မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ ကြက်ကြော်ပါဗျို့။ စားကြပါဦးလား။
မြို့က အချို့ဆိုင်တွေမှာ ရောင်းချသော ကြက်ကြော်ကို ဝယ်စားပြီး သူတို့ကြက်ကြော်လို အတွင်းသားနုအိပြီး စားကောင်းတဲ့အရသာမျိုး ကြော်စားကြည့်ရန် စိတ်ကူးခဲ့ပါတယ်။
သူတို့၏ ကြက်ကြော်နည်းကိုတော့ မသိပါဘူး။
ကိုယ် ဝယ်စားခဲ့တဲ့ အရသာပုံကြည့်ပြီး စမ်းသပ်ကြော်ဖြစ်ခဲ့တာပါ။
ပထမဆုံး ကြက်သားတုံးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောခဲ့ပါတယ်။
ပြီးတော့ ဆား၊ နနွင်း၊ ဟင်းခတ်မှုန့် နှင့် ခရုဆီ စသည်တို့ဖြင့် အရသာဝင်အောင် နယ်ကာ နှပ်ထားပါတယ်။
ကြက်သားကို မုန့်နှစ်ဖြင့် ဖုံးအုပ်ကာ ကြော်မည်ဖြစ်သောကြောင့် သုံးမျိုးစပ်အမှုန့်၊ ကြက်ဥ၊ ဆား၊ ဟင်းခတ်မှုန့် နှင့် ရေ တို့ သမအောင် မွှေပေးထားပါတယ်။
ပြီးတော့ ကြက်သားတုံးများကို မုန့်နှစ် သုပ်လူးပြီး ဆူပွက်နေသော ဆီဒယ်အိုး ထဲ ထည့်ကာ ကြော်လိုက်ပါတယ်။
ကြက်သားတုံးများ နီရဲလာသောအခါ ဆည်ယူထားပါတယ်။
ထိုနောက် နောက်ဒယ်အိုးတစ်ခုထဲ ခရုဆီ နှင့် ခရမ်းချဉ်ဆော့ ထည့်ကာ မီးဖိုပေါ် တင်လိုက်ပါတယ်။
ခုဏက ကြော်ထားသော ကြက်ကြော်များကို ဆော့ခရုဆီဒယ်အိုး ထဲသို့ ထည့်ကာ သမအောင် မွှေပေးလိုက်ပါတယ်။
အဲဒီနောက်မှာတော့ အရောင်အဆင်းလှသော ကြက်ကြော်ကို ရရှိခဲ့ပါတယ်။
ကြက်သားကို မုန့်နှစ်ဖြင့် ဖုန်းအုပ်ထားတော့ အတွင်းသားက မမာဘဲ နုအိနေပါတယ်။
ဆိုင်မှာလိုက်တော့ ကြွပ်ရွမှု မရှိပါဘူး။
ဒါပေမယ့် ယခင်လို ပုံမှန် ကြော်စားတာထက် ပိုကောင်းပါတယ်။
မိတ်ဆွေတို့လည်း ကြော်စားကြည့်နော်။