မုန်လာဥနဲ့ကြက်ဥ

image
မုန်လာဥနှင့်ကြက်ဥ
၂၀၀၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ပေါ်လာခဲ့ပါသည် ။ မကွေးတိုင်းမှာ ဖြေဆိုသူ ( ၉၀၀၀၀) ဝန်းကျင်ခန့် ရှိပါတယ် ။ (၂၀၀၀၀ ) ဝန်းကျင်သာလျှင် အောင်မြင်ပါတယ် ၊ အောင်ချက်ရာခိုင်နှုန်း ၂၈.၀၁ ရာခိုင်နှုန်းရှိပါတယ် ။ ဒီအောင်ချက်ရာခိုင်နှုန်းများကို သတင်းစာထဲတွင် ဖတ်ခဲ့ရပါတယ် ။
ဒါပေမဲ့ သင်တန်းကျောင်းတွေ ၊ ကျူရှင်ကေိာင်းတွေ ၊ ကြော်ငြာတွေထဲတွင် အောင်ချက်ရာခိုင်နှုန်းကို (၈၀ ) ရာခိုင်နှုန်းကျော် ၊ ( ၉၀ ) ရာခိုင်နှုန်းက်ေတွေ ရေးထားချက်များ တွေ့ရှိရပါတယ် ။ စဉ်းစားစရာများဖြစ်လာပါပြီ ။
တခြို့ဆိုလျှင်လည်း ကိုယ်လိုချင်တဲ့ ဂုဏ်ထူးအရေအတွက်မရလို့ စိတ်ညစ်နေတဲ့ ကျောင်းသားတွေလည်း တွေ့ရပါတယ် ။ တချြို့ကျတော့ စာမေးပွဲကျ၍ ဝမ်းနည်းနေကြပါတယ် ။ သတင်းစာတွေထဲမှာ ထူးချွန်သူတွေကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုလွှာတွေ မြင်ရ ၊ တွေ့ရ ၊ ဖတ်ရတာ ဝမ်းသာစရာပါ ။ ဒါပေမဲ့ ကျရှုံးသော ကျောင်းသားများအတွက် အားပေးတဲ့စာတွေ ၊ စိတ်ဓါတ်ကို မြှင့်တင်ပေးနိုင်တဲ့ ခွန်အားပြည့်စကားတွေကို ပြောဖို့တာဝန်ကို မေ့နေကြပါတယ် ။
ဒီအတွက် ကျွန်မ ဆယ်တန်းကျောင်းသူဘဝ ၊ '' ဘိုင်အိုဘာသာပြဆရာမရဲ့ '' ဆုံးမပုံလေးကို သတိရမိပါတယ် ။
ဆရာမအိမ်နှင့် ကျွန်မအိမ်သည် မျက်စောင်းထိုးလေးတွင် ရှိပါသည် ။ ဆရာမ ကျောင်းသွားတိုင်း ၊ ကျောင်းပြန်တိုင်း ကျွန်မက နေ့စဉ် ကျောင်းဖွင့်ရက်များတွင် ဆွဲခြင်းဆွဲပေးနေကျဖြစ်သည် ။ တစ်ရက်မှာတော့ ဆရာမ ခြင်းတောင်းထဲက မုန်လာဥတစ်စည်းနှင့် ကြက်ဥနှစ်လုံး ပါလာတာကို ကျွန်မသတိပြုမိပါတယ် ။ ဘိုင်အိုဘာသာရပ်ဆိုတော့ မုန်လာဥအကြောင်းများ သင်လေမလားလို့ ကျွန်မတွေးနေမိတယ် ။
စာသင်ခန်းထဲရောက်တော့ ဆရာမက ဒီလို စကားစပါတယ် ။
''ဒါ မုန်လာဥပဲ ။ ဟောဒါက ကြက်ဥ ၊ တွေ့ကြသလား''
မုန်လာဥနဲ့ ကြက်ဥဆိုတာ ကျွန်မ မြင်ဖူးနေသမျှပစ္စည်းတွေပဲ ။ ဘာဆန်းတာမှတ်လို့ ။ ဆရာမက မုန်လာဥနဲ့ကြက်ဥကို အရေးတယူလုပ်ပြီး ဘာလို့များ ပြောနေပါလိမ့်လို့ တစ်တန်းလုံး စဉ်းစားနေကြပါတယ် ။
''ဒီလိုပဲ ၊ ကျောင်းသားနှစ်မျိုးရှိတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆယ်တန်းအောင်စာရင်းထွက်တယ် ၊ မုန်လာဥတွေ စာမေးပွဲကျတယ် ၊ ကြက်ဥတွေ စာမေးပွဲအောင်ကြတယ် ''
ကျွန်မတို့တစ်တန်းလုံး တဝါးဝါးနဲ့ ရယ်လိုက်ကြတယ် ။
'' ဘာမှ နားမလည်ဘဲ ရယ်မနေကြနဲ့ ။ မုန်လာဥလို ကျောင်းသားတွေ ရှိတယ် ။ ကြက်ဥလိုကျောင်းသားနွေ ရှိတယ် ။ သိကြရဲ့လား ''
ဆရာမ ပြောတာကို ဘယ်သူမှလနားမလည်ကြပါ ။
'' ကဲ. . .အတန်းခေါင်းဆောင် ထွက်ခဲ့စမ်း ၊ ရေနွေးအိုး တည်လိုက် ''
စာသင်ခန်းထဲမှာ လျှပ်စစ်ရေနွေးအိုးရှိပါတယ် ။ အတန်းခေါင်းဆောင်က ရေနွေးတည်ဖို့ ပြင်ဆင်ပါတော့တယ် ။
'' ကဲ. . .မုန်လာဥကို လာကိုင်ကြည့်စမ်း''
ရှေ့ဆုံးက ကျောင်းသူတစ်ယောက် ဘုမသိ ဘမသိနဲ့ မုန်လာဥကို လက်နဲ့ သွားပြီး ကိုင်ပါတော့တယ် ။
''မုန်လာဥက မာသလား ၊ ပျော့သလား''
''မာပါတယ် ဆရာမ''
''ကဲ. . .ရော့ ၊ ဒီ ကြက်ဥကို ကိုင်ထား ၊ ပြီးရင် ကြမ်းပြင်ပေါ် ပစ်ချလိုက် ၊ ဘာဖြစ်သွားမယ် ထင်သလဲ ''
''ကွဲသွားမှာပါ ဆရာမ''
အဲ့ဒီ အချိန်မှာ ရေနွေးအိုးက ပွက်ပွက်ဆူနေပါပြီ ။ အဲ့ဒီ ရေနွေးအိုးထဲကို မုန်လာဥနဲ့ ကြက်ဥ ထည့်လိုက်ပါတယ် ။
ပြီးတော့ ဆရာမက သူသင်စရာရှိသော စာတွေကို ကြိုးစားပန်းစား သင်ပါတယ် ။ မိနစ် ၂၀ လောက်ကြာမှ မုန်လာဥနဲ့ ကြက်ဥကို ဆယ်ခိုင်းပါတယ် ။ မုန်လာဥက ပျော့နေတယ် ။ ကြက်ဥကတော့ မာလာတယ် ။ ဆရာမက ပျော့နေတဲ့ မုန်လာဥကို ကိုင်ပြီး ဒီလိုဆုံးမစကား ပြောပါတော့တယ် ။
'' မုန်လာဥလို ကျောင်းသားတွေ အများကြီးရှိတယ် ။ ကျောင်းဖွင့်စမှာတော့ မိုးတလုံး လေတလုံးနဲ့ အပြောကြီးလိုက်တာ ။ ဒီနှစ် ၅/၆ဘာသာ ပါရမယ် ၊ စာကြိုးစားမယ် ၊ မိဘစကားနားထောင်မယ် ၊ ရည်းစား မထားဘူး ၊ ကျောင်း မပြေးဘူး ၊ ကျောင်း မှန်မှန်တက်မယ် ၊ စည်းကမ်း လိုက်နာမယ် ၊ အိမ်စာပေးရင် လုပ်မယ် ၊ မပျင်းဘူး ။ ရည်မှန်းချက်ကဘယ်လို ၊ ဘယ်လောက်ထိ အောင်မြင်မှုတွေ ရအောင် ယူမယ် ။ ဒီလိုနဲ့ နှစ်လယ်လည်း ရောက်ရော ရည်းစားက ထားချင်လာပြီ ၊ ကျောင်းက ပြေးတတ်လာပြီ ။ မိဘစကား ၊ ဆရာ့စကား နားမထောင်ချင်တော့ဘူး ။ ညဆိုရင်လည်းစာကို စိတ်မဝင်စားဘူး ။ သီတင်းကျွတ် ပထမအစမ်းမှာ ဂုဏ်ထူးထွက်ဖို့ နေနေသာသာ နှစ်ဘာသာ ၊ သုံးဘာသာ ကျကုန်ရော ။
ဒီလိုနဲ့ ဒုတိယအစမ်း ရောက်လာ ၊ စာမေးပွဲကြီး ရောက်လာ ။ မုန်လာဥလိုပဲ ၊ ရေနွေးထဲ မိနစ် ၂၀ လောက်ထည့်လိုက်တာ ၊ ချက်ခြင်း ပျော့သွားကြတယ် ။ နှစ်စတုန်းက ခံယူချက်တွေ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး ။ နှစ်လယ်မှာ အားပျော့ ၊ နှစ်ဆုံးမှာ အားကုန် ၊ ဒီလိုနဲ့ စာမေးပွဲကြီးဖြေ အောင်စာရင်းထွက်ခါနီးမှာ မော်ဒရေးရှင်းနဲ့များ ၊ အောင်လေမလား စဉ်းစား ၊ အဲ့လိုကျောင်းသားတွေကို မုန်လာဥလို ကျောင်းသားတွေလို့ ခေါ်တယ် ''
ကျွန်မတို့ တစ်တန်းလုံး ကျိတ်ပြုံးလေး ပြုံးကြပါသည် ။
''ကဲ. . . ကြက်ဥကို ကြည့်လိုက်စမ်း ၊ ရေနွေးနဲ့ထိလေလေ မာလေလေပဲ ဝီရိယရှိလေလေ ၊ ကြိုးစားလေလေပဲ ။ စားမေးပွဲကြီးနီးလေလေ အလုပ်လုပ်လေလေပဲ ။ စာမေးပွဲ ဖြေတဲ့အချိန်အထိ စာကိုမကြောက်ဘူး ၊ ဇွဲရှိကြတယ် ။ ကြက်ဥလိုကျောင်းသားတွေကတော့ ဂုဏ်ထူးတွေနဲ့ အောင်သွားကြတာပေါ့ ''
ကျွန်မတို့တစ်ခန်းလုံး ဆရာမရဲ့စကားကို သဘောပေါက်ပြီး ခေါင်းတညှိမ့်ညှိမ့် လုပ်နေတော့သည် ။
''မုန်လာဥလား ၊ ကြက်ဥလား ၊ ကိုယ့်ကိုကိုယ်စဉ်းစား ၊ မုန်လာဥမလုပ်နဲ့ ၊ ဒါပဲ ''
''ကဲ. . .ဒီတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မနှစ်က '' မုန်လာဥ'' လုပ်လို့ ကျရှုံးခဲ့ပြီ ။ ဒီနှစ်တော့ ''မုန်လာဥ'' မလုပ်ကြပါနဲ့တော့ ''
ရေနွေးနဲ့တွေ့လေလေ မာလေလေဖြစ်တဲ့ ကြက်ဥလို စာနဲ့တွေ့လေလေ ကြိုးစားလေလေဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ ကျောင်းသား ၊ ကျောင်းသူတွေဖြစ်ဖို့ သည်စာနဲ့တိုက်တွန်းလိုက်ပါတယ် ။
image
written by @rattioo
photos credit by google
MSC-206

H2
H3
H4
3 columns
2 columns
1 column
38 Comments
Ecency