Futsal ကို ချိန်းပွဲ ၂ ချိန်ဆက် ကန်တာနှင့် ပြိုင်ပွဲ ၂ ချိန်ဆက် ကန်တာက မတူပေ။ ချိန်းပွဲ ၂ ချိန်ဆက်က ကစားသမား ၉ ယောက် ရှိရင်ကို အဆင်ပြေ၏။ ဂိုးသမား တဦးနှင့် ကျန် ကစားသမား ၈ ယောက်က ၄ ယောက် နှစ်ဖွဲ့ အလဲအလှယ် ကစားလို့ရ၏။ ပြိုင်ပွဲ မဟုတ်သည့် သာမန်ပွဲတွေ၊ အချင်းချင်းသော်လည်းကောင်း၊ ချိန်းပွဲတွေသော်လည်းကောင်း ပွဲတွေကန်ကြရင် Futsal ကွင်းချိန်က ၁ နာရီယူရ၏။ ၁ နာရီကို ၁ ချိန် သတ်မှတ်၏။ ၁ နာရီကနေ ၁ နာရီခွဲ၊ ၂ နာရီ မိမိတို့ အဆင်ပြေသလို ယူလို့ရ၏။
ပြိုင်ပွဲတွေမှာတော့ မိနစ် ၂၀ စီ ၂ ပိုင်း ကစားကြရ၏။ ၁၁ ကစားသည့် ဘောလုံး လို နာကျင်အချိန်ပို မရှိပေ။ မိနစ် ၂၀ ကွက်တိ လိုလည်း မလို၊ ပိုလည်း မပို ကစားရ၏။ အဆိုပါ မိနစ် ၂၀ က ဘောလုံး ကွင်းထဲ ဘောလုံး ရှိနေသည့် အချိန် ဖြစ်၏။ ဘေးအောက်တို့ ဂိုးအောက်တို့ ဆိုရင် အချိန်ရပ်ထား၏။ စပေးဘော ပြန်ပေးမှ အချိန် ပြန်မှတ်၏။
ဒါဆို ချိန်းပွဲ ၂ ချိန်ဆက်က ပြိုင်ပွဲ ၂ ချိန်ဆက်ထက် ပိုပင်ပန်းမှာပေါ့ဟု အလွယ်မှတ်ချင် မှတ်လို့ရ၏။ အချိန် ပိုများနေသည်ကိုး။ တကယ်တမ်းက မဟုတ်ပေ။ ပြိုင်ပွဲ ၂ ချိန်ဆက်က ပိုပင်ပန်း ပိုမော၏။ ၂ ချိန်ဆက်မှ မဟုတ် ၁ ချိန်ချင်း တူရင်တောင် ပြိုင်ပွဲ ၁ ချိန်က ပိုပင်ပန်း ပိုမော၏။ ပိုလည်း အားထုတ်ရ၏။ ပြိုင်ပွဲ ဆိုသည့် အသိ ဖိအားက ပြင်းသည် မလား။
(photo from Facebook page)
အချင်းချင်း ကန်နေကြသူတွေပင် ပြိုင်ပွဲ ဆိုသည့် ခေါင်းစဉ်အောက် ရောက်သွားတော့ ကစားရတာ အတော်လေး သိသာသွား၏။ နိုင်ငံ အဆင့် ကမ္ဘာ အဆင့် ပွဲတွေ ကစားရသူတွေ အဖို့ဆို ပိုလို့ပင် သိသာမည် ထင်၏။ ပြိုင်ပွဲဆိုသည့် ခေါင်းစဉ် ဖိအားကြောင့် ပုံမှန်ပြနေကြ ခြေစွမ်း အဆင့်အတန်းမျိုးတောင် မပြနိုင်သည့် သူတွေလည်း ရှိ၏။ ကျနော် ကိုယ်တိုင်လည်း သာမာန်ထက်ကို ပိုပြီး ရုန်းကန်ရ၏။
ပြိုင်ပွဲ ၂ ချိန်ဆက် ကန်ပြီးနောက် လူလည်း အတော်လေး မောပန်းသွားခဲ့၏။ ကြွက်သားတွေလည်း နာ၏။ တကယ်တော့ ကျနော် တခု မေ့သွား၏။ YouTube မှာ highway စက်ဘီးစီးသည့် လူတွေ သောက်သည့် energy jel ထုပ်လေးကိုပေါ့။ ၄၅ မိနစ် သို့မဟုတ် ၁ နာရီကျော်လောက် လုပ်ရသည့် အားကစား အမျိုးအစားတွေအတွက် သင့်တော်သည်ဟု ဆို၏။ ခန္ဓာကိုယ်က ကုန်ခမ်းသွားသည့် စွမ်းအင်တွေကို အချိန်တိုတွင်း ပြန်လည် ဖြည့်တင်းပေးသည်ဟု လို့တော့ reviewer တွေက ဆိုကြ၏။
အမှန်တော့ စမ်းကြည့်လိုက်ရမှာ။ နောက်များ ၂ ချိန်ဆက် ပွဲတွေ ကစားဖြစ်မည်ဆိုရင် တထုပ်လောက် စမ်းကြည့်ဦးမှပါ။ အထုပ်က အကြီးကြီး မဟုတ် အသေးလေးရယ်။ အထုပ်သေးပေမယ့် ဈေးကတော့ မသေးပေ။ ၆၅၀၀၊ ၇၅၀၀ လောက်ရှိ၏။ သောက်ကြည့်ပြီးမှ ပြန်လာ ပြောပါဦးမည်။
(Photo from Facebook page)