ဒီနေ့ ဥရောပ ရပ်ဝန်းကနေ ထွက်ခွာကြည့်ရအောင်။ ဥရောပလိဂ် ပြိုင်ပွဲတွေက ကျနော်တို့ စံတော်ချိန်နဲ့ဆို ညသန်းခေါင်တွေ များပါတယ်။ EPL က နည်းနည်းစောပေမဲ့ Spain La Liga ပွဲစဉ်အများစုကတော့ အချိန် အင်မတန် နောက်ကျပါတယ်။ ခု ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကျင်းပတဲ့ အမေရိကမှာ ဆိုရင် ပွဲချိန်တွေက မနက် ဝေလီဝေလင်းတွေ ချည်းပဲ။
မနက် ဆွမ်းလောင်းဖို့ အိပ်ရာထပြီး ကြည့်လိုက်ရင် MLS ပွဲတွေ ရှိနေတတ်တယ်။ ဇုန်တွေ ခွဲပြီး ကျင်းပတဲ့ ပုံစံကို ခုထိတော့ နားမလည်သေးပါဘူး။ ဒါပေမဲ့ MLS နဲ့တော့ သိပ်မစိမ်းပါဘူး။ David Beckham LA Galaxy အသင်းကို ပြောင်းရွှေ့ ကစားခြင်းကနေ MLS အသင်းတွေအကြောင်း အနည်းငယ် စတင် သိရှိခွင့် ရခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း နာမည်ကျော်တွေ အသင်း ပြောင်းရွှေ့ ကစားတာမျိုးတွေ ပုံမှန် ရှိလာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မဟုတ်ဘဲ အနားယူခါနီး အချိန် အေးအေးလူလူ ဘောလုံးကစားဖို့ လာရောက်ကြတဲ့ ပုံစံမျိုးပါ။ အင်းလေ ဘယ်ကစားသမားကကော မိမိရဲ့ အကောင်းဆုံးအချိန်ကို ဒီလိဂ်မှာ လာကုန်ဆုံးပစ်မှာလဲ။ ပိုကောင်း၊ ပိုစိန်ခေါ်မှု ပြင်းထန်တဲ့ လိဂ်တွေမှာ ဖြတ်သန်းမပေါ့။
နောက်ပိုင်းနှစ်တွေမှာ Messi ကြောင့် Inter Miami အသင်းကို လူတွေ ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ကနဦး ကတည်းက အသင်းက နာမည် ကြီးပါတယ်။ အသင်းပိုင်ရှင် David Beckham ကြောင့်ပေါ့။ Beckham က US မှာ အသင်း တည်ထောင်ပြီး Messi ကို အရခေါ်ဆောင်ပေးခဲ့ပါတယ်။ Prime Messi မဟုတ်တော့ပေမဲ့လည်း တအားလျော့ကျသွားတာမျိုး မဟုတ်ပါဘူး။ ၂၀၂၃ ကနေ လက်ရှိချိန်ထိ Inter Miami မှာ ဖြတ်သန်းနေတဲ့ Messi ဘယ်လို အခြေအနေမှာ ရှိလဲ သိချင်ရင် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကြည့်လိုက်ပါလို့ ပြောပါရစေ။
၃၉ နှစ်အရွယ် ကစားသမားတဦးမှ ဟုတ်ပါလေစဟု ထင်မှတ်မှားရလောက်အောင် Messi ဟာ Argentina အသင်းကို ထမ်းတင်ပေးခဲ့ပါတယ်။ Inter Miami မှာလည်း ရာသီတိုင်း ခြေစွမ်းပြ ဂိုးတွေ သွင်းထားခဲ့ပါတယ်။ အသင်း ပိုင်ရှင် Beckham အနေနဲ့ Messi အပြင် Messi နဲ့ ရင်းနှီးတဲ့ ကစားဖော် ကစားဖက်ဟောင်းတွေကိုပါ Inter Miami အသင်းထံ ရောက်အောင် ခေါ်ဆောင်ပေးထားခဲ့ပါသေးတယ်။ Luis Suarez, De Paul အစ ရှိသဖြင့်ပေါ့။ ခုလည်း United ကစားသမားဟောင်း Casemiro ကို ခေါ်ယူလိုက်ပြန်ပါပြီ။
လက်ရှိ MLS မှာ ပွဲစဉ် ၁၆ ပွဲထိ ကစားထားပြီး ဖြစ်ပါတယ်။ ယခု ခေါ်ယူမှုက Inter Miami အသင်းရဲ့ ကွင်းလယ်ကို ပိုမိုပြီး တောင့်တင်း ကောင်းမွန်သွားစေမှာ အသေအချာပါပဲ။ ၃၄ နှစ်ဆိုပေမဲ့ MLS မှာ ဆိုရင် Casemiro အနေအထားနဲ့ ကောင်းကောင်း ခြေစွမ်းပြလို့ရနေပါသေးတယ်။ ကံကောင်းပါစေ United ရဲ့ Tank ကြီးရေ။
(photos from Inter Miami Facebook page)