား”ဆိုသည်မှာ တကယ်တော့အမှန်ဖြစ်သည်။ စဉ်းစားကြည့်လေ။ မြန်မာသမိုင်းတလျှောက် အင်ဂျင်နီယာသမ္မတ၊ သမိုင်းပါမောက္ခဝန်ကြီးချုပ် ဘယ်တုန်းကတွေ့ဖူးခဲ့လို့တုန်း။ အခု NLDအစိုးရခေတ်ကျမှ စာပေပညာရှင်သမ္မတ၊ ရှေ့နေသမ္မတတွေ့ဖူးကြတာမလား။ ကျောင်းစနေကတည်းက ဦးနှောက်ကိုမန်မိုရီစတစ်သာသာဖြစ်အောင်လုပ်လာခဲ့သော ပညာရေးနှင့်ကြုံခဲ့ရသည်။ အဆင့်တစ်ရအောင်သာပြိုင်သည်။ ပူးပေါင်းဆောင်ရွက်မှု၊ Teamwork စသည်ဖြင့်လေ့ကျင့်ပေးလေ့မရှိခဲ့။ ကျောင်းစာကလွဲတခြားဝါသနာပါလျှင်အားမပေးချင်။ ကျနော်တို့က ဘာလုပ်ချင်လုပ်ချင် “၁၀တန်းပြီးမှ”ဆိုသောအချိန်တွင် တကမ္ဘာလုံးက မွေးကတည်းက ကိုယ်ဝါသနာပါရာကိုထူးချွန်စွာလုပ်ရင်း ကျော်တက်သွားကြပြီ။ ပြောရရင်တော့ လူငယ်တွေလမ်းပျောက်တာ လူငယ်တွေအပြစ်မဟုတ်၊ လူကြီးတွေအပြစ်ဖြစ်သည်။

အခုစပီကင်တက်ချင်သည့် ကလေးကိုတော့ သူလည်းစိတ်ချမ်းသာစပီကင်ဆိုတာလည်းဖြစ်အောင်၊ သူ့ခမျာလည်း set goal ဆိုတာမရှိသေးသဖြင့် လမ်းစလေးဘာလေးလည်းရအောင် English communityတစ်ခုဖြစ်သည့် American Center ကိုသွားခိုင်းလိုက်ပါသည်။ အဲ့ဒီမှာတော့ အဂ်လိပ်စာအပြင် တခြားဝါသနာပါရာကွန်မြူနတီလေးတွေရှိသည်။ ဝင်လုပ်ရင်း ကိုယ်နဲ့စပ်ဟပ်ရာတွေ့သွားရင်း လမ်းစပေါ်သွားနိုင်သည်။ ကျနော်တို့ပညာရေးက ဘာလုပ်ချင်လုပ်ချင်၊ ဆယ်တန်းပြီးမှ၊ ဆရာဝန်ကြီးဖြစ်မှ၊ ဘွဲ့တခုခုရမှဆိုတော့ အဲ့ဒါတွေအားလုံးပြီးတော့ အတော်နောက်ကျ အသက်ကြီးကုန်ပြီ။ မထူးဇာတ်ခင်းရင်း ကိုယ်ဝါသနာမပါသည်ကို တသက်လုံးကန့်လန့်ကြီး တရွတ်တိုက်ဆွဲချင်လည်း ဆွဲသွားနိုင်သည်။ လက်ရှိmindsetတွေပြောင်းမှ၊ mass-adoptionဖြစ်မှ၊ proper education ဖြစ်မှလူငယ်တွေလမ်းပြန်တွေ့မည်ဖြစ်သည်။ ကျနော်တို့၃၀တန်းတွေကတော့ အချိန်လွန်ပြီ၊ လက်ရှိလုပ်နေသည့်အရာများကို ရွေးချယ်ခွင့်မရှိ ပိုကောင်းအောင်လုပ်၍ နောင်တက်လာမည့်ကလေးများအတွက် လမ်းမှန်ပြပေးဖို့သာရှိတော့သည်။

ဘာလုပ်ကြမည်နည်း | Ecency